တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း စစ်ကောင်စီ ထပ်ပြော

RFA Burmese
2024.01.16
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း စစ်ကောင်စီ ထပ်ပြော စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အား ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Ministry of Foreign Affairs Myanmar

တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်တစိုက် ထောက်ခံ‌နေပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်တွေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်တယ်လို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံတယ်လို့လည်း ပြောထားပါတယ်။

ဇန်နဝါရီ ၁၃ ရက် ထိုင်ဝမ်ရွေးကောက်ပွဲမှာ လွတ်လပ်ရေးလိုလားတဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အနိုင်ရခဲ့တာကြောင့် ထိုင်ဝမ်ကို မထောက်ခံဘဲ တရုတ်ပြည်မကြီးကိုသာ ထောက်ခံကြောင်း စစ်ကောင်စီက တရုတ်အလိုအကျ ပြောဆိုရတာလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

"ထိုင်ဝမ်ရွေးကောက်ပွဲမှာ ထိုင်ဝမ်လွတ်လပ်ရေးကို တောင်းဆိုတဲ့ အခု လူဟောင်းတွေပေါ့၊ အဲဒီလူတွေက အနိုင်ရလိုက်တာကိုး။ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီက မရလိုက်ဘူးလေ။ တချို့နိုင်ငံတွေက ထိုင