သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး AA ကြိုးပမ်း
2024.06.19

ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကို စနစ်တကျရေးဆွဲပြီး စီမံဆောင်ရွက်နေတယ်လို့ ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောခဲ့ပါတယ်။
အခုတော့ Arakha Shoocl of Public Policy and Administration(ASPA) ကျောင်းကို ဖွင့်လှစ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ စနစ်တကျစီမံနိုင်အောင် အဆင့်မြှင့်တင်ပေးတာ၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ပိုကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
"AA က တစ်မြို့ပြီး တစ်မြို့ သိမ်းလာနိုင်တဲ့အခါမှာတော့ အဲဒါတွေကို ပြည်သူတွေကလည်း မြတ်နိုးတန်ဖိုးထားလာတာ နေရာတိုင်းမှာ တွေ့နေရတယ်”
AA သိမ်းပိုက်ထားတဲ့ မြို့တွေထဲက မြောက်ဦးမြို့မှာဆိုရင် မြို့နယ်စည်ပင်သန့်ရှင်းရေးကိစ္စတွေနဲ့ တခြားကဏ္ဍတချို့ကို AAက လုပ်ဆောင်နေတာ တွေ့ရတယ်လို့ မြောက်ဦးခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပေါ်မှာ တချို့ရောက်နေကြတဲ့ ပြည်သူတွေအတွက်တော့ AA ဘက်က မြို့နယ်စည်ပင်သန့်ရှင်းရေးလို ပုံစံမျိုးနဲ့ ကားတွေနဲ့လိုက်လံပြီး အမှိုက်တွေကို သိမ်းပေးတာမျိုးတွေတွေ့ရတယ်။ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲမှာကိုတော့ ၂၄ နာရီလုံးလုံး ကြောက်နေရတယ်။ ကျန်တဲ့လုံခြုံရေးပိုင်းတွေနဲ့ ပတ်သက်လို့တော့ စိုးရိမ်စရာမရှိဘူး။ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်”
အလားတူပဲ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတဲ့ တခြားမြို့တွေမှာလည်း ULA/AAရဲ့ ယန္တရားတွေကို စတင်လုပ်ဆောင်နေတယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။
“AA က သိမ်းပိုက်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာတော့ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ခိုင်ခိုင်မာမာနဲ့ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး အဲဒီလိုမျိုးလုပ်ဆောင်နေတာတော့ ရှိပါတယ်။ AA က တစ်မြို့ပြီး တစ်ပြီး သိမ်းလာနိုင်တဲ့အခါမှာတော့ အဲဒါတွေကို ပြည်သူတွေကလည်း မြတ်နိုးတန်ဖိုးထားလာတာ နေရာတိုင်းမှာ တွေ့နေရတယ်”
ရခိုင်တိုက်ပွဲခြောက်လကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ် ဆယ်မြို့နယ်ကို AA က သိမ်းပိုက်ထားတာပါ။ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုတော့ ဒေသခံတွေ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။
“မင်းပြားအခြေအနေကတော့ ဒေသခံတွေ သွားလာနေကြတာရှိတယ်။ မြို့ကိုအဝင်အထွက်တော့ ရှိတာပဲ။ စိုးရိမ်ကြောက်လန့်မှုကတော့ ရှိကြပါတယ်။ စစ်ရေးကာလထဲမှာ ဆုံးရှုံးသွားတဲ့ အဲဒီအိမ်တွေကတော့ မဆောက်နိုင်သေးဘူး။ အခုဆောက်လို့လည်း မရဘူးလေ။ သူတို့က အချိန်ပြည့် လေယာဉ်နဲ့ လာပစ်နေတာ”
တိုက်ပွဲကာလအတွင်းမှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်တည်ဆောက်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA ပြောခွင့်ရှိသူ ဦးခိုင်သုခကတော့ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်နေတာတွေကြောင့် ပြည်သူ့လုံခြုံရေးကဏ္ဍကို အဓိကထား ဆောင်ရွက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်နယ်တွင်း လုံခြုံတဲ့ အခြေအနေ မရှိတာကြောင့် အခုနှစ်မှာ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) မှာ ပညာရေးမူဝါဒတွေ ရေးဆွဲထားတာရှိပြီး ဆရာ၊ ဆရာမတွေ လုံလုံလောက်လောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ လူမျိုးစုတွေအတွက် မျိုးနွယ်စုရေးရာကော်မတီတွေ ဖွဲ့စည်းထားပြီး မွတ်pလင်တွေ အများစုနေထိုင်တဲ့နေရာတွေမှာ မွတ်စလင်တွေကို အုပ်ချုပ်ရေးမှူး၊ ဂျူရီလူကြီးနေရာနဲ့ ရဲလုပ်ငန်းတွေမှာ မွတ်စလင်ရဲမှူးတွေကို ခန့်အပ်ပြီး တာဝန်ပေးလုပ်ဆောင်နေတယ်လို့လည်း AA က ပြောပါတယ်။
AA သိမ်းပိုက်ထားတဲ့မြို့တွေက အုပ်ချုပ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာ အခုဆိုရင် ခုနစ်လ ကျော်သွားပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသိန်းခန့် ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။