မြန်မာနိုင်ငံလူဦးရေ သုံးပုံတစ်ပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေ

RFA Burmese
2023.12.19
မြန်မာနိုင်ငံလူဦးရေ သုံးပုံတစ်ပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေ မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Pauk Newsletter page

မြန်မာနိုင်ငံလူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျားရစ်က ပြောကြားကြောင်း ASIA-PACIFIC (AA) သတင်းမှာ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ဖော်ပြပါတယ်

လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် တစ်သန်းတိုးလာပြီး စစ်တပ်အာဏာမသိမ်းခင်ကထက် ၁၉ ဆနီးပါးရှိလာတယ်လို့လည်း ဆိုပါတယ်။

အဲဒီလူတွေထဲက ခြောက်သန်းဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ ပညာရေးကဏ္ဍတွေကို ထိခိုက်စေတဲ့အပြင် စားနပ်ရိက္ခာ မလုံလောက်မှု၊ အာဟာရချို့တဲ့မှုနဲ့ မလုံခြုံမှုတွေ ကြုံတွေ့နေရတယ်လို့ ဒူဂျားရစ်က ပြောပါတယ်။

အခုလိုဘေးမျိုး ကြုံတွေ့နေရသူတွေထဲမှာ ကလေး၊ အမျိုးသမီး၊ မသန်စွမ်းသူတွေနဲ့ ရိုဟင်ဂျာလူမျိုးစုတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခြောက်သိန်း ရှိလာပြီလို့ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကလူဦးရေ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်ရေးအကူအညီတွေပေးဖို့ စီစဉ်ထားပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်တယ်လို့လည်း UNOCHA ရဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေအဆိုပြုလွှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။