ရိုက်တာ သတင်းထောက် ၂ ဦး ကိစ္စ ကျိုးကြောင်းညီညွတ်မှုမရှိ - RSF
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ထဲက ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်မတင်ခင် လွှတ်ပေးဖို့ လျှောက်ထားချက်ကို ကျိုးကြောင်းညီညွတ်မှုမရှိဘဲ ပယ်ချလိုက်တဲ့အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ဖိအားပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
-
2018-04-12 -
-
-
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ထဲက ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်မတင်ခင် လွှတ်ပေးဖို့ လျှောက်ထားချက်ကို ကျိုးကြောင်း ညီညွတ်မှုမရှိဘဲ ပယ်ချလိုက်တဲ့အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ဖိအားပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ရခိုင်ပြည်နယ်၊ အင်းဒင်ရွာက ရွာသားတွေ အသတ်ခံရတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဖော်ထုတ် သတင်းရေးသားခဲ့တဲ့အတွက် နိုင်ငံတော် လျို့ဝှက်ဥပဒေနဲ့ တရားစွဲဆို ခံနေရတာဖြစ်ပါတယ်။
သတင်းထောက်တွေကို ရုံးမထုတ်ခင်တရက်မှာ အင်းဒင်ရွာသားတွေ သတ်ခဲ့တဲ့ တပ်မတော်အရာရှိနဲ့ စစ်သည် ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတပ်မတော်အရာရှိနဲ့ စစ်သည်တွေကို လူသတ်မှုနဲ့ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်တာနဲ့ တရားရုံးက သတင်းထောက်နှစ်ယောက်အမှုကို စွဲချက်မတင်ဖို့ လျှောက်ထားတာကို ပလပ်လိုက်တာ ဘယ်လိုမှကျိုးကြောင်း ညီညွတ်မှုမရှိပါဘူး။ အဲဒီလူသတ်မှုအကြောင်း သတင်းရေးသားတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့အမှုကိုတော့ ထောင်ဒဏ် ၁၄ နှစ်ကျခံရနိုင်တဲ့စွဲချက်နဲ့ အဲဒီစစ်အရာရှိကြီးတွေကိုယ်တိုင်က စွဲဆိုခဲ့ပါတယ်လို့ RSF ရဲ့ အာရှ၊ ပစိဖိတ်ဆိုင်ရာအရာရှိ ဒန်နီရယ် ဘက်စ်တာ့ဒ် Daniel Bastard က မေးခွန်းထုတ်ခဲ့ပါတယ်။
ပြင်ဆင်တည်ဆောက်ထားတဲ့ သက်သေပစ္စည်းတွေ၊ အမျိုးအမျိုးပြောင်းလဲနေတဲ့ ထွက်ဆိုချက်တွေနဲ့ ဒီအမှုကို လုံခြုံရေးဌာနက ချယ်လှယ်နေတာပါပဲ။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရဟာ နိုင်ငံတကာရဲ့ ယုံကြည်မှုကိုပြန်ရလိုတယ်ဆိုရင် ဒီသတင်းထောက် နှစ်ယောက်ကို လွှတ်ပေးခြင်းအားဖြင့် အစိုးရရဲ့ သတင်းလွတ်လပ်ခွင့်အပေါ်ရှိတဲ့ ကတိကဝတ်သဘောထားကိုပြရမှာ ဖြစ်ပါတယ်လို့ ဒန်နီရယ် ဘက်စ်တာ့ဒ် Daniel Bastard က ဆက်ပြောပါတယ်။