စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM အရာရှိတွေ လက်နက်ထုတ်လုပ်နေ

2022.06.09
စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM အရာရှိတွေ လက်နက်ထုတ်လုပ်နေ CDM စစ်သားတွေစုဖွဲ့ပြီး ထုတ်နိုင်ခဲ့သည့် စစ်လက်နက်များအား တွေ့ရစဉ်
Photo: People’s Soldier Production Team

မြန်မာနိုင်ငံရဲ့ နေရာတိုင်းနီးပါး ပေါ်ပေါက်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက် ကိုင်ပုန်ကန်မှုတွေမှာ အသုံးပြုဖို့ CDM စစ်သားတွေစုဖွဲ့ပြီး စစ်လက်နက်လေးမျိုးကို အောင် အောင်မြင်မြင် ထုတ်လုပ်လာနိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောပါတယ်။

People’s Soldier Production Team လို့ခေါ်တဲ့ PSPT ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ဒီအဖွဲ့မှာ စစ်တပ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းတွေ၊ ကာကွယ်ရေးပစ္စည်းစက်ရုံက အရာရှိစစ်သည်တွေ ပါဝင်ပါတယ်။

လက်နက်ထုတ်လုပ်တဲ့ နည်းပညာတွေကိုတော့ စစ်တပ်ကနေ CDM လုပ်လာကတည်းက တစ်ပါတည်းယူခဲ့တာလို့ PSPT အဖွဲ့ဝင်တွေက ပြောပါတယ်။

"ဒါတွေကိုတိုက်ဖို့အတွက် တီထွင်ကြံဆပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ လက်နက်ကြီးတွေ တီထွင်လာတာ တွေ့ရပါတယ်"

ပြီးခဲ့တဲ့ခြောက်လအတွင်း လက်နက်ရှစ်မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့ရာမှာ လေးမျိုးကတော့ စစ်ဆင်ရေးတွေမှာ အသုံးပြုနေပြီလို့ PSPT အဖွဲ့ ဦးဆောင်သူ ဗိုလ်ကြီးညီသုတက RFA ကို ပြောပါတယ်။

“သေနတ်ပိုင်းမှာဆိုရင်တော့ တစ်တောင့်ထိုး သေနတ်ပေါ့၊ တစ်တောင့်ထိုး သေနတ်ရှိ မယ်။ နောက်တစ်ခုကတော့ Sub Machine Gun ပေါ့၊ Sub Machine Gun ကတော့ အလိုအလျောက် မောင်းပြန်သေနတ်ပါ။ သူက တစ်တောင့်ချင်းလည်း ရတယ်၊ အတွဲ လိုက်လည်းပစ်လို့ရတဲ့ သေနတ်ပါ။ နောက် ရှေ့ထွက်မိုင်း /ဆွဲမိုင်းအဖြစ် သုံးလို့ရတဲ့ မိုင်းအမျိုးအစားလည်း ထုတ်လုပ်ထားတာရှိပါတယ်။ နောက်တစ်ခုကတော့ ဒရုန်းတွေနဲ့ တွဲဖက်ပြီးသုံးရတဲ့ Aircraft Bomb တွေလည်း ကျနော်တို့ ထုတ်နေတာရှိပါတယ်။ တခြားထုတ်ဖော်မပြောသေးတဲ့ အရာတွေ စမ်းသပ်ဆဲ၊ လုပ်ဆောင်ဆဲလည်း ရှိပါတယ်”

လက်နက်တစ်မျိုး စမ်းသပ်ထုတ်လုပ်ဖို့ဆိုရင် အနည်းဆုံး ကျပ်သိန်းတစ်ထောင်ကျော်ကနေ သိန်းတစ်သောင်းအထိ ကုန်ကျတယ်လို့ ဗိုလ်ကြီးညီသုတက ပြောပါတယ်။ ဒါပေမဲ့ လက် နက်တစ်ခုရဲ့ ကာလပေါက်ဈေးနဲ့ယှဉ်ရင် အခုလို လက်နက်ထုတ်လုပ်တာက လေးဆနီးပါး လောက် ကုန်ကျစရိတ်သက်သာပါတယ်။ ဥပမာအားဖြင့် Sub Machine Gun တစ်လက်ရဲ့ ကာလပေါက်ဈေးဟာ သိန်း၅၀ လောက်ရှိပေမယ့် ထုတ်လုပ်မှုကုန်ကျစရိတ်က ၁၃ သိန်း ဝန်းကျင်သာရှိတယ်လို့ PSPT က ထုတ်ပြန်ထားပါတယ်။

