ချင်းပြည်နယ်ထဲကို စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရတာ သုံးပတ်ရှိလာ

RFA Burmese
2024.09.09
ချင်းပြည်နယ်ထဲကို စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရတာ သုံးပတ်ရှိလာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ချင်းပြည်နယ်၊ ခိုင်ကမ်းဂိတ်ကို စစ်ကောင်စီပိတ်ထားသဖြင့် ကားများရပ်ထားရသည်ကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်းကနေတစ်ဆင့် ချင်းပြည်နယ်ထဲကို ဆန်နဲ့ စားသောက်ကုန်တွေအပါအဝင်၊ လျှပ်စစ်ပစ္စည်း၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်လို့မရအောင် စစ်ကောင်စီဘက် က ကန့်သတ်ထားတာ သုံးပတ်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ပိတ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၉ ရက် ဒီနေ့အထိ ပြန်ဖွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

"လူတန်းစားအကုန်လုံးက တော်တော်လေး ဒုက္ခရောက်မယ်။ နောက်ဆုံး ဘယ်လောက်ထိ ဖြစ်နိုင်လဲဆိုရင် စားနပ်ရိက္ခာပြတ်လပ်တဲ့အထိ ဖြစ်သွားနိုင်တယ်"

ဒါကြောင့် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေဆီ ကုန်စည်ပို့တာတွေ ရပ်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ကို ကလေးမြို့ကနေ ဆန်သယ်မယ်ဆိုရင် ဆန်အိတ်တစ်ဝက်ပဲ ခွင့်ပြုတယ်လို့ အမည်မဖော်လိုတဲ့ ယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"ဆန်နဲ့ PPC ပိုက်တွေတော့ ပိတ်တယ်။ တခြားဟာတော့ မပိတ်ဘူး၊ အခုက သုံးပတ်ရှိတော့မယ်၊ မိသားစုစားဖို့ အတွက်ဆိုရင် ဆန်တစ်အိတ်ကို ခွဲပြီးမှ သယ်လို့ရတယ်။ ရှစ်မိုင်ဂိတ်တွေဆိုရင်လည်း ဆန်တစ်အိတ်ကို ခွဲပြီးမှ သယ်ခိုင်းတာ။ အဲလိုမျိုး အောက်ကလူတွေက မသိဘူးတဲ့။ ဘာဖြစ်လို့ မသယ်ခိုင်းတာလဲဆိုတာ မသိဘူး။ ဘယ်တော့ ပြန်ဖွင့်မလဲလည်း မသိဘူး"

အခုလို ပိတ်ထားတာကြောင့် တီးတိန်မြို့မှာ ဆန်အပါအဝင် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်းတွေ ဈေးတက်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စားနပ်ရိက္ခာပြတ်လပ်လာမှာ စိုးရိမ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ရေရှည်ဆက်ဖြစ်မယ်ဆိုရင် အများစုကတော့ ပြည်သူလူထုကတော့ တော်တော်လေးကို ဒုက္ခရောက်သွားမှာ။ အခုလောလောဆယ် ၀င်ငွေရတဲ့ လုပ်ငန်းဆိုတာလည်း သိပ်မရှိဘူးပေါ့လေ။ အခြေခံ တစ်နေ့လုပ်၊ တစ်နေ့စား တွေအတွက်ရော၊ အကုန်လုံးပေါ့နော်၊ လူတန်းစားအကုန်လုံးက တော်တော်လေး ဒုက္ခရောက်မယ်။ နောက်ဆုံး ဘယ်လောက်ထိ ဖြစ်နိုင်လဲဆိုရင် စားနပ်ရိက္ခာပြတ်လပ်တဲ့အထိ ဖြစ်သွားနိုင်တယ်"

ဆေးဝါးတွေကိုလည်း ဆရာ၀န်ထောက်ခံချက်နဲ့ ဆေးစာပါမှပဲ သယ်ယူခွင့်ပေးတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း ဖြတ်သန်းသွားသည့် ကုန်တင်ကားတစ်စီးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း ဖြတ်သန်းသွားသည့် ကုန်တင်ကားတစ်စီးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တွန်းဇံရဲ့ စစ်ဦးစီးချုပ် ဦးထန်ဆွန်မုန်ကတော့ တော်လှန်ရေးအဖွဲ့တွေ ရိက္ခာပြတ်အောင် စစ်ကောင်စီတပ်က လုပ်နေတာလို့ RFA ကို ပြောပါတယ်။

"ချင်းတောင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေလို့ အဲဒါပိတ်တာပါ၊ အဲဒါအမှန်က။ ပြည်သူတွေကို တော်လှန်ရေးဘက်မပါအောင်၊ စိတ်ဓာတ်ကျအောင် အဲလိုလုပ်တာပါ။ အဓိက ကျွန်တော်တို့ တွန်းဇံမြို့ကို သိမ်းတဲ့အခါကျတော့ တွန်းဇံမြို့ကို ဆန်မ၀င်အောင်ဆိုပြီးတော့ ပိတ်ထားတဲ့ဟာပါ။ အစကတည်း ကျွန်တော်တို့က ပြည်သူတွေကို စုဆောင်းခိုင်းတာ ရှိပါတယ်။ မိုးတွင်း ရိက္ခာဖြစ်ဖြစ်၊ ဆောင်းတွင်းရိက္ခာဖြစ်ဖြစ် တစ်နှစ်လောက်အောင် စုခိုင်းထားတာရှိတယ်"


ဆက်နွှယ်သောသတင်းများ

ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ချင်းစစ်ဘေးဒုက္ခသည်တွေ ခက်ခဲနေ

စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ပလက်၀နဲ့ ဆမီးမြို့ခံတွေ မြို့ကိုစွန့်ခွာ

ပလက်၀မှာ ရေကြီးမှုကြောင့် ဒေသခံ တစ်ထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ


ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်ကလည်း စစ်ကောင်စီဟာ ပြည်သူလူထုကို စားနပ်ရိက္ခာပြတ်အောင် လုပ်နေတယ်လို့ ပြောပါတယ်။

"ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ ဒီလို ကန့်သတ်မှုတွေ ပြီးရင်တော့ အစားအစာပြတ်လပ်မှုဖြစ်အောင် လုပ်ဆောင်မှုတွေက လုံး၀မလုပ်သင့်တဲ့အရာ၊ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်တယ်လို့ ပြောလို့ရတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း ဝင်ပေါက်ဖြစ်တဲ့ မကွေးတိုင်း ကျောက်ထုနဲ့ ဆောမြို့ကနေ ချင်းပြည်နယ်ဘက်ကို ကုန်စည်နဲ့ဆေးဝါး သယ်ယူခွင့်ကိုလည်း စစ်ကောင်စီဘက် က ကန့်သတ်ပိတ်ပင် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။