သံရုံးတွေနဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေ တပ်မတော်နေ့ အခမ်းအနား တက်ရောက်မှာမဟုတ်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.03.25

မြန်မာ့စစ်တပ်ဟာ မကြာခင် ကျင်းပဖို့ ရှိတဲ့ တပ်မတော်နေ့ အခမ်းအနားကို နိုင်ငံတကာသံတမန်တွေ တက်ရောက်လာခဲ့ရင် အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ လက္ခဏာအဖြစ် ထုတ်ပြန်ကြေညာပြီး ဝါဒဖြန့်လိမ့်မယ်လို့ လေ့လာသူအချို့က သုံးသပ်ပြီး၊ အခုနှစ် အခမ်းအနားကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ နိုင်ငံခြားသံရုံးနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ အခုနှစ်တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်မှာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။

တော်လှန်ရေးနေ့လို့ အများက ခေါ်ကြတဲ့ တပ်မတော်နေ့ အခမ်းအနားကို စစ်ရေးပြ ချီတက်ပွဲတွေနဲ့ နေပြည်တော်မှာ ခမ်းခမ်းနားနား ကျင်းပလေ့ရှိပေမယ့်၊ ပြီးခဲ့တဲ့နှစ်က ၇၅ နှစ်မြောက် တပ်မတော်နေ့ စိန်ရတုအခမ်းအနားကို ကိုရိုနာရောဂါ ဖြစ်ပွားမှုတွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ အခုနှစ်မှာတော့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျင်းပသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ ကြေညာထားပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ ဆန့်ကျင် ဆန္ဒပြ မှုတွေနဲ့ စစ်တပ်နရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းတာတွေ ဆက်ဖြစ်နေပေမယ့် တပ်မတော်နေ့အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတာဟာ စစ်တပ်က အာဏာသိမ်းထားတာ အောင်မြင်ကြောင်း ပြသလိုတဲ့ သဘောဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်လေ့လာနေတဲ့ စစ်ရေးလေ့လာသုံးသပ်သူ အန်တိုနီ ဒေဗစ်ကတော့ မြန်မာစစ်တပ်ဟာ တပ်မတော်နေ့ အခမ်းအနားမှာ နိုင်ငံခြားသံတမန်တွေ တက်ရောက်တာကို အမြတ်ထုတ်ပြီး၊ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ လက္ခဏာအဖြစ် ထုတ်ပြန်ကြေညာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“တပ်မတော်က နိုင်ငံတကာက အမြင်တွေကို ဂရုစိုက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို အာဏာသိမ်းထားတာကို နိုင်ငံတကာက အသိအမှတ်ပြုတယ်လို့ ပြည်တွင်းက လူတွေ ထင်မြင်လာအောင် လုပ်လို့ရသမျှ အကုန်လုပ်ပါလိမ့်မယ်။ မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့ ချီတက်ပွဲမှာ နိုင်ငံခြား သံအမတ်တွေ တက်ရောက်လာရင်လည်း အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုကြောင်း ပြည်တွင်းက ပြည်သူတွေကို ပြသဖို့ အသုံးချပါလိမ့်မယ်။ အနောက်နိုင်ငံတွေက သံအမတ်တွေဟာ ဒီနှစ် တပ်မတော်နေ့ အခမ်းအနားကို မတက်ဘဲ သပိတ်မှောက်ကြပါလိမ့်မယ်”

အခုအချိန်မှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီစု မိုတေဂျီက လာမယ့်တပ်မတော်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံက သံတမန်တွေ တက်ရောက်မှာ မဟုတ်တဲ့အကြောင်း ပြောထားတာ ရှိပါတယ်။ ကျန်တဲ့ နိုင်ငံခြားသံရုံးတွေက တပ်မတော်နေ့အခမ်းအနားကို မတက်ရောက်ဘဲ သပိတ်မှောက်တဲ့အကြောင်း တရားဝင် ကြေညာထားတာ မရှိပေမယ့်၊ အနောက်နိုင်ငံသံရုံး တော်တော်များများကတော့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ ဆန္ဒပြပြည်သူတွေကို အင်အားသုံး နှိမ်နှင်းခဲ့တာတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒီနှစ် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်မှာ မဟုတ်တဲ့အကြောင်း RFA က စုံစမ်းသိရှိရပါတယ်။

“ကျွန်မတို့ရဲ့ အမေရိကန် စစ်သံမှုးအနေနဲ့ အခုနှစ်နေပြည်တော်မှာ ကျင်းပမယ့် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားစာ လက်ခံရရှိထားပါတယ်။ ဒါပေမယ့် အမေရိကန် သံရုံးအနေနဲ့ မတ်လ ၂၇ရက်နေ့မှာ ပြုလုပ်မယ့် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံဟာ စစ်တပ်က အာဏာသိမ်းတာကိုရော နောက်ပိုင်းငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာ မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းတာလို နောက်ဆက်တွဲ လုပ်ရပ်တွေအားလုံးကို ဆန့်ကျင် ရှုတ်ချတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်နေ့ အခမ်းအနားကို ကျွန်မတို့ တက်ရောက်မှာ မဟုတ်ပါဘူး။ အခြား နိုင်ငံတော်တော်များများက သံရုံးတွေကလည်း တက်ရောက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်က သမ္မတ ဂျိုးဘိုင်ဒင် ပြောခဲ့သလိုပဲ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ တွန်းအားပေးရာမှာ ပူးပေါင်းပါဝင်ကြဖို့ အခြားနိုင်ငံတွေကိုလည်း တိုက်တွန်းလိုပါတယ်။”

ဒါကတော့ အမေရိကန်သံရုံးက မီဒီယာတာဝန်ခံ Aryani Marning က ပြောသွားတာပါ။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံရဲ့ စစ်သံမှူးအဖြစ် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မစ္စတာ ဂျွန် ဘလက်စ်လန်ကတော့ RFA ကို အခုလို ပြောပါတယ်။

“ခုနှစ်မှာ သံရုံးတော်တော်များများက တပ်မတော်နေ့ အခမ်းအနားကို မတက်ဘဲ သပိတ်မှောက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နှစ်စဉ်ကျင်းပနေကျ တပ်မတော်နေ့ အခမ်းအနားဟာ မြန်မာ စစ်တပ်က သူတို့ အင်အားကြီးတာကို ကမ္ဘာကို ပြသဖို့ကျင်းပတာဖြစ်ပါတယ်။ နိုင်ငံတကာက သံအမတ်တွေ စစ်သံမှုးတွေကို မြင်ကွင်း အကောင်းဆုံး နေရာတွေ ပေးပြီး စစ်ရေးပြ ချီတက်တာတွေကို ကြည့်ရှုစေပါတယ်။ အခုနှစ်မှာ နိုင်ငံခြား သံတမန်တွေ မပါရင်ရင်တော့ အရင်နှစ်တွေနဲက သိသိသာသာ ကွာခြားနေပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ တရားဝင် ဖြစ်မှုကို ထိခိုက်မှာပါ။ တပ်မတော်နဲ့ စစ်ဦးစီးချုပ် မင်းအောင်လှိုင်အနေနဲ့ နိုင်ငံခြား သံတမန်တွေအပေါ်မှာ တင်းမာတဲ့သဘောထား ရှိနေပါတယ်။ သူတို့အတွက်ကတော့ နိုင်ငံတကာက အားပေးထောက်ခံမှု ရဖို့ထက် အာဏာကို ရယူထားဖို့က အဓိက ရည်မှန်းချက် ဖြစ်ပုံရပါတယ်"

သြစတြေးလျနိုင်ငံဟာ မြန်မာတပ်မတော်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း မတ်လ ၇ ရက် က ကြေညာခဲ့ပါတယ်။

အလားတူပဲ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ကလည်း မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်မှာ မဟုတ်တဲ့ အကြောင်း ပြောထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO က နာယက ဦးခွန်ဥက္ကာကတော့ အခုနှစ် တပ်မတော်နေ့အခမ်းအနားကို မတက်ရောက်ကြတာ နိုင်ငံရေးသဘောတရားမပါဝင်ဘဲ တက်ရောက်ဖို့ အဆင်မပြေလို့သာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီနှစ် တပ်မတော်နေ့အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က တက်ရောက်မလားဆိုတာနဲ့ ပတ်သက်လို့တော့ အဖွဲ့တွင်းမှာ ဆွေးနွေးပြောဆိုတာ မကြားရသေးဘူးလို့ပဲ လားရှိုးမြို့ UWSA ဆက်ဆံရေးရုံးက တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

အဖွဲ့က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နစ်ကီ ဒိုင်းမွန်းကတော့ အကြမ်းဖက်လုပ်ရပ်တွေ မြန်မာစစ်တပ်က ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်တဲ့ အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အလိုတူ အလိုပါ ဆိုတဲ့သဘော သက်ရောက်တဲ့အတွက် ဒီအခမ်းအနားကို မတက်ရောက်ဘဲ နေကြဖို့ တိုက်တွန်းပါတယ်။

မကြာခင် နေပြည်တော်မှာ ကျင်းပတော့မယ့် တပ်မတော်နေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နေကြတဲ့ အကြောင်း မတ်လ ၂၄ရက်က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ သူပေါင်း ၆၂၈ယောက်ကို အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ AAPP အဖွဲ့ရဲ့ စာရင်းအရတော့ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် လူအနည်းဆုံး ၂၈၆ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ၂၀၀၀လောက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။