လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဇန်နဝါရီလအတွင်း အရပ်သား ၁၅၀ နီးပါးသေဆုံး

RFA Burmese
2024.02.05
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဇန်နဝါရီလအတွင်း အရပ်သား ၁၅၀ နီးပါးသေဆုံး ဒီးမော့ဆိုမြိုနယ် ဒေါဆီအီရွာမှ လေကြောင်းတိုက်ခိုက်ခံရသည့် စာသင်ကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

လက်နက်ကိုင်ခုခံသူတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် မြေပြင်ထိုးစစ်မှာ အားနည်းလာတဲ့စစ်ကောင်စီတပ်ဟာ အာဏာဆက်လက်တည်မြဲရေးအတွက် လေကြောင်းနဲ့လက်နက်ကြီးအပေါ် မှီခိုအားထားလာတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၄၉ ဦးသေဆုံးပြီး ၂၆၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ တစ်ရက်ကို အရပ်သား ငါးဦးထက်မနည်းသေဆုံးပြီး ကိုးဦးလောက်ဒဏ်ရာရခဲ့တာပါ။

စစ်ကောင်စီတပ်က မြေပြင်မှာစစ်ရှုံးနေတဲ့အတွက် လေကြောင်းနဲ့ လက်နက်ကြီးကိုသုံးပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ပိုလုပ်လာတာလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကပြောပါတယ်။

“စစ်တပ်ဟာ စစ်မြေပြင်မှာ အရာရာရှုံးနိမ့်လာပြီ။ နောက် သူတို့တွေမှာ စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထောင်နဲ့ သောင်းနဲ့ ချီနေပြီ။ ဆိုတော့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးစကတည်းကကြည့်လိုက်ရင် စစ်တပ်ဟာ အဘက်ဘက်က ရှုံးနိမ့်လာပြီးတော့ ယိုင်နဲ့လာပြီး ပြိုကွဲတော့မယ့် အနေအထားရောက်လာပြီ။ အဲ့ဒီအချိန်မှာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အမိန့်ကိုနာခံပြီး သူတို့နိုင်မယ်ထင်တဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပြီးလုပ်ဆောင်လာကြတာပါ”

စစ်ကောင်စီတပ်က ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုနှိမ်နင်းရာမှာ မြေပြင်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာမျိုးမဟုတ်တော့ဘဲ ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အဓိကအသုံးပြုခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပြောပါတယ်။

“တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ထပ်တိုးလာနိုင်တယ်”

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေလျော့ကျသွားပေမယ့် ရခိုင်ပြည်နယ် အပါအဝင် စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း စတဲ့ဒေသတွေမှာ တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ အထူးသဖြင့် အရပ်သားတွေ နေထိုင်တဲ့နေရာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းရွာတွေကို ဇန်နဝါရီလ ၂၉ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ သက္ကယ်ကျင်းရွာက အရပ်သားသုံးဦးဒဏ်ရာရခဲ့တယ်လို့ သက္ကယ်ကျင်းရွာသားတစ်ဦးကပြောပါတယ်။

“ဆိပ်ဖြူအနောက်ပိုင်းရွာတွေကို လေကြောင်းနဲ့တိုက်ခိုက်တဲ့သဘောပဲ။ လေးရွာလောက်ကို လေယာဉ်နဲ့ဗုံးကြဲတာရှိတယ်။ အပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်တာတွေရှိတယ်။ ဆိပ်ဖြူအနောက်ပိုင်းကဆိုရင် သက္ကယ်ကျင်းပါတယ်၊ ရှားလှပါတယ်၊ ဂွေးတိုပါတယ်။ ထိခိုက်မှုအနေနဲ့ သက္ကယ်ကျင်းက ရွာထိပ်မှာနေတဲ့ အမျိုးသားသုံးဦးဗုံးဆန်မှန်ပြီး အပြင်းအထန် ဒဏ်ရာရသွားတယ်”

လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာဖြစ်ပွားခဲ့တာပါ။

ဇန်နဝါရီလအတွင်း အရပ်သားသေဆုံး၊ ထိခိုက်မှုအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ တစ်ကျော့ပြန် ပြည်တွင်းစစ်ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလအတွင်း အရပ်သား ၃၅ ဦးသေဆုံးပြီး ၇၆ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒုတိယအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၃၇ ဦးသေဆုံး၊ ၅၅ ဦးဒဏ်ရာရခဲ့ပါတယ်။ ရှမ်းပြည်နယ်က တတိယအများဆုံးဖြစ်ပြီး အရပ်သား ၂၇ ဦးသေဆုံးကာ ၃၆ ဦးဒဏ်ရာရရှိခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနှိမ်နင်းရေးမှာ လေကြောင်းစွမ်းအားနဲ့ အမြောက်တပ်ရဲ့ ပစ်ခတ်မှုတွေကို ထိထိရောက်ရောက်အသုံးချနေတယ်လို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွေမှာ ပြောဆိုခဲ့ပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတချို့ ရှိနိုင်ပေမယ့် လေကြောင်းနဲ့လက်နက်ကြီးဟာ စစ်ကောင်စီတပ်အတွက် လူအင်အားချွေတာဖို့နဲ့ ခံစစ်အတွက် အရေးပါတယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

“အထူးသဖြင့် အဝိုင်းခံထားရတဲ့ နေရာမျိုးတွေမှာကျရင် ခံစစ်ကို အဲဒီလိုမျိုး လေကြောင်းထောက်ပံ့နိုင်တယ်ဆိုရင် အဖြေက တစ်မျိုးပြောင်းနိုင်တယ်။ လက်စားချေတိုက်ခိုက်မှု ဘာညာလုပ်တယ်ဆိုရင် စစ်ကြောင်းလိုက်ကြီးသွားရတယ်။ အဲဒီအခါကျရင် ရိက္ခာထုတ်ရ၊ ပေါ်တာဆွဲရနဲ့ပေါ့။ အဲဒီအစားကို အခုချိန်မှာ ငွေကုန်ရင် ကုန်သလောက် တိကျတဲ့အမြှောက်ရော၊ လေယာဉ်ရောရှိနေပြီဆိုတော့ သုံးတာပေါ့ဗျာ”

စစ်ကောင်စီအနေနဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် အခုသက်တမ်းတိုးလိုက်တဲ့ ခြောက်လအတွင်း လက်နက်ကိုင်ခုခံမှုတွေကို ပိုပြီးဖိဖိစီးစီးနှိမ်နင်းလာလိမ့်မယ်လို့ သူကသုံးသပ်ပါတယ်။

အောက်ခြေမှာ ပြည်သူ့စစ်ဖွဲ့စည်းတာ၊ သင်တန်းပေးတာတွေ လုပ်နေတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ထပ်တိုးလာနိုင်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)

စစ်ကောင်စီတပ်ဟာ သူတို့ကို လက်နက်ကိုင်ခုခံနေသူတွေတင်မကဘဲ စစ်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ တိုးလာလိမ့်မယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကပြောပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှု မြောက်တဲ့အတွက် ပါဝင်ပတ်သက်သူတွေကို မဖြစ်မနေအရေးယူရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။

“ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်။ နိုင်ငံတကာ ရာဇဝတ်မှုတစ်ခုဖြစ်တယ်။ နောက်ပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ရာလည်း ရောက်တယ်။ စစ်ရာဇဝတ်မှုကတော့ သေချာပေါက်ဖြစ်တယ်။ ဒီလို နိုင်ငံတကာ ရာဇဝတ်မှုကြီးသုံးခုထဲမှာ နှစ်မျိုးစလုံးကို ကျူးလွန်ရာရောက်တယ်။ အမိန့်ပေးတဲ့ပုဂ္ဂိုလ်တွေ၊ ဒါကိုဖြစ်မြောက်အောင်လုပ်တဲ့ ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေ အရေးယူခံရမယ့်အထဲမှာ ပါဝင်တယ်။ အပြောင်းအလဲတစ်ခုမဖြစ်ခင် ဒီလိုကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူမှသာလျှင် သေချာခိုင်မာတဲ့ အပြောင်းအလဲဖြစ်မှာဖြစ်တဲ့အတွက် ဒီအရေးယူမှုဟာ ဖြစ်ကိုဖြစ်ရမယ်”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ စစ်အာဏာသိမ်း ပထမနှစ်အတွင်း လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သား ၁၀၉ ဦးသေဆုံးပြီး ၁၇၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အာဏာသိမ်း ဒုတိယနှစ်မှာတော့ ပထမနှစ်ထက် အရပ်သားသေဆုံးထိခိုက်မှု လေးဆနီးပါးမြင့်တက်လာပြီး ၃၂၈ သေဆုံးကာ ၇၆၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အာဏာသိမ်း တတိယနှစ်မှာတော့ ၉၉၂ ဦး သေဆုံးကာ ၁၆၉၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အာဏာသိမ်း သုံးနှစ်အတွင်း လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၂၉ ဦးနဲ့ ဒဏ်ရာရသူ ၂၆၄၁ ဦး ရှိပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။