ဝမ်ပေါင်ကုမ္ပဏီအနီးက ဒေသခံ ၆ဝဝ လောက် ညတွင်းချင်းထွက်ပြေးနေရ

စက်သေနတ်နဲ့ ၁ဝချက်လောက် ပစ်ခတ်နေတာကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာမှာ စိုးရိမ်ပြီး ညတွင်းချင်း ထွက်ပြေးနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် တုံရွာအုပ်စုမှ ဒေသခံများ ညတွင်းချင်းထွက်ပြေးနေစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဝင်းကနေ ဇန်နဝါရီ ၁ဝရက်နေ့ညမှာ တုံရွာဘက်ကို စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အနီးအနားက ရွာပေါင်း ခုနစ်ရွာက ဒေသခံ ၆ဝဝ လောက် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သေနတ်နဲ့ ၁ဝချက်လောက် ပစ်ခတ်နေတာကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာမှာ စိုးရိမ်ပြီး ညတွင်းချင်း ထွက်ပြေးနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“တုံရွာဘက်ကို စက်သေနတ်နဲ့ ၁ဝချက်လောက် ဆွဲလိုက်တာ။ တုံရွာနဲ့ ဝမ်ပေါင်ကုမ္ပဏီက ကတ္တရာလမ်းပဲ ခြားတယ်၊ ကပ်လျက်ပဲ။ ညတွင်းချင်း ဝမ်ပေါင်ကနေ ထွက်လာမှာစိုးလို့ ရှောင်ကြတာ၊ အရင်ကလည်း တုံရွာအုပ်စုထဲ စစ်ကြောင်းထိုးလာဖူးတယ်။”

တုံရွာမ၊ တုံရွာသစ်၊ အလယ်တော၊ ထန်းတောကြီး၊ လယ်တီ၊ တောကျောင်း၊ အလယ်ရွာ စတဲ့ ရွာပေါင်း ခုနစ်ရွာက ဒေသခံတွေ ထွက်ပြေးနေကြတာပါ။ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်ကို RFA က ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

၂ဝ၂၂ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ကြေးနီစီမံကိန်းရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီအနီးအနားက ရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက ဒေသခံ ခြောက်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

ဇန်နဝါရီ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးရွာသွား ကားလမ်းတလျှောက်က ရွာပေါင်း ၂ဝ ဝန်းကျင်က လူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ခြောက်သိန်းနှစ်သောင်းလေးထောင်ကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org