အနည်းဆုံးလိုအပ်ဝင်ငွေ အလုပ် သမားတွေ ဝန်ကြီးထံတင်ပြ
2015.02.19

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ သပိတ်မှောက်နေ တဲ့ အလုပ်သမားတွေက မျက်မှောက်ကာလ ကုန်ဈေးနှုန်းတွေအရ၊ လူတစ်ယောက်အတွက် တစ်လကို၊ အနည်းဆုံး ကျပ်ငွေ ၁ သိန်း ၃ သောင်းခန့် ဝင်ငွေရမှ ရှင်သန်ရပ်တည်နိုင်မယ်လို့ တွက်ချက်ပြထား တဲ့ အစီရင်စာတစ်စောင်ကို အလုပ်သမားဝန်ကြီးထံ မနေ့က တင်ပြလိုက်ပါတယ်။
ဒီပမာဏဟာ အလုပ်သမားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ငွေဖြစ်ပြီး၊ ဒီထဲမှာ ကျန်းမာရေးစရိတ်နဲ့ အခြားမိသားစုရေးအတွက် မပါသေးဘူးလို့ အလုပ် သမားစုပေါင်းသပိတ်ကော်မတီဝင် ကိုသူဇော်က RFA ကိုပြောပါတယ်။
"အလုပ်သမားဝန်ကြီးဆီကို ဒီနေ့မှာ အစီရင်ခံစာတစ်စောင် ပို့ပေးလိုက်ပါတယ်၊ အစီရင်ခံစာထဲမှာ ပျမ်းမျှတင်ပေးလိုက်တာက ကျနော်တို့ နေထိုင်စရိတ်က ၂ သောင်းပေါ့နော်၊ စားသောက်စရိတ်က ၅ သောင်းလောက်ကျတယ်၊ လမ်းစရိတ်တွေရှိတယ်၊ အားလုံးပေါင်းတစ်လကို ၁ သိန်း ၃ သောင်းလောက် အလုပ်သမားတွေ ပျမ်းမျှဝင်ငွေထည့်ပေးလိုက်တယ်၊ အဝတ်အစားစရိတ်၊ ကျန်းမာရေးစရိတ်တွေ ထည့်မတွက်သေးဘူး"
E-Lan Myanmar, Costec, Ford Glory နဲ့ ဟန်ကျင်းအထည်ချုပ်စက်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေက အခြေခံလစာကိုကျပ် ၃ သောင်း တိုးမြှင့်ပေးဖို့ သပိတ်မှောက် တောင်းဆိုနေကြတာဖြစ်ပါတယ်။
အလုပ်သမားတယောက်အတွက် လက်ရှိအနိမ့်ဆုံးလစာအဖြစ် ၄ သောင်းဝန်းကျင်သာရနေပြီး၊ အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်၊ ပျက်ရက်မရှိလုပ်ခနဲ့ အခြားချီးမြှင့်ငွေတွေအားလုံးပေါင်းမှ အဲဒီအလုပ်သမားဟာ ကျပ်ငွေ ၈ သောင်းနဲ့ ၉ သောင်းဝန်းကျင်လောက်သာရရှိကြောင်းနဲ့ နေ့ရောညပါ အလုပ်လုပ်နေကြရပေမဲ့ လုံလောက်ခြင်းမရှိလို့ အခုလို သပိတ်မှောက်တောင်းဆိုနေကြတာဖြစ်ကြောင်းလည်း အလုပ်သမားတွေကပြောပါတယ်။
ဒီသပိတ်တွေကနေ မငြိမ်သက်မှုတွေဖြစ်လာရင် အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့တဲ့ရက်က ကြေညာထားပြီး အလုပ်သမားတွေကလည်း သူတို့တောင်းဆိုထားတဲ့အတိုင်း အလုပ်ရှင်ဘက်က အခြေခံလစာကို နောက်ထပ်ကျပ် ၃ သောင်း တိုးမပေးဘူးဆိုရင် သပိတ်မလှန်ဘူးလို့ ပြောနေကြပါတယ်။
အခြေခံလုပ်ခလစာ ၃ သောင်းတိုးပေးဖို့ သပိတ်မှောက်တောင်းဆိုနေတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံက အလုပ်သမားတွေအရေးနဲ့ ပတ်သက်လို့ စုပေါင်းသပိတ်ကော်မတီဝင် RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။