ပထမဆုံး ပြည်လုံးကျွတ် အာဏာရှင်ဆန့်ကျင်ပွဲ ၄၈ နှစ်ပြည့်ပြီ
2022.06.07

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းပြီးနောက် ဆင်းရဲမှုဒဏ်ကို အပြင်းအထန်ခံစားရတဲ့ အလုပ်သမားတွေဟာ ၁၉၇၄ ခုနှစ်မှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လုပ်ခလစာတိုးပေးရေး အပါအဝင် အခွင့်အရေးတချို့ကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဒါဟာ အာဏာရှင်စနစ်ကို ပထမဆုံးအကြိမ် ပြည်လုံးကျွတ် အလုပ်သမား ဆန္ဒပြပွဲဖြစ် ပါတယ်။ မန္တလေး ပုလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ၊ မြစ်ငယ်မီးရထားစက်ရုံတွေမှာ စတင်ဖြစ်ပွားရာကနေ တစ်ပြည်လုံးအနှံ့ စက်ရုံ ၁ဝဝ ကျော်ပါဝင်ခဲ့တဲ့ အလုပ်သမား သပိတ်ဟာ ဇွန်လမှာ အမြင့်မားဆုံးကာလကိုရောက်ရှိလာခဲ့ပါတယ်။
၁၉၇၄ ဇွန်လ ၆ နေ့မှာတော့ ရန်ကုန်တိုင်း သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံအလုပ်သမား ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်အင်းစိန်လမ်းမပေါ်မှာ လာရောက်အားပေးသူတွေ ပြည့်နေတဲ့အချိန်ဖြစ်ပြီး အဲဒီစက်ရုံအနီးမှာ အလုပ်သမားတိုက် ခန်းတွေနဲ့ လူအင်မတန်စည်ကားတဲ့ ဘာတာဈေးရှိပါတယ်။
သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံရှေ့ကို အဲဒီနေ့လယ် ၂ နာရီခန့်ကရောက်ရှိခဲ့တဲ့ ဦးသန်းနိုင် ဟာ နောက်ပိုင်းမှာ ၁၉၇၅ ဇွန်လ ရွှေတိဂုံအရေးအခင်းနဲ့ ဖမ်းဆီးခံရသူပါ။ စစ်တပ်က ဘယ်လိုပစ်ခတ်ခဲ့ပါသလဲ။
“အဲဒီအချိန်မှာ စက်ရုံရဲ့ အုတ်ရိုးပေါ်ကို အလုပ်သမားတစ်ယောက်က တက်ပြီးတရား ဟောတယ်။ အလုပ်သမားတွေ ကျပ်တည်းတဲ့အကြောင်း ငတ်ပြဿနာအကြောင်းတွေ ဆန်ရှားတဲ့အကြောင်းတွေ ထမင်းငတ်နေတဲ့ အကြောင်းတွေ ပြောတာပေါ့လေ။ အဲဒီအချိန်မှာ စစ်တပ်က လာနေပြီဟေ့ ရဲတွေလာနေပြီဟေ့ ပြောသံကြားတဲ့အခါ ကျနော်တို့လည်း ကြည့်လိုက်တော့ စစ်ကားတွေ တက်လာတာ တွေ့လိုက်တယ်။ အင်းစိန်ဘက်ကလည်း လာတယ်။ မြို့ထဲဘက်ကလည်း လာတာတွေ့တယ်။ နှစ်ဖက်ညှပ်ပြီး လာနေတာ။ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့အပေါ်မှာ ဘာတာဈေးရှိတယ်။ အဲစစ်တပ်တွေ လာနေတဲ့ အချိန်မှာ လူတွေကနည်းနည်းရှဲသွားတယ်။ အဲမှာ တက္ကသိုလ် ကျောင်းသားတချို့တွေ့ရတယ်။ ဝိုငိးပြီးကြွေးကြော်သံတွေ တိုင်ပေးတာတို့။ အဲဒီအချိန် မှာ တရားဟောနေတဲ့ ရဲဘော်အလုပ်သမားကတော့ အောက်ကိုပြန်ဆင်းသွားတာတွေ့ တယ်။ အဲဒီစစ်တပ်တွေ လာတဲ့အချိန်မှာ လမ်းပေါ်မှာရှိတဲ့ ကျောင်းသားတွေကလည်း ကြွေးကြော်သံတွေတိုင်တာကို ကျနာ်တို့ကလည်း လှမ်းတွေ့တယ်။ အဲဒီအချိန်မှာပဲ သေနတ်သံစကြားရပြီး ကျနော်တို့ကလည်း ကြောက်အားလန့်အားနဲ့ လမ်းကြားထဲကို အတင်းပြေးဝင်ကြတယ်။ မပြေးဝင်ခင်မှာ လှည့်ကြည့်တော့ ဘာတာဈေးရှေ့မှာ ဈေးဝယ်နေတဲ့ သူတွေရော၊ ဈေးရောင်းတဲ့ သူတွေရော လဲသွားတာ တွေ့လိုက်တယ်”
ဒီအရေးတော်ပုံမှာ တစ်ပြည်လုံးက အလုပ်သမားခေါင်းဆောင် ၁၅ဝ ခန့် ဖမ်းဆီးခံခဲ့ရ တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အဲဒီနေ့က စက်ရုံတံတိုင်းပေါ်ကနေ တရား ဟောခဲ့တဲ့ အလုပ်သမားခေါင်းဆောင်ဟာ ဦးကျော်စိန် ဆိုသူဖြစ်တာကို နောက်တစ်နှစ် အကြာ သူတို့ ဖမ်းဆီးခံကျောင်းသားတွေ အင်းစိန်ထောင်ရောက်သွားချိန်မှာ သိခဲ့ရတယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။ ငတ်ပြတ်ဆင်းရဲလွန်းတဲ့ အလုပ်သမားတွေဟာ ထောင်ထဲမှာ ဒုက္ခရောက်စွာ နေထိုင်ခဲ့ရပါတယ်။ အဲဒီကာလမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြည်တွင်း ပြည်ပ ကူညီစောင့်ရှောက်တဲ့ အသင်းအဖွဲ့တွေလည်း မရှိသလို သတင်းတွေ မှောင်ချခံ ထားရတဲ့ ကာလဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ သူတို့ ကျောင်းသားလူငယ်တွေကို ဆင်းရဲနေ တဲ့ အလုပ်သမားခေါင်းဆောင်တွေက ထောင်ထဲမှာ တတ်စွမ်းသမျှကူညီခဲ့တာကို အခုထိ အမှတ်ရနေတယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။
“ကျနော်တို့က ဗလာကြီးပဲ ရောက်လာကြတာကိုး၊ စဖမ်းဖမ်းချင်းဆိုတော့ စစ်ကြောရေး တွေပြီးလို့ အဆောင်ကိုပို့တဲ့ အခါကြတော့ ကျနော်တို့က ဘာမှမပါကြဘူးလေ၊ အဝတ် ထည် ကိုယ်တစ်ခုနဲ့ ဘုရားပေါ်ကနေ ဖမ်းလာကြတဲ့အချိန်မှာ။ အဲအချိန်မှာ အလုပ် သမား ရဲဘော်ကြီးတွေက ထွက်ပြီးတော့ သူတို့ရှိစုမဲ့စု ထန်းလျှက်လေး ၂ လုံး ၃ လုံး ငပိကြော်ဆိုလည်း တကယ့်ကို ကွမ်းသီးလုံးလောက် အထုပ်လေးတွေ ထုပ်ပြီးတော့ ကျနော်တို့ကို ပေးတယ်။ ကျနော်မှတ်မှတ်ရရဆို ကိုကျော်စိန်ကြီးက ပွတ်ချွန်းလိပ်တယ်။ ဆေးလိပ်တွေ လက်ကျန်လေးတွေကနေ ဆေးသားလေးတွေခါပြီး မီးသွေးခဲလေးတွေ ကိုဖယ် ကျန်တဲ့ဆေးသားအကောင်းလေးတွေနဲ့ ဆေးရွက်ကြီး ရတဲ့ဟာလေးတွေကို နည်းနည်းရောပြီး စက္ကူလေးတွေနဲ့ ပွတ်ချွန်းလိပ်ပြီး လေးငါးခြောက်လိပ် လေးငါး ခြောက်လိပ် ကျနော်တို့ဆီ လာလာပေးတာ မှတ်မိတယ်။ အဲရဲဘော်တွေကလေ။ သူတို့လည်း ထောင်ဝင်စာလည်း ပုံမှန်ဒီလောက်ရှိကြတာ မဟုတ်ဘူး၊ လာရင်လည်း လက်သီးဆုပ်လောက် အထုပ်ကလေးတွေ အဲသေးသေးလေးတွေနဲ့ပဲ လာကြတာလေ။ အဲလိုနေခဲ့ကြရတယ် အလုပ်သမားရဲဘော်တွေနဲ့ တလျှောက်လုံးမှာပဲ”