ထုတ်လုပ်မှုအပိုင်းမှာတော့ အသေးစားစက်ပစ္စည်းတွေကိုပဲ အသုံးပြုနိုင်တဲ့အတွက် ထုတ် လုပ်စွမ်းအားကို ပုံမှန်ထက် ရှစ်ဆနီးပါး လျော့ကျစေတယ်လို့ ဗိုလ်ကြီးညီသုတက ပြောပါ တယ်။ သူတို့ထုတ်လုပ်ထားတဲ့ စစ်လက်နက်တွေက အရည်အသွေးမီပြီး ထိရောက်မှုရှိ တယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်ကို စွန့်ခွာလာတဲ့သူတွေက သူတို့ကို ပညာသင်ကြားပေးခဲ့တဲ့ စစ်တပ်ကိုပြန်တိုက်ဖို့ လက်နက်ထုတ်လုပ်တဲ့ ဖြစ်စဉ်မျိုးဟာ အရင်တုန်းက မရှိခဲ့ဘူးလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“၁၉၈၈ တုန်းကလည်း တပ်မတော်ကနေ ဒီဘက်ကို ကူးလာတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ လက်နက်ထုတ်လုပ်တယ်ဆိုတဲ့ အပိုင်းကတော့ ကုန်ကြမ်းပစ္စည်းရှားပါးတာရယ်၊ နည်း ပညာအခက်အခဲတွေရယ်ကြောင့် လက်နက်ထုတ်လုပ်တယ်ဆိုတဲ့ အဆင့်တော့ မရှိခဲ့ ဘူးပေါ့။ အခုကတော့ နယ်စပ်တွေမှာ မဟုတ်ဘဲ စစ်ကိုင်းတို့လို မြေပြန့်ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေဖြစ်လာတော့ သူတို့ရင်ဆိုင်တိုက်နေရတဲ့ တပ်မတော် က လက်နက်အင်အား အရမ်းကောင်းတယ်။ ဒါတွေကိုတိုက်ဖို့အတွက် တီထွင်ကြံဆပြီး တော့ နည်းလမ်းပေါင်းစုံနဲ့ လက်နက်ကြီးတွေ တီထွင်လာတာ တွေ့ရပါတယ်။ ဒါက အရင်နဲ့စာရင် ထူးခြားတဲ့အချက်ပေါ့ဗျာ”

MIPS ရဲ့ သုတေသနပြုချက်တွေအရ အခုလို တီထွင်လုပ်လုပ်တဲ့ လက်နက်တွေထဲမှာ မိုင်းဟာ စစ်တပ်ကို ဒုက္ခအပေးနိုင်ဆုံး လက်နက်ဖြစ်တယ်လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

PSPT ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ စစ်ကိုင်း တိုင်းအတွင်းက PDF ‌တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လက်နက်ထုတ်လုပ်ရေးစခန်း တွေကို ထားရှိပါတယ်။ စခန်းအရေအတွက်နဲ့ နေရာအတိအကျကိုတော့ လုံခြုံရေးအရ လျှိ့ဝှက်ထားပါတယ်။

လက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို ပြည်ပကနေ မှာယူတင်သွင်းရ တာပါ။ ဒီလိုတင်သွင်းတဲ့အခါ အစိုးရတစ်ရပ်အနေနဲ့ ဝယ်ယူတာမျိုးမဟုတ်လို့ မှောင်ခိုဈေး ကွက်တွေကို မှီခိုရသလို ကုန်ကြမ်းပစ္စည်းတွေကို ပုံစံဖျက်ပြီး မှာယူရတာမျိုးလည်းရှိတယ် လို့ PSPT က ပြောပါတယ်။

