မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင် အနှစ် ၂၀ ထပ်ချခံရ၊ စုစုပေါင်း ၃၂ နှစ် ရှိလာ
2023.04.07

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဧပြီလ ၅ ရက်နေ့က မုံရွာထောင်တွင်းတရားရုံးကနေ ထောင် ၃၄ နှစ် တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်တာကြောင့် အများဆုံးဖြစ်တဲ့ ထောင်ဒဏ် နှစ် ၂၀ ကို ကျခံရဖို့ ရှိတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်က RFA ကို ပြောပါတယ်။
သူဟာ အရင်ကလည်း နိုင်ငံရေးပုဒ်မ၊ သဘာဝဘေးပုဒ်မတွေနဲ့ ထောင် ၁၂ နှစ် ချမှတ် ခံထားရတာမို့ အခု ဒုတိယအကြိမ်နဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ် ကျခံရဖို့ ရှိနေပါတယ်။
ဧပြီ ၅ ရက်နေ့က ဒုတိယအကြိမ် အမိန့်ချရာမှာ စုစုပေါင်း ထောင် ၃၄ နှစ်ကို တစ်ပေါင်းတည်းကျခံစေလို့ အမိန့်ချခဲ့တာကြောင့် အများဆုံး ထောင်ဒဏ် နှစ် ၂၀ ဖြစ်သွားတယ်လို့ ကိုဝေမိုးနိုင်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်က RFA ကို ဒီနေ့ ပြောပါတယ်။
"စုစုပေါင်း ထောင် နှစ် ၂၀ ကျသွားတယ်။ တစ်ကယ်တမ်း ပုဒ်မတွေအရဆိုရင် ၃၄ နှစ် ကျရမှာပေါ့။ တစ်ပေါင်းတည်း ကျခံစေရန်ဆိုတဲ့အတွက် အများဆုံး နှစ် ၂၀ ကို ယူရတာပေါ့။ ဧပြီလ ၅ ရက်နေ့က အမိန့်ချလိုက်တာပါ။ ကိုဝေမိုးနိုင်က ကျန်းမာရေး ကောင်းတယ်။ စိတ်ဓာတ်ကြံ့ခိုင်စွာ ဖြတ်သန်းနေတယ်။ အပြင်က ရဲဘော်တွေကိုလည်း တောင့်ခံထားကြဖို့ သတင်းစကား ပါးတာမျိုးလည်း ရှိပါတယ်"
ကိုဝေမိုးနိုင်ကို နိုင်ငံရေးပုဒ်မ-၅၀၅ (က) အတွက် ထောင် သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ - ၁၄၈ ရုန်းရင်းဆန်ခတ်မှုအတွက် သုံးနှစ်၊ ပုဒ်မ - ၃၉၅ ဓားပြမှုအတွက် ထောင် အနှစ် ၂၀၊ လူစုလူဝေးမှာ ပါဝင်ပြီး သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ - ၁၄၄/ ၃၉၇ အတွက် ထောင် ခုနစ်နှစ်၊ သာမန်နာကျင်စေမှု ပုဒ်မ - ၃၂၃ အတွက် ထောင် တစ်နှစ်၊ စုစုပေါင်း ၃၄ နှစ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချလိုက်တာကြောင့် အများဆုံးဖြစ်တဲ့ ထောင် နှစ် ၂၀ ကို ကျခံရမှာဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ကို အခုလို ထောင်မိန့်ချမှတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ပထမအကြိမ်တုန်းကလည်း စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ထားပါတယ်။
ပထမအကြိမ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတုန်းက ပုဒ်မ - ၅၀၅ (က) နိုင်ငံရေးအမှု ငါးမှုအတွက် ထောင် ဆယ်နှစ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်မှုအတွက် ထောင် နှစ်နှစ်၊ စုစုပေါင်း ၁၂ နှစ် ချမှတ်ထားတာပါ။
ဒါကြောင့် ပထမအကြိမ် ၁၂ နှစ်နဲ့ အခု ဒုတိယအကြိမ်မှာ အနှစ် ၂၀၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ကို ကိုဝေမိုးနိုင် ကျခံရဖို့ ရှိနေပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ နောက်ထပ် အမှု နှစ်ခုကိုလည်း ဆက်လက် ရင်ဆိုင်နေရပါတယ်။ အဲဒီအမှု နှစ်ခုကတော့ စက်မှုဇုန်တစ်ခုမှာ ရဲနှစ်ဦးကို သတ်ဖြတ်မှု ပုဒ်မ - ၃၀၂ နဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ - ၁၂၂ ဖြစ်တယ်လို့ သူ့ရဲ့ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ တည်ဆဲဥပဒေအရ အဲဒီ နှစ်မှုစလုံးဟာ ထောင် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို တက်ကြွစွာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ကိုဝေမိုးနိုင်နဲ့ ဆန္ဒပြကျောင်းသားတချို့ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည်ပြီးဆန္ဒပြစဉ် လုံခြုံရေးတပ်ဖွဲ့တွေက သူ့ကို ကားနဲ့တိုက်ပြီး ရိုက်နှက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မုံရွာအကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး ပုဒ်မမျိုးစုံတပ် တရားစွဲပြီး စစ်ဆေးအမိန့်ချနေတာ ဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသား သမဂ္ဂကို စတင်တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်ကတည်းက စာပေအနုပညာမှာ ဝါသနာပါသူဖြစ်ပြီး ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ အွန်လိုင်းမှာ ဝတ္ထုတိုနဲ့ ဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ်။ ၁၃ နှစ် အရွယ်ကတည်းက ပွင့်ချိန်တန်လျှင် ဝတ္ထုတိုကို ရေးသားခဲ့ပြီး ဖူးငုံဆယ်ကျော်သက်၊ ရုပ်ရှင်တေးကဗျာ၊ မဟေသီနဲ့ ရနံ့သစ် မဂ္ဂဇင်းတွေမှာ ဝတ္တုတိုနဲ့ ဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၆ ရက် စာရင်းအရ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၁၇,၃၇၅ ဦး အခုချိန်ထိ အကျဉ်းချ ခံထားရဆဲ ဖြစ်ပါတယ်။