အဲဒီကာလ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ စတင်ပါဝင်ခဲ့တဲ့ ကျောင်းသားတယောက်က ကိုတိုးတိုးပါ။
“အလုပ်သမားအရေးအခင်းကြီး ဖြစ်စဉ်အခါတုန်းကတော့ ကျနော်တို့ ကျောင်းသား လူငယ်ဘဝပဲ ရှိပါသေးတယ်။ အလုပ်သမားတွေက မဆလ စစ်အာဏာရှင်ရဲ့ဖိနှိပ်မှု အောက်မှာ သူတို့ဘဝ အာမခံချက်မရှိတော့တဲ့အတွက် မလွှဲမရှောင်သာပဲ အလုပ်သမား တိုက်ပွဲ ဆင်နွဲခဲ့ကြတာ မျက်ဝါးထင်ထင်မြင်ရတယ်။ အဲဒါတွေမြင်ရတဲ့အတွက် ကျနော် တို့လည်း ကျနော်တို့ဘဝ လွတ်မြောက်ရေးအတွက် သူတို့နဲ့အတူတူ တိုက်ပွဲဝင်ဖို့ စိတ်တွေပေါ်ပေါက်လာတယ်။ အရေးတော်ပုံတပ်သားတွေဖြစ်လာခဲ့တယ်။ရန်ကုန်မှာ အလုပ်သမားတွေက ချီတက်ဆန္ဒပြ စက်ရုံတွေကို သိမ်းပိုက်ထားတယ်။ အဲဒီအချိန်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေက သူတို့ကို ထောက်ခံတယ်။ သပိတ်တွေ ပူးပေါင်းပါဝင်လာတယ်။ ချီတက်မှုတွေ ပြုလုပ်လာတယ်။ ကျန်တဲ့မြို့ကြီးတွေ မန္တလေးလိုမှာလည်း အလုပ်သမား သပိတ်တွေ ပေါ်ပေါက်တယ်။ စက်ရုံ အလုပ်ရုံထဲ မှာလည်း သပိတ်စခန်းတွေ ဖွင့်ကြတယ်။ ဗမာပြည်မှာ အလုပ်သမား လူတန်းစားက နိုင်ငံရေးဇာတ်ခုံပေါ် ရဲဝံ့စွာတက်လာခဲ့တယ်။ မဆလ အာဏာရှင်ခေတ်ကြီးမှာ ဦးနေဝင်း စစ်အစိုးရရဲ့ ဆိုရှယ်လစ် မျက်နှာဖုံးကို ခွာချခဲ့တယ်။ အဲဒီတိုက်ပွဲဝင် စိတ်ဓါတ်ဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုဖြတ်သန်းပြီးတော့ ကနေ့တိုင် ထွန်းလင်းနေတယ်။ ဒါကြောင့်မို့လို့ ၁၉၇၄ ဇွန် ၆ အလုပ်သမားတွေရဲ့ တိုက်ပွဲဝင်စိတ် ဓါတ်ကို ဆက်လက်ကိုင်စွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို အပြီးပြတ်နှိမ်နှင်းဖို့ ဆက်လက်တိုက်ပွဲ ဆင်သွားကြရလိမ့်မယ်”
ပြည်လုံးကျွတ် အလုပ်သမားအရေးတော်ပုံ ၄၈ နှစ်ပြည့်ခဲ့ပါပြီ။ ပါဝင်ခဲ့ကြတဲ့ အလုပ်သမား အများအပြားလည်း ဆုံးပါးကွယ်လွန်ခဲ့ကြပြီဖြစ်ပါတယ်။ အဲဒီအချိန်က ပါဝင်လှုပ်ရှားခဲ့ကြ တဲ့ အလုပ်သမားတွေဟာ ခေတ်အဆက်ဆက် အာဏာရှင်စနစ်အောက်က လွတ်မြောက် ရေး လှုပ်ရှားမှုတွေမှာ အခါအခွင့်သင့်တိုင်း ပါဝင်ခဲ့ကြတာကတော့ ယနေ့ အထိဖြစ်ပါတယ်။