မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်လေးနှစ် ထပ်ချခံရ

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးကနေ အောက်တိုဘာ ၂၀ ရက် ဒီနေ့ရုံးချိန်းမှာ ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် လေးနှစ်ထပ်မံချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ၂၀၂၁ ခုနှစ် မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးကနေ အောက်တိုဘာ ၂၀ ရက် ဒီနေ့ရုံးချိန်းမှာ ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် လေးနှစ်ထပ်မံ ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင် နှစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ - ၂၅ နဲ့ ထောင် နှစ်နှစ် ထပ်မံချမှတ်ခံရတာဖြစ်ပြီး ယခင်ကချမှတ်ထားတဲ့ ထောင် ဒဏ်တွေနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ထိရှိလာပြီလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့တရားရုံးကနေ ပုဒ်မ နှစ်ခုနဲ့ ထောင်လေးနှစ်ထပ်ချခံရတာ ဟုတ်ပါတယ်။ အရင်အမှုတွေတုန်းက ၁၀ နှစ်ချထားတာရှိတယ်။ လောလောဆယ်ထိတော့ စုစုပေါင်း ၁၄ နှစ်တော့ရှိပြီ။ အခုချိန်ထိ မပြီးပြတ်သေးတဲ့ အမှုတွေလည်းရှိတယ်။ နိုင်ငံတော် ပုန်ကန်မှုလိုဟာမျိုးတွေနဲ့ စွဲထားတာတွေလည်းရှိသေးတယ်”

ဒီနေ့အမိန့်ချမှတ်ခံရတဲ့ ကိုဝေမိုးနိုင် ကျန်းမာရေးကောင်းမွန်နေတယ်လို့ သူက ဆိုပါတယ်။

မုံရွာက ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က အရပ်ဝတ်နဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေက ကိုဝေမိုးနိုင် စီးလာတဲ့ဆိုင်ကယ်ကို အိမ်စီးကား နဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကြောရေးမှာ အချိန်အတော်အကြာ စစ်ဆေးခံရပြီးနောက် မုံရွာအကျဉ်း ထောင်မှာ ချုပ်နှောင်ခံထားရတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၉ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂,၇၀၀ ဦးရှိပြီး အဲဒီအထဲက ၁,၅၈၂ ဦးကတော့ ထောင်ဒဏ်ချမှတ် ခံထားရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org