ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာဆိုင်ရာမူဝါဒ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.04.19
ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာဆိုင်ရာမူဝါဒ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Gaddafi Cricket Stadium ရှေ့တွင် စောင့်ကြပ်နေသည့် စစ်သားများအား တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာ အာဏာသိမ်းမှုတွေ၊ စစ်အုပ်ချုပ်ရေး၊ ဘာသာလူမျိုး ပဋိပက္ခတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ သမိုင်းရှည်ကာလဖြစ်ပါတယ်။ နိုင်ငံ့စစ်တပ်နဲ့ အရပ်ဘက်လက်နက်ကိုင်အဖွဲ့တွေကြားက စစ်ရေးပဋိပက္ခတွေကလည်း တိုင်းပြည်ကို ပြည်တွင်းစစ် ချောက်ကမ်းပါးဆီ လုံးလုံးလျားလျား ကျရောက်သွားအောင် တွန်းပို့နေပြီး ဘယ်သောအခါမှ အဆုံးသတ်မယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အင်အားကြီးနိုင်ငံတွေကြားက အင်အားချိန်ခွင်လျှာအပြောင်းအလဲနဲ့ အကွဲအပြဲတွေကိုလည်း၊ မြန်မာ့အနောက်ဘက် အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ အမြဲမပြတ် စောင့်ကြည့်နေရတာပါ။

ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးနဲ့ လုံခြုံရေး မဟာဗျူဟာကို မြန်မာက အမြဲအဓိကထားပါတယ်။ တစ်ချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်ဟာ ဒီမိုကရေစီ နိုင်ငံဖြစ်တာနဲ့အညီ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ထောက်ခံဖို့ ကျင့်ဝတ်ဆိုင်ရာ အခက်အခဲလည်း ရှိနေတာပါ။ ဒါပေမဲ့ အဲဒီ အာဏာသိမ်းတဲ့ပြဿနာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က ဒီနေ့အထိ အဆိုးကောင်း မဝေဖန်ဘဲ ဆိတ်ဆိတ်နေတဲ့နည်းနဲ့ စစ်ကောင်စီဘက်ကို ယိမ်းခဲ့ပါတယ်။

အခြေခံဥပဒေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းကို မြှင့်တင်ဖို့၊ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ တစ်စောင်တည်းသောကြေညာချက်မှာ ဖော်ပြခဲ့‌ပေမယ့် အခုထိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေက ပြန်လွှတ်ဖို့ မတောင်းဆိုသေးပါဘူး။ ဒါပေမဲ့ မြန်မာ့လွတ်လပ်ရေးနေ့ကလည်း မြန်မာနဲ့ဆက်ဆံရေး ပိုမိုခိုင်မြဲရေးအပြင် စစ်ကောင်စီရဲ့ “တစ်ခုတည်းသော မြန်မာအစိုးရ” မူဝါဒကို ထောက်ခံကြောင်း လက္ခဏာတွေ ပြသခဲ့ပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်ဟာ အထူးပြုစဉ်းစားချက်တွေကနေ ပေါ်ပေါက်လာတာဖြစ်ကြောင်း Eurasia Review သတင်းက ဖော်ပြပါတယ်။

ပထမအချက်က - ဘင်္ဂလားဒေ့ရှ် အနေနဲ့ သူ့ရဲ့အဓိကမဟာဗျူဟာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား နဲ့ ဂျပန်နိုင်ငံတွေဟာ မြန်မာစစ်တပ်ဘက်မှာ ရှိနေကြတာပါ။

ဒုတိယအချက်က - အနောက်နိုင်ငံတွေရဲ့ လုပ်နေကျ ဖြစ်တဲ့ ပြစ်တင်ရှုတ်ချ၊ ပိတ်ဆို့အရေးယူတာတွေဟာ တရုတ်နဲ့ရုရှားက စစ်ကောင်စီအပေါ် သံတမန်ရေးနဲ့ စစ်ရေးအကာအကွယ်တွေ ပံ့ပိုးပေးနေသမျှ အောင်မြင်နိုင်မှာမဟုတ်ဘူး ဆိုတာပါ။

တတိယအချက်က - ဘင်္ဂလားဒေ့ရှ်ဟာ သူတစ်ပါးပြည်တွင်းရေး ဝင်မစွက်ဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်နေတာပါ။

စတုတ္ထအချက်က - NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ထိပ်တန်းဦးစားပေးတွေဖြစ်တဲ့နိုင်ငံချင်းထိတွေ့ဆက်ဆံမှု၊ နယ်စပ်လုံခြုံရေး၊ ရိုဟင်ဂျာ ပြဿနာတွေကို မဖြေရှင်းခဲ့နိုင်တာပါ။

ပဉ္စမအချက်က - ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ မြန်မာစစ်တပ်နဲ့အတူ သူပုန်သူကန်၊ လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခိုနဲ့ တခြား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေကို မြန်မာ့တပ်မတော်နဲ့အတူ၊ ပူးပေါင်းတိုက်ဖျက်ဖို့ ကာလကြာရှည် နည်းလမ်းရှာကြံနေခဲ့တာဖြစ်ကြောင်း သတင်းက ဖော်ပြ ပါတယ်။

ရိုဟင်ဂျာပြဿနာကို အချိန်စောစောနဲ့ စဉ်ဆက်မပြတ် ဖြေရှင်းရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက် ထိပ်တန်းဦးစားပေးကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက ရှုပ်ထွေးလာနေတဲ့ ထင်သာမြင်သာပြဿနာတွေကြောင့် အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ရိုဟင်ဂျာ ပြန်ပို့ရေးမှာ စစ်ကောင်စီဘက်က လုံခြုံရေးအပြည့်အ၀ မပေးနိုင်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ဆွေးနွေးညှိနှိုင်းရေး တံခါးကို ဆက်ဖွင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ စစ်တပ်ဟာ မြန်မာနိုင်ငံရေးရဲ့ အချက်အခြာနေရာမှာရှိနေပြီး ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်‌ကြီးဌာနတွေကို ထိန်းချုပ်ထားပါ။ ဒါ့ပြင်ဘင်္ဂလားဒေ့ရှ်အနေနဲ့ ၁၉၇၈ နဲ့ ၁၉၉၂ နှစ်တွေမှာ၊ မြန်မာ့စစ်အုပ်ချုပ်ရေးနဲ့အတူ ရိုဟင်ဂျာပြန်ပို့ရေးကိစ္စကို သံရေးတမန်ရေးနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာ ရခိုင်ပြည်နယ်အတွင်း ကြီးထွားလာနေတဲ ရခိုင့်တပ်တော် AA နဲ့ ရခိုင်ကယ်တင်ရေးတပ် ARSA တို့နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က စိုးရိမ်မကင်းဖြစ်နေသလို ရခိုင်ပြည်နယ်မှာ AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ ပေါ်ပေါက်လာတဲ့အပေါ်မှာလည်း စောင့်ကြည့်နေကြောင်း Eurasia Review သတင်းက ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။