အပြောင်းအလဲကို လူထုလိုလားနေကြောင်း ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းပြော
2015.11.11

ရွေးကောက်ပွဲရလဒ်တွေကို ကြည့်မယ်ဆိုရင် ပြည်သူလူထုက အပြောင်းအလဲကို လိုလားနေတယ်လို့ ခံယူထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင် ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက RFA နဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ လက်ရှိရွေးကောက်ပွဲ ရလဒ်တွေအပေါ် သဘောထားကို ပြောကြားခဲ့တာဖြစ်ပါတယ်။
"ပြည်သူတွေရဲ့ဆန္ဒ၊ ဒါတွေက အဓိကကျမယ်ထင်ပါတယ်လေ၊ ပါတီရဲ့အမြင်နဲ့ ယနေ့ ပြည်သူရဲ့ဆန္ဒနဲ့ လိုအပ် ချက်တွေကများတဲ့အခါမှာ အပြောင်းအလဲ သဘောမျိုးပေါ့၊ လူထုရဲ့လိုအပ်ချက်တွေက အပြောင်းအလဲကိုလိုလားတဲ့ သဘောမျိုးလို့ပဲ ကျနော်တော့ ခံယူပါတယ်"
ရခိုင်ပြည်နယ်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသား လွှတ်တော် ၁ ဦးနဲ့ ပြည်နယ်လွှတ်တော်မှာ ၃ ဦး စုစုပေါင်း ၅ ဦး အနိုင်ရရှိ ထားတယ်လို့လည်း ဦးမောင်မောင်အုန်းက ပြောပါတယ်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးသိန်းဆွေ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) မှာ ဦးမောင်မောင်အုန်း၊ အမျိုးသား လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ဒေါ်ထုမေ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ရခိုင်အမျိုးသားပါတီက ဦးခင်မောင်ဌေးတို့ အနိုင်ရရှိထားပါတယ်။
အမ်းမြို့နယ်မှာ ကြိုတင်မဲရလဒ်တွေနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က ကန့်ကွက်ထားပေမယ့် မဲရလဒ်တွေကို ပုံစံ ၁၉ နဲ့ အတည်ပြု ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဦးမောင်မောင်အုန်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။