အင်းစိန်ထောင် အမျိုးသမီးဆောင် နှစ်ပတ်ကျော်အထိ သောက်ရေ ဖြတ်ထားဆဲ

2022.06.10

ရန်ကုန်အင်းစိန် အမျိုးသမီးအကျဉ်းထောင်မှာ အကျဉ်းသူတွေဆန္ဒပြမှုနဲ့ အဆောင်တချို့ကို ထောင်အာဏာပိုင်တွေက ဇွန် ၉ ရက်နေ့ထိ သောက်သုံးရေ ဖြတ်ထားပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ထောင်အာဏာပိုင်တွေက ဆေးရုံကို အချိန်မီ မပို့ဆောင်ခဲ့တဲ့အတွက် ကလေးပျက်ကျရတဲ့အမှုကို အကြောင်းပြုပြီး အကျဉ်းသူတွေ မေ ၂၇ ကနေ ဇွန် ၉ ရက်ထိ ဆန္ဒပြကြတာလို့ ထောင်နဲ့နီးစပ်သူတွေက မနေ့က ပြောပါတယ်။

"အခုလောလောဆယ် အိမ်သာရေတွေ သောက်နေရတယ်လို့ ပြောကြတယ်၊ သောက်ရေမပေးတာ ဆန္ဒပြပြီးကတည်းက မပေးတာလို့ ပြောပါတယ်။ အကျဉ်းခန်းတစ်ခန်းကို နိုင်ငံရေးအကျဉ်းသူ ၆၀ ကနေ ၇ဝ ကြားထားတာ၊ အကုန်လုံးက အိမ်သာရေသောက်နေရတဲ့ သဘောပေါ့"

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် သုံးနှစ် ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ မချယ်ရီဘိုကြည်နိုင်ကို ထောင်တာဝန်ရှိသူတွေက ဆေးရုံကို အချိန်မီ မပို့ ဆောင်တဲ့အတွက် ၂၁ ရက်နေ့မှာ ကလေးပျက်ကျတဲ့အမှု ဖြစ်ခဲ့ပါတယ်။ မချယ်ရီဘိုကြည်နိုင်ဟာ တခြားစွဲချက်တင်ထားတဲ့ အမှုတွေနဲ့လည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။

ဒီလို နေ့စေ့လစေ့ ကလေးမပျက်ကျသင့်ဘဲ ပျက်ကျရတဲ့ သတင်းကြောင့် အင်းစိန်ထောင်မှာ မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အကျဉ်းသူတွေ ဆန္ဒပြတဲ့အတွက် ထောင်အာဏာပိုင်တွေက အဆောင်တချို့မှာ သောက်သုံးရေ ဖြတ်လိုက်လို့ သန့်စင်ခန်းက ရေတွေသုံးနေရတယ်လို့ ထောင်ဝင်စာ သွားတွေ့သူတယောက်က RFA ကိုပြောပါတယ်။

ဒီအတွက် အကျဉ်းသူ အယောက် ၇ဝ နီးပါး သန့်စင်ခန်းက ရေကို သောက်သုံးရတာကြောင့် အကျဉ်းသူတချို့ ဝမ်းပျက်ကြ၊ နေထိုင်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

Sequence 1096.00_01_39_25.Still007.jpg
ထောင်တွင်းမှာ ကိုယ်ဝန်ဆုံးရှုံးခဲ့ရသည့် မချယ်ရီဘိုကြည်နိုင် (Photo - စစ်ကောင်စီ)

နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မကေသီအေးကတော့ ခုလို မိုးရာသီမှာ ယားနာတွေပေါက်တတ်ပြီး အမျိုးသားအဆောင်တွေထက် အမျိုးသမီးဆောင်အတွက် ရေက ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

