လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း UN OCHA ထုတ်ပြန်
လူသားချင်းစာနာမှုအကူအညီပေးရေး အသိုက်အဝန်းဟာ အမေရိကန်ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ် အကူအညီပေးရေးအစီအစဉ်ကို စတင်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက လူဦးရေ လေးသန်းခွဲကို ဦးစားပေး ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
-
RFA Burmese
2023-02-02 -
-
-
စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ အရေးပေါ်အကူအညီ လိုအပ်မှု မြင့်တက်နေပြီး အကူအညီပေးနိုင်တဲ့ ဝန်းကျင်အနေအထားကလည်း ဆိုးရွား နေဆဲပဲလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အရေးပေါ်အကူအညီ လိုအပ်သူ ၁၇ ဒသမ ၆ သန်းရှိနေပြီး ဒါဟာ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုအကူအညီပေးရေး အသိုက်အဝန်းဟာ အမေရိကန်ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ် အကူအညီပေးရေးအစီအစဉ်ကို စတင်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက လူဦးရေ လေးသန်းခွဲကို ဦးစားပေး ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲ၊ တင်းကျပ်တဲ့ လုံခြုံရေး အခြေအနေ၊ အကူအညီပေးရေးအခြေအနေတွေအပေါ် ကန့်သတ်ထိန်းချုပ်မှုနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်သားတွေကို ခြိမ်းခြောက်မှုတွေက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆက်ဖြစ်နေပြီး လူ့အသက်တွေကို ထိခိုက်စေတယ်၊ လူသားချင်းစာနာမှု အကူအညီပေး ရေးလုပ်ငန်းတွေကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်စေ တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၅ သန်းအထိ မြင့်တက်လာကြောင်းလည်း ဒီနေ့ထုတ်ပြန်တဲ့ (UN OCHA) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။