ဆားလင်းကြီး ဒေသခံတွေ နေအိမ်မှာပြန်နေဖို့ စစ်ကောင်စီ စည်းရုံး
2024.04.09

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ရွာကိုးရွာက ဒေသခံတစ်သောင်းခွဲကျော် ဘေးလွတ်ရာထွက်ပြေးနေရပြီး စစ်ကောင်စီတပ်က ရပ်ရွာတွေထဲမှာ ပြန်လည်နေထိုင်ကြဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ရွာတွေမှာ ပြန်လည်နေထိုင်ဖို့ စည်းရုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"၁၉ ရက်ရှိနေပြီ ၂၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတာ၊ ဘာကြောင့် စစ်ကြောင်းထိုးတာလည်းတော့မသိဘူး၊ ထူးခြားတာက လူမသတ်၊ လူမဖမ်း၊ မီးမရှို့၊ ရွာတွေကို စည်းရုံးရေးဆင်းသလို စစ်ကြောင်းထိုးနေတာလို့ ယူဆပါတယ်၊ ဖမ်းရင်လည်း ခနလေးဖမ်းပြီး ပြန်လွှတ်တယ်၊ ကိုယ့်အိမ်ကို ပြန်နေပါ၊ ဘာမှအန္တရာယ်မပြုပါဘူးဆိုပြီး အဲ့လိုမျိုးပြောပြီး ပြန်လွှတ်တယ်၊ စည်းရုံးတဲ့ အခြေအနေလို့ မြင်ပါတယ်၊ အရင်က လူတွေ့ရင် ဖမ်းတယ်၊ သတ်တယ်၊ ရွာတွေကို မီးရှို့တယ်၊ အခုကျတော့ စစ်ကြောင်းထိုးချိန်မှာ ဆန့်ကျင်ဘက် ဗျူဟာပြောင်းပြီးတော့ လုပ်နေတဲ့ အနေအထားဖြစ်ပါတယ်"
စစ်ကောင်စီဘက်က ရွာတွေထဲ ပြန်နေဖို့ စည်းရုံးနေပေမဲ့ လတ်တလော ဘိန်းနွယ်ချောင်၊ ပေကုန်း၊ ထန်းတောကြီးစတဲ့ ရွာကိုးရွာ လူတစ်သောင်းခွဲကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အဲဒီထဲက လူငါးရာလောက်ကတော့ နေ့ဘက်တွေမှာ သူတို့ပိုင် ယာမြေတွေမှာပြန်လည်အလုပ်လုပ်ပြီး ညဘက်မှာတော့ ပြန်လည်ရှောင်တိမ်းနေကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရတယ်ဆိုတာနဲ့ စစ်ကောင်စီဘက်က ဒေသခံတွေကို စည်းရုံးနေတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေကြောင့် မတ်လ ၁၉ ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂ ဒဿမ ၈ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။