အသင့်အသုံးပြုလို့ရမယ့် လက်နက်တွေကို ဝယ်ယူတင်သွင်းရတာထက်စာရင် လက်နက် ကုန်ကြမ်းတွေကို ဝယ်ယူတင်သွင်းရတာက ကုန်ကျစရိတ်သက်သာသလို သယ်ယူပို့ဆောင် ဖို့ ပိုပြီးလွယ်ကူတယ်လို့ CDM ဗိုလ်ကြီးညီသုတက ရှင်းပြပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှု ဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ကိုယ်တိုင်လက်နက်တီထွင်ထုတ်လုပ်ပြီး စစ်တပ်ကို အင်အားချည့်နဲ့သွားအောင် လုပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“လက်နက်နည်းပညာမှာသုံးတဲ့ တိကျမှုက အပြင်မှာသုံးတဲ့ စက်မှုနည်းပညာထက် ပိုပြီးတိကျဖို့ လိုအပ်တယ်။ ပြောရရင် ပိုအနုစိတ်တာပေါ့လေ။ အဲလို အနုစိတ်တဲ့ပုံစံကို ကျနော်တို့ အပြင်က စက်မှုလုပ်ငန်းသုံးတွင်ခုံတွေ၊ စက်ပစ္စည်းတွေနဲ့ တကယ်လုပ်နိုင် မှာလား၊ ဒါက နံပါတ်တစ် မေးခွန်း။ ကုန်ကြမ်းအရရော နောက်ထုတ်လုပ်ရေး လိုင်း အနေနဲ့ပြောရရင် Mass production ပေါ့၊ ပေါပေါများများနဲ့ အများကြီးထုတ်လုပ်နိုင်ဖို့၊ အရည်အသွေး ကောင်းကောင်းရနိုင်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သိပ်ကိုခဲ ယဉ်းတဲ့ ကိစ္စပါ။ သူတို့မျှော်လင့်ထားတဲ့၊ ယုံကြည်ထားတဲ့၊ တကယ်ကိုးစားနေတဲ့ တော်လှန်ရေးကြီးဆိုတာအတွက် ဒါဟာဘယ်လိုမှ အထောက်အကူ မဖြစ်နိုင်ဘူး"

စစ်တပ်အရာရှိဟောင်း ဦးသိန်းထွန်းဦးရဲ့အမြင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက လက်မခံပါဘူး။ ဒီလိုလက်နက်တွေ အများအပြားထုတ်လုပ် နိုင်ရင် စစ်အာဏာရှင်ကို ခပ်မြန်မြန်ဖြုတ်ချနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့် လက်နက်ထုတ်လုပ်ဖို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းရရှိရေးနဲ့ ငွေကြေးအထောက် အပံ့တွေအတွက် PSPT နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“ကျနော်တို့ လက်နက်ကိုင်တော်လှန်မှုမှာ လက်နက်လုံလောက်မှု ရရှိဖို့ဆိုတာက တော် တော်လေး ခက်ခဲဦးမယ့် အနေအထားမျိုးမှာ ရှိပါတယ်။ ဒီလိုအနေအထားမျိုးမှာ ထုတ် လုပ်ရေးတွေကို အရေအတွက်ရော၊ အရည်အသွေးရော အပိုင်းကို မြှင့်တင်ခြင်းအားဖြင့် တော်လှန်ရေး အမြန်ဆုံးပြီးဆုံးဖို့ များစွာအထောက်အပံ့ ဖြစ်စေမှာဖြစ်ပါတယ်။ အခုဆို ရင် တော်လှန်ရေး လက်ရှိအနေအထားထိ ရောက်ရှိနေတာမှာလည်း ထုတ်လုပ်ရေးပိုင်း ရဲ့ တိုးတက်မှုက အတော်လေးအရေးပါတဲ့ နေရာအနေအထားကနေ ပါဝင်နေပါတယ်”

pdf-weapons.jpg
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အခြေစိုက် YOMA Fighter PDFအဖွဲ့မှ ထုတ်လုပ်သည့် လက်လုပ်သေနတ်များအား တွေ့ရစဉ်။(Photo: YOMA Fighter PDF -Yinmabin)

ပြီးခဲ့တဲ့တစ်နှစ်အတွင်း လက်နက်ကိုင်ဆန့်ကျင်ဖို့ စစ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၀ သုံးစွဲခဲ့ကြောင်း ပြီးခဲ့တဲ့ ဧပြီလအတွင်းထုတ်ပြန်ခဲ့တဲ့ NUG တစ်နှစ်ပြည့် အစီရင် ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ PDF တပ်ဖွဲ့ဝင်တွေရဲ့ အခြေခံလက်နက် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးဘူးလို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဝန်ခံ ပါတယ်။

ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PSPT တို့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်တာအပြင် လက်နက်ထုတ်လုပ်ရေး နည်းပညာတွေကို PDF အဖွဲ့ တွေဆီ ပြန်လည်မျှဝေတာ၊ ကိုယ်စားလှယ်စေလွှတ်ပြီး ကြီးကြပ်ထုတ်လုပ်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုထုတ်လုပ်တဲ့အခါ အတွေ့အကြုံနည်းပါးမှုနဲ့၊ အရည်အသွေးလိုအပ်မှုတွေကြောင့် လက်နက်စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။ လက်နက်ထုတ်လုပ်ရင်း ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တစ်ဖက်မှာတော့ အရပ်သား လက်နက်ကိုင်ပုန်ကန်မှုကို နှိမ်နင်းနေတဲ့ မြန်မာစစ်တပ်ဟာ ပြည်သူ့ဘဏ္ဍာငွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတကာ ကနေ လိုသလောက် ဝယ်ယူသုံးစွဲခွင့်ရနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။