၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်နှစ်ခုမှာ NLD အောင်နိုင်ခြေနည်း


2018.10.22

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲဆန္ဒနယ် ၂ ခု မှာ ရွေးကောက်ပွဲအောင်နိုင်ခြေနည်းတယ်လို့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။

ဒီလစ်လပ်မဲဆန္ဒနယ် နှစ်နေရာနဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်၊ အာဏာရပါတီ NLD ရဲ့ ပြော ရေးဆိုခွင့်ရှိသူ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ မဲဆန္ဒနယ် ၂ နေရာမှာ အနိုင်ရဖို့ အခက်အခဲတွေရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့မှာတော့ အဲဒီနေရာတွေဟာ ရခိုင်နဲ့ ရှမ်းပြည်နယ်က လစ်လပ်မဲဆန္ဒနယ်တွေ ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ထုတ်ဖော်ပြောခဲ့ပြီး ဘယ်လိုအခက်အခဲရှိတယ်ဆိုတာကို အခုလို ပြောလာပါတယ်။

"အရင်ကလည်း ကျနော်တို့က ဒီနေရာတွေမှာ အခက်ခဲရှိတယ်။ နောက်တစ်ခုကလည်း ရခိုင်မှာလည်း ကျနော်တို့က အဖွဲ့ဝင်အနေအထား နည်းနည်း အားနည်းပါတယ်။ ကြိုးစားပမ်းစားတော့ ဆောင်ရွက်နေတာပဲ။ ရှမ်းကျတော့ ကျနော်တို့က ဘာသာစကားတိုးမပေါက်ဘူး။ နောက်ပြီးကျတော့ နည်းနည်းဖိအားလေးတွေရှိနေတယ်"

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ်ဟာ ရသေ့တောင်မြို့နယ်၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ဖြစ်ပါတယ်။

အဲဒီနေရာဟာ ပြီးခဲ့တဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ် စားလှယ် ဦးဖိုးမင်း ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့နေရာပါ။

လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း ကွယ်လွန်သွားတာကြောင့် ကိုယ်စားလှယ်လစ်လပ်နေခဲ့ပြီး အခု ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD အပြင် ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့က ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင်ရဲ့ သားဖြစ်သူ ဦးတင်မောင်ဝင်းကလည်း တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ အဲဒီမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီနေရာအတွက် လက်ရှိရွေးကောက်ပွဲမှာ ပြန်လည် အောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရာမှာ ကွာဟ ချက်တွေရှိလာတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင် ကျော် ကအခုလို ပြောပြပါတယ်။

"ရခိုင်ပြည်နယ်မှာ အခြေစိုက်ပြီး အမျိုးသားရေးအခြေခံတဲ့ ရခိုင် ရခိုင်ချင်းပြိုင်ရတာတော့ နည်းနည်း အခက်အခဲရှိတာပေါ့။ မဲဆန္ဒရှင်တွေအနေနဲ့ ဆုံးဖြတ်ရဝေဝါးမှုရှိနေတာတော့ အမှန်ပါပဲ ခင်ဗျ"

အဲဒီမဲဆန္ဒနယ်မှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကြီးကြီးမားမား အခက်အခဲမရှိကြောင်းနဲ့ အေးအေးဆေးဆေး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်အပြင် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အောင်နိုင်ရေးအတွက် စိုးရိမ်နေတဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်မြေဆိုတာ ရှမ်းပြည်နယ်တောင်ပိုင်းက လဲချားမြို့နယ် ပြည်သူ့လွှတ်တော် နေရာပါ။

လဲချားမြို့နယ်မှာဆိုရင် ရှမ်းတိုင်းရင်းသား ၉၀ ရာခိုင်နှုန်းနေထိုင်ကြပြီး ကျန် ၁၀ ရာခိုင်နှုန်းလောက် က ဗမာ၊ ပအိုဝ်းနဲ့ ပလောင်တိုင်းရင်းသားတွေဖြစ်ပါတယ်။

အဲဒီမြို့နယ်ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရှမ်းတိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကပဲ အောင်နိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

အဲဒီနေရာမှာလည်း SNLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွားတာကြောင့် ရွေး ကောက်ပွဲ ပြန်ကျင်းပမယ့် ဒီနေရာမှာ NLD၊ SNLD နဲ့ ရှမ်းပါတီနောက်တစ်ခုဖြစ်တဲ့ SNDP တို့က ဝင်ရောက် ရွေးကောက်ခံမှာဖြစ်ပါတယ်။

SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း လဲချား မြို့နယ်မှာ SNLD ပါတီကပဲ ရွေးကောက်ပွဲအောင်နိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

"၂၀၁၅  ခိုင်လုံမဲတွေကို ပြန်ကြည့်တော့ အနိုင်ရရှိတဲ့ SNLD လွှတ်တော်ကိုယ်စားလှယ်က မဲ ၇၀ ရာခိုင် နှုန်းကျော် အနိုင်ရရှိပါတယ်။ သူနဲ့ပြိုင်ဘက်ပါတီတွေဖြစ်တဲ့ ရှမ်းပါတီပဲဖြစ်ဖြစ် NLD ပါတီပဲ ဖြစ်ဖြစ် ၁၀ ရာခိုင်နှုန်းတောင်မပြည့်တဲ့ ပါတီတွေများပါတယ်။ အဲဒါကြောင့်မို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အနေအထားမရှိဘူးလို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းကပဲ အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ပုဒ်နဲ့ ဒီမိုကရေစီကို ကြွေးကြော်ပြီး တက်လာတဲ့ NLD အစိုးရအနေနဲ့ လက်ရှိအချိန်မှာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မဆောင်ရွက်နိုင်သေးသလို ငြိမ်းချမ်းရေးနဲ့ စီးပွားရေး စတဲ့ ကဏ္ဍတွေမှာ ထင်သလောက် ခရီးမတွင်တာတွေကြောင့် ဝေဖန်မှုတွေ ကြုံနေရပါတယ်။

ဒါ့အပြင် အစိုးရတာဝန်ယူပြီးနောက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမျက်နှာစာမှာလည်း ရခိုင်အရေးနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ရတာများနေတဲ့အတွက် တခြားကဏ္ဍတွေကို ဦးစားမပေးနိုင်တဲ့ အနေ အထားတွေ ဖြစ်နေပါတယ်။

ဒီအနေအထားတွေကြောင့် အာဏာရပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်လုံးကျွတ် အနိုင်ရဖို့ဆိုတာ များစွာခက်ခဲနိုင်ကြောင်းနဲ့ လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပါတီအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုအနေအထားကို စမ်းသပ်ကြည့်လိုတဲ့ သဘောထားတွေရှိနေတာဖြစ်ပါတယ်။

ဒါ့ပေမယ့် ပြည်နယ်တွေမှာတော့ NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲမယ် ဆိုတာ ကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက သိနေပါတယ်။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

"တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားပါတီတွေက ဒေသခံပါတီတွေရဲ့ ထောက်ခံမှု ပိုရတက် ပါတယ်။ ဒါကြောင့် ကျနော်တို့ ပိုကြိုးစားရမှာပါ"

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တာကြောင့် ၁၁ ရက်သာ လိုပါတော့တယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းအသီးသီးနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင် တွေဟာ အင်တိုက်အားတိုက်နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေကြတာပါ။

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က လာမယ့် ၂၀၂၀ မှာ NLD ပါတီ အနိုင်ရရှိခဲ့မယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကို သွားနိုင်ပြီဖြစ်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးရွေးကောက်ပွဲဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခရီးစဉ်တွေမှာ ဒေသခံတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။