UNFC နဲ့ ငြိမ်းချမ်းရေးကော်မရှင် ထပ်မံဆွေးနွေးမယ်
NCA လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် တို့ ရန်ကုန်မြို့ NRPC မှာ ဒီနေ့ ဒုတိယမြောက်နေ့ တွေ့ဆုံခဲ့ပါတယ်။
-
2016-11-10 -
-
-
NCA လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် တို့ ရန်ကုန်မြို့ NRPC မှာ ဒီနေ့ ဒုတိယမြောက်နေ့ တွေ့ဆုံခဲ့ပါတယ်။
UNFC အဖွဲ့က တောင်းဆိုထားတဲ့ အချက် ၈ ချက်ကိုဆွေးနွေးကြတာဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် ထပ်မံ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။
UNFC အဖွဲ့က တောင်းဆိုထားတဲ့အချက် ၈ချက်ထဲမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ သဘောတူပြီးနောက်ပိုင်း ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ကို အစိုးရနဲ့ တပ်မတော်က ထုတ်ပြန်ဖို့နဲ့ UNFC အဖွဲ့ဝင်တွေက ၄၈ နာရီအတွင်း အပစ်ရပ်ကြောင်း ကြေညာဖို့၊ ၂၁ ပင်လုံက သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ စတဲ့ အချက်တွေ ပါရှိပါတယ်။
UNFC အဖွဲ့က တင်ပြထားတဲ့ အချက် ၈ ချက်ထဲမှာ အချက် သုံးခုဟာ တပ်နေရာ ချထားရေးကို ကြိုတင်သဘော တူညီချက်ယူဖို့၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်နဲ့ ပတ်သက်တာတွေနဲ့ စောင့်ကြည့်ရေးကော်မတီ ဖွဲ့မယ့်ကိစ္စတွေ ပါဝင်နေပါတယ်။
အဲဒါတွေကတော့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီမှာ အများက ယုံကြည်လေးစားရတဲ့ သူတွေ အပါအဝင် နှစ်ဖက်သဘောတူတဲ့ နိုင်ငံတကာက အစိုးရ ကိုယ်စားလှယ်တွေပါဝင်ဖို့၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA ပါ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး မပြေလည်မှုတွေရှိ လာရင် ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေပညာရှင်တွေ၊ တရားသူကြီတွေ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။
အဲဒီ အချက် ၈ ချက်ကို သဘောတူရင် NCA စာချုပ်ကို လက်မှတ်ထိုးမယ်လို့ UNFC အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ပြောပါတယ်။
ဒီတပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုတော့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U နဲ့ DPN အဖွဲ့တို့ လာမယ့် နိုဝင်ဘာလအတွင်း ထပ်မံဆွေးနွေးရမှာဖြစ် တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ဦးလှမောင်ရွှေက ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို UNFC အဖွဲ့ဝင် ကချင်လွတ်မြောက်ရေးအဖွဲ့KIO ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်လည်း တက်ရောက်ခဲ့ပါတယ်။