ဝန်ကြီးချုပ်ရာထူး မရည်ရွယ်ဘူးလို့ ဦးမောင်မောင်အုန်း ပြောကြား
ရခိုင်ပြည်နယ်အစိုးရသစ် လက်ထက် မှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံ ရမယ်လို့ သတင်းတွေထွက်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ သူ့အနေနဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့ ရည်ရွယ်ထားခြင်းမရှိဘူး လို့ ပြောပါတယ်။
-
2016-02-09 -
-
-
ရခိုင်ပြည်နယ်အစိုးရသစ် လက်ထက်မှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမယ်လို့ သတင်းတွေထွက်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ သူ့အနေနဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အကျိုးကလွဲလို့ တခြားစဉ်းစားထားတာ မရှိကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း က ပြောပါတယ်။
"ကျနော်ကတော့ ရခိုင်ပြည်နယ်ကြီးကောင်းဖို့ပဲ စဉ်းစားတယ်၊ ကျနော်ဘာဖြစ်ဖို့တွေ၊ ညာဖြစ်ဖို့တွေ မစဉ်းစားပါဘူး၊ ကျနော်အတတ်နိုင်ဆုံးတော့ သင့်တော်တဲ့ တာဝန်တွေကို ထမ်းဆောင်ချင်တယ်၊ ခပ်မြင့်မြင့်ပြောရရင် နိုင်ငံတော်အတွက်၊ ပြည်သူအတွက်၊ သာမန်ပြောရရင် ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ် အတွက်ကို လုပ်ပေးနိုင်တာတွေလုပ်ပေးဖို့ ဒီလောက်ပဲ ကျနော်ရည်ရွယ်ချက်ရှိပါတယ်၊ ကျနော်အနေနဲ့ တခြားရည်ရွယ်ချက်တွေ မရှိကြောင်း ကျနော်အတိ အလင်းပြောကြားပါတယ်"
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမ်းမြို့နယ်မဲဆန္ဒနယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး အနိုင်ရရှိ ထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပု (သို့မဟုတ်) ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဦးမောင်မောင်အုန်းတို့ ရွေးချယ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဦးမောင်မောင်အုန်းဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရတာဖြစ် ပြီး အရင်က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။