မကွေးတိုင်းမှာ မေလအတွင်း ၁၁ ဦး သေဆုံး၊ ၃ဝ ကျော် အဖမ်းခံရ

2022.06.07
မကွေးတိုင်းမှာ မေလအတွင်း ၁၁ ဦး သေဆုံး၊ ၃ဝ ကျော် အဖမ်းခံရ မြိုင်မြို့နယ် လက်ယက်မရွာမှ မီးရှို့ခံထားရသည့် လူနေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ပြည်တွင်းသတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊ ဒေသခံတွေရဲ့ ပြောဆိုချက်ပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ လက်နက်ကိုင်ခုခံမှု အရှိန်မြင့်တက်လာတဲ့ မကွေးတိုင်းအထက်ပိုင်း မြိုင်၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလအတွင်း အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး ၃၁ ဦး အဖမ်းခံခဲ့ရပါတယ်။ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်ကြောင့် နေအိမ် ၂၁၄၅ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မေလ ၁၃ ရက်နေ့က မြိုင်မြို့နယ် လက်ယက်မရွာကို စစ်တပ်က ဝင်လာပြီး နောက် တစ်ရက် ပြန်ထွက်သွား ချိန်မှာ ရွာကို မီးရှို့သွားတဲ့အတွက် နေအိမ်အလုံးပေါင်း ၆၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ယက်မရွာဟာ အိမ်ခြေ နှစ်ထောင်နီးပါးရှိတဲ့ တိုက်နယ်အဆင့် ရွာကြီး ဖြစ်ပါတယ်။

အနှစ်နှစ်အလလ စုဆောင်းပြီး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ နေအိမ် မီးလောင် ပျက်စီးသွားတဲ့အတွက် လက်ယက်မရွာသူ မသင်ဇာလှိုင် စိတ်ထိခိုက်နေပါတယ်။

"မီးကတော့ သူတို့က ပြောရရင် တော်တော်ရှို့နိုင်ပါတယ်။ ကျမတို့ရွာ အိမ်ခြေ နှစ်ထောင်လောက် ရှိတဲ့ဟာကို။ အနှံ့အပြားကို ရှို့နိုင်ပါတယ်။ ကျမတို့ ဝင်လို့ရပြီ ဆိုတော့ တစ်ရွာလုံး ပတ်ကြည့်တော့ အကုန်လုံး တော်တော်များများလည်း လောင်တယ်။ တော်တော်ပျက်စီးပါတယ်။ အဲလိုမျိုးတွေ့တဲ့အချိန်မှာ ရင်ထဲမှာ ပြောမပြတတ်အောင်လည်း ခံစားရတယ်။ ပြောရရင် ပြည်သူဆိုတာ သိတဲ့အတိုင်းပဲလေ၊ လုပ်ကိုင်ပြီးတော့မှ အနှစ်နှစ်အလလ လုပ်ပြီးတော့မှ မရှိမဲ့ ရှိမဲ့ စုဆောင်းထားတဲ့ အိမ်လေးတွေ ပါသွားတယ်ဆိုတော့ကျ အားလုံး တော်တော်ခံစားရပါတယ်"

သူ့အိမ်ဟာ ကာလပေါက်စျေး ကျပ် သိန်း ၅၀ လောက် တန်ဖိုးရှိပြီး နေအိမ်နဲ့အတူ အဖိုးတန်ပစ္စည်းတွေလည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်ဝင်လာချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတဲ့ လက်ယက်မရွာသား ဦးသိန်းစိုး ကလည်း စစ်သားတွေ ပြန်ထွက်သွားလို့ ရွာကိုပြန်လာချိန် သူ့ရဲ့ အဖိုးတန်အိမ်ကို မီးလောင်ပြင်အဖြစ် မြင်လိုက်ရလို့ ဝမ်းနည်းနေပါတယ်။

"ကျနော်ဘာမှ ပြန်မရဘူး၊ ကျနော်ပြောရမယ်ဆို အိမ်သာထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်းလေးတွေ ထည့်ထားတာကအစ အိမ်သာသော့ကို လှပ်ပြီး မီးရှို့သွားတာ။ ကျနော်ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတာ။ ကျနော့်အိမ်ကြီးက ပြာကျသွားတာပဲ မြင်ခဲ့ရတယ်။ တလင်းပြင်ထောင်ထားတဲ့ ဆိုလာပြာလေး တစ်ချပ်တော့ မီးနဲ့ လွတ်လို့ ပြန်ရတယ်။ ကျန်တာတော့ ဘာမှ မရပါဘူးဗျာ။ ကျနော်တစ်ယောက်တည်းတော့ ပါတာတော့ မဟုတ်ပါဘူး။ အများအတွက်ရော၊ ကျနော့်အတွက်ရော ရင်ထုမနာ ဖြစ်မိပါတယ်။ မီးလောင်တဲ့နေ့က ကျနော် မတ်တတ်တောင် ထမရပ်နိုင်လောက်အောင် ခံစားမှု ဖြစ်မိပါတယ်"

သူ့ရဲ့ နေအိမ်က ကျပ် သိန်း ၁၀၀ လောက်တန်ဖိုးရှိပြီး သူ့ထက်ပိုတန်ဖိုးရှိတဲ့ အိမ်ကြီး အိမ်ကောင်းတွေနဲ့ စျေးဆိုင်တွေပါ မီးလောင်ပျက်စီးသွားတာလို့လည်း ဦးသိန်းစိုးက ပြောပါတယ်။

နေအိမ် ၆၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တဲ့ လက်ယက်မရွာက မီးဘေးဒုက္ခသည် နှစ်ထောင် ကျော်ဟာ အခု နေစရာမရှိတဲ့အတွက် ကျေးရွာစာသင်ကျောင်းမှာ ယာယီခိုလှုံနေပြီး နောက်ပိုင်းမှာတော့ မီးလောင်သွားတဲ့ မြေနေရာတွေမှာ တဲပြန်ထိုးပြီး နေထိုင်ဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။

"ကျနော်ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတာ။ ကျနော့်အိမ်ကြီးက ပြာကျသွားတာပဲ မြင်ခဲ့ရတယ်။"

မေလ ၁၄ ရက်နေ့ကတော့ မြိုင်မြို့နယ် ပိတောက်ကန်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် ရွာထဲက နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး တစ်အိမ်တည်းကနေ မိသားစုဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

အဲဒီနေ့က အဖြစ်အပျက်ကြောင့် မိသားစုဝင်တွေ သေဆုံးခဲ့ရတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ကျနော့်ယောက္ခမက တန်းလျားလေးပေါ်မှာ ထိုင်နေရင်းနဲ့ သူတို့ပစ်တဲ့ဟာတွေက အားလုံး ခန္ဓာကိုယ်ပေါ်ကျပြီး ငုတ်တုတ်ကလေး သေတာခင်ဗျ၊။ ကျနော့် ယောက္ခထီး ကတော့ အိပ်နေတာဆိုတော့ စင်ပေါ်ကနေပြုတ်ကြပြီး သူတို့ပစ်တဲ့ဟာနဲ့ မှန်ပြီး သေသွားတာ။ ကျနော့်ယောက်ဖကတော့ ဒူးပြတ်သွားတာ၊ ဒူးပြတ်သွားတော့ နောက်ဆုံး အဲနားမှာပဲလဲကျ သေဆုံးသွားတာဗျ”

myaing fire
မြိုင်မြို့နယ် ပိတောက်ကန်ရွာ မီးရှို့ခံထားရသည့်နေအိမ်များကို ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ် ( Photo: CJ)

မိဘတွေ ရုတ်တရက် သေဆုံးသွားတဲ့အတွက် သူ့ဇနီးဖြစ်သူဟာ စိတ်ကျန်းမာရေး ထိခိုက်တဲ့အထိ ခံစားနေရတယ်လို့လည်း သူက ဆိုပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတဲ့ နောက် စစ်တပ်က ပိတောက်ကန်ရွာထဲ ဝင်လာပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကလည်း မကွေးတိုင်း ပေါက်မြို့နယ်၊ ညောင်ရင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် စစ်တပ်က ရွာထဲဝင်လာပြီး ရွာသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ညောင်ရင်းရွာသားတွေက ပြောပါတယ်။

နောက်ထပ် ရွာသား ငါးယောက်ကို လမ်းပြအဖြစ် ဖမ်းခေါ်သွားပြီး သူတို့အထဲက သုံးယောက်ကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်နှစ်ယောက်ရဲ့ အခြေအနေကိုတော့ အခု မေလကုန်ပိုင်းအထိ အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အရင်က RFA က မေးခဲ့တဲ့အခါ ကျေးရွာတွေကို မီးရှို့တာဟာ စစ်တပ်လက်ချက်မဟုတ်ဘဲ PDF တွေရဲ့ လက်ချက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။ ရွာသားတွေ အသတ်ခံရမှုကို မေးမြန်းတဲ့ အခါတိုင်းလည်း အသတ်ခံရသူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တုံ့ပြန်ဖြေကြားလေ့ရှိပါတယ်။

၂၀၂၂ ခုနှစ် မေလ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ တစ်လနီးပါး ကာလအတွင်း တစ်နိုင်လုံး မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၇၆၆၂ ထက်မနည်း ရှိနေပြီး အဲဒီထဲမှာ မကွေးတိုင်းက ၂၁၄၅ လုံး ပါဝင်တယ်လို့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ အပတ်က သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။