ခံစားချက်တွေကို ရှေ့တန်း မတင်ကြဖို့ ရခိုင်ဝန်ကြီးချုပ်သစ် တိုက်တွန်း


2014.07.04
maungmaungohn-meet-rakhine-305 ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တွေ့ ဆုံစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတကာ လူမှုအဖွဲ့ အစည်းတွေအပေါ်မှာထားတဲ့ ခံစားချက်တွေကိုရှေ့ တန်းမတင်ကြဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ စစ်တွေမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ဒီနေ့တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက  တိုက်တွန်းလိုက် တာ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ဟာတွေလည်း ပြီးခဲ့ပါပြီ၊ သို့သော်လည်း အနာဂါတ်မှာ ခြေလှမ်းလှမ်းဖို့ဆိုရင်တော့ အကျိုးပြုမယ့် အပြုသဘောကို သွားမှသာလျှင် ကျနော်တို့ ခြေလှမ်းက ရွှေ့တော့မယ်၊ ဒါလေး ကျနော်မေတ္တာရပ်ခံချင်တဲ့အတွက် ဒီနေ့ အနာဂါတ်ကို ဆောင်ရွက်တဲ့အခါမှာ ခံစားမှုတွေကို ရင်မှာထားပြီးတော့ အပြင်မှာကျရင်တော့ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ နောက်လာမယ့် ဆွေစဉ်မျိုးဆက် ဒါတွေအတွက်ကို ကျနော်တို့ တိုင်းရင်းသားများအားလုံးက ပူးပေါင်းဆောင်ရွက်ပေးပါလို့ ကျနော်အလေးအနေက် မေတ္တာရပ်ခံလိုပါတယ်"

ပြီးခဲ့တဲ့နှစ် မတ်လကုန်လောက်က စစ်တွေမြို့မှာရှိတဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ ဖျက်ဆီးတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလိုမျိုး နောက်ထပ်မဖြစ်ပွားအောင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို မျှမျှတတဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းလည်း ဦးမောင်မောင်အုန်းက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး နယ်စပ်လုံခြုံရေးအတွက် ပြည်နယ်အစိုးရက တိုက်ရိုက်စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ စစ်တွေမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကလည်း သူတို့ရဲ့သဘောထားတွေကို တင်ပြခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။