ကူညီရေး လုပ်ငန်းတွေအတွက် ဘဏ္ဍာရေး ပိတ်ဆို့မှုတချို့ အမေရိကန် လျှော့ပေါ့

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေအနက် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကို အင်္ဂါနေ့က လျှော့ချပေးလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၇ ရက်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner သတင်းထုတ်ပြန် ရှင်းလင်းနေစဉ်။ Photo courtesy of State Department

ဧပြီလ (၄) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့အညီ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အခုလို လျှော့ချပေးတာ ဖြစ်ပါတယ်။

အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့တဲ့အပေါ် အမေရိကန်အနေနဲ့ ပြန်လည် တုံ့ပြန်မယ်လို့ကြေညာခဲ့တာပါ။

အခုလို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ လျှော့ချပေးလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံသားတွေရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေ၊ ဒီမိုကရေစီ မြင့်တင်ရေးဆိုင်ရာ လုပ်ငန်းတွေဟာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေကနေ လွတ်ကင်းသွားပြီ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က - အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ကုသိုလ်ဖြစ် လူမှုရေးလုပ်ငန်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေကို လျှော့ချပေးလိုက်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ကျန်းမာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ကောင်းမွန်တဲ့ အစိုးရဖြစ်ရေးလုပ်ငန်း စတာတွေ ပါဝင်ပါတယ်လို့ပြောဆိုပါတယ်။

ကန့်သတ်မှုတချို့ ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန် ဘာသာရေးမစ်ရှင်တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ ငွေကြေးသုံးစွဲနိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီရေးကို ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေ အတွက်ကတော့ ဒီလျှော့ချမှုတွေဟာ အကျုံးမဝင်ဘူးလို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org