မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်အနှစ် ၂၀ ထပ်ချခံရ၊ စုစုပေါင်း ထောင် ၇၄ နှစ်ရှိလာ
2024.05.10

စစ်ကိုင်းတိုင်း မုံရွာအကျဥ်းထောင်မှာ ထောင် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၁၀ ရက် ဒီနေ့မှာ မုံရွာ ထောင်တွင်းတရားရုံးကနေ နောက်ထပ် ထောင်အနှစ် ၂၀ ထပ်မံချမှတ်လိုက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
မုံရွာမြို့မှာ ရဲနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင်အပါအဝင် ကိုကျော်စွာဝင်း (ခေါ်) ကိုတရုတ်ကြီး၊ ကိုသန်းနိုင်မင်း၊ ကိုကျော်ဆွေဝင်း၊ ကိုရဲမင်းသူနဲ့ ကိုကျော်နိုင်ထွန်းတို့ ခြောက်ဦးကို ထောင်အနှစ် ၂၀ စီ ထပ်မံချမှတ်လိုက်တာလို့ ဆိုပါတယ်။
သူတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ - ၃၀၂ (လူသတ်မှု)နဲ့ ထောင်အနှစ် ၂၀၊ ပုဒ်မ - ၃၆၄ (လူသတ်ဖို့ရည်ရွယ်ပြီး လူကို သွေးဆောင်ခေါ်ယူမှု)နဲ့ ထောင် အနှစ် ၂၀၊ ပုဒ်မ - ၅၀၅(က) (တပ်ကို အကြည်ညိုပျက်အောင်လုပ်မှု)နဲ့ ထောင် ၂ နှစ်၊ အဲဒီပုဒ်မ သုံးခုလုံးအတွက် ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချတာဖြစ်လို့ ထောင်ဒဏ်နှစ် ၂၀ ကျခံရမှာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က RFA ကို ပြောပါတယ်။
“မုံရွာခရိုင် ထောင်တွင်းတရားရုံးကနေ ဒီကနေ့ အမိန့်ချလိုက်တာပါ။ ချတဲ့အမှုကကျတော့ စက်မှုဇုန်ထဲ ရဲနှစ်ယောက်သတ်ခံရတဲ့အမှုမှာ ကိုဝေမိုးနိုင် ဦးဆောင်ပါဝင်တယ်ဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ အမိန့်ချတာဖြစ်တယ်။ သူတို့ ခြောက်ဦးက နှစ် ၂၀ စီ။ ကျန်တဲ့ အယောက် သုံးဆယ်ကတော့ ၂ နှစ် အမိန့်ချခံရတယ်”
ကိုဝေမိုးနိုင်နဲ့အတူ ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရသူ သုံးဆယ်ကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ -၃၄၂ (လူတစ်ယောက်ကို မတရားချုပ်နှောင်မှု)၊ ပုဒ်မ - ၁၄၉ (ဥပဒေနဲ့မညီဘဲ လူစုလူဝေးလုပ်မှု) တို့နဲ့ တစ်ပေါင်းတည်း ထောင် ၂ နှစ်ချမှတ်ခံရတာလို့ သူကပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေကို မတရားစွပ်စွဲ အမိန့်ချနေတဲ့အပေါ် ရှုတ်ချတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုပါတယ်။
ကိုဝေမိုးနိုင်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီး ထောင်ဝင်စာ ပို့ခွင့်လည်း ရှိနေတယ်လို့ ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ အရင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှုခြောက်မှုနဲ့ ထောင် ၁၂ နှစ်၊ သဘာဝဘေးပုဒ်မ - ၂၅ နဲ့ ထောင် ၂ နှစ်၊ ဓားပြမှု ပုဒ်မ - ၃၉၅၊ လူစုလူဝေးမှာပါဝင်ပြီး သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ - ၃၉၇ တို့နဲ့ ထောင်အနှစ် ၂၀၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ - ၁၂၂ နဲ့ ထောင်အနှစ် ၂၀ ထပ်ချပြီး စုစုပေါင်း ၅၄ နှစ် ချမှတ်ခံထားရတာပါ။ အခုနောက်ထပ် ထောင်ဒဏ် နှစ် ၂၀ နဲ့ပေါင်းရင် သူကျခံရမယ့် ထောင်ဒဏ် ၇၄ နှစ်အထိ ရှိလာတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို တက်ကြွစွာဦးဆောင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကို ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က ဆိုင်ကယ်နဲ့ စီတန်းလှည့်လည်နေချိန်မှာပဲ စစ်ကောင်စီက ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။