“မိန်းကလေးဆောင်ဆိုတာ ယောက်ျားလေးဆောင်ထက် ရေတွေဘာတွေ ဖြတ်တဲ့အချိန်မှာ ပိုဒုက္ခရောက်တယ်။ လူတစ်ယောက်အနေနဲ့ ဒီလိုမျိုးရေဖြတ်တဲ့အချိန်မှာ လူတိုင်း ဒုက္ခရောက်တာပဲ။ မိန်းကလေးတွေမှာ ကိုယ်ရေးကိုယ်တာ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် ဒုက္ခပိုရောက်တယ်။ နောက်… ကျန်းမာရေးပိုင်းဆိုင်ရာမှာ ဒီအချိန်က ယားနာတွေ အရမ်းပေါက်တဲ့အချိန်၊ ခြင်လည်း အရမ်းကိုက်တယ်တဲ့။ အဲဒီတော့ တခြားထောင်တွေမှာလည်း ယားနာတွေပေါက်တယ်။ ဘာလို့ဆို မိုးတွင်းဆိုတော့ ရောဂါတွေ ပိုကူးတာပေါ့နော်။ စိုစိစိုစိ ဖြစ်ပြီးတော့။ အဲဒီတော့ ရေလိုအပ်ချက်ကြောင့် ဒုက္ခရောက်ရတာက မိန်းကလေးအနေနဲ့ ယောက်ျားလေးတွေထက် ပိုလိုအပ်တဲ့အရာ ဖြစ်နေတာပေါ့“

အင်းစိန်ထောင်မှာ ထောင်ဝင်စာတွေ့ခဲ့သူက ရေဖြတ်ထားတယ်လို့ပြောပေမယ့် အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးခင်ရွှေကတော့ ငြင်းဆိုပါတယ်။

"လူတစ်ယောက်မှာ သောက်ရေ၊ သုံးရေက အရေးအကြီးဆုံးပဲဗျာ၊ ကျနော်တို့က မရှိရင်တောင် ရှိအောင် ဖန်တီးပေးတယ်၊ ရှိတဲ့ရေ ဘာလို့ဖြတ်မလဲ၊ အင်းစိန်ထောင်မှာ သောက်ရေရော၊ သုံးရေရော အကုန်လုံးအပြည့်အဝရှိပါတယ်။ အဲ့လိုမျိုး ပြစ်ဒဏ်ဖြစ်ခဲ့လို့ရှိရင် ဒီလိုမျိုး ပြစ်ဒဏ်ပေးတာမျိုး မရှိပါဘူး။ ခု ပြောတဲ့ အချက်အလက်တွေ တစ်ခုမှ ဖြစ်တာမျိုး မရှိပါဘူး”

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကို RFA ကမေးမြန်းတဲ့အခါ အင်းစိန်ထောင် အမျိုးသမီးဆောင်မှာ ဆန္ဒပြလို့ သောက်သုံးရေဖြတ်တဲ့ သတင်းကြားသိရပေမယ့် စုံစမ်းနေတုန်းပဲမို့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ အမျိုးသမီးအကျဉ်းသူ ၁၂၀၀ နီးပါးရှိပြီး အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသူ ၂၀၀ နီးပါးရှိပါတယ်။

အင်းစိန်ထောင်က အခန်းကျဉ်းလေး တစ်ခန်းထဲ လူတွေဒါဇင်နဲ့ချီ ပြည့်သိပ်ကျပ်ညပ် နေနေရပုံ၊ ရေချိုးဖို့ တန်းစီရပုံ၊ အပူဒဏ် အန်တုပြီး ကြမ်းပြင်မှာ ကျဉ်းကျဉ်းကျပ်ကျပ် အိပ်ရပုံကိုတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်တာစ်သတင်းဌာနက ပြီးခဲ့တဲ့ ဧပြီမှာ ဖော်ပြခဲ့ဖူးပါတယ်။

အာဏာသိမ်းပြီးနောက် အခု ၂၀၂၂ ခုနှစ် ဇွန် ၁၀ ရက်ထိ လူ ၁၁၀၀၄ ယောက် ဖမ်းဆီးခံထားရတယ်လို့ AAPP က ဖော်ပြပါတယ်။ လူ အယောက် ၁၁၂၀ ကို ပြစ်ဒဏ်ချမှတ်ထားပြီး ဒီထဲ ကလေးနှစ်ယောက်အပါအဝင် ၇၃ ယောက်ကို သေဒဏ်ချမှတ်ထားပါတယ်။

လူ ၁၂၀ ကို မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ထားပြီး ဒီထဲ ၄၁ ယောက်ကို သေဒဏ်ချမှတ်ပါတယ်။ လူ ၂၁ ယောက်က အာမခံနဲ့ လွတ်မြောက်ပြီး လူ ၃၀၃၆ ယောက်က ပြန်လည် လွတ်မြောက်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။