လူသားချင်းစာနာမှု အကူအညီအပေါ် တားဆီးထားခြင်းမရှိကြောင်း စစ်ကောင်စီပြော
2024.10.09

ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုတွေကို ပိတ်ဆို့တားဆီးတာ မရှိဘဲ လုံခြုံရေးပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတဲ့အကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူး အပါအဝင် ကုလသမဂ္ဂအေဂျင်စီဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က ပြောခဲ့တာပါ။
လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေထံ ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးနိုင်ရေးကို အလေးထားပြီး သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။
လက်တွေ့မှာတော့ စစ်ကောင်စီက ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တားမြစ်ကန့်သတ်တာတွေ ရှိနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက် နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်ကြီးဘက်ကိုဆို လုံးဝသွားလို့မရဘူးပေါ့။ စစ်တပ်ဂိတ်တွေက ပေးမဖြတ်တာ။ ရိက္ခာအခြောက်အခြမ်းတွေကို ပေးမသယ်တာ။ အဲဒီဘက်က ရေဘေးဒုက္ခသည်တွေက ဆက်သွယ်တယ်။ သောက်ရေနဲ့ စားစရာတွေ ခက်ခဲနေတယ်။ ကူညီပေးပါလို့ ပြောကြတယ်။ စစ်တပ်က ပေးမသယ်ဘူး”
ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU) နဲ့ PDF တွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်ဆိုတဲ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စားနပ်ရိက္ခာတွေကို သယ်ခွင့်မပြုတာလို့ သူက ပြောပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နဲ့ ကယားပြည်နယ်က ရေဘေးဒုက္ခသည် တစ်သိန်းနီးပါးအတွက် သွားရောက်ကူညီတဲ့သူတွေကို အကြောင်းအမျိုးမျိုးနဲ့ တားမြစ်ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးမယ်ဆိုရင် စစ်ကောင်စီရဲ့ တားဆီးမှုတွေ ရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ KNU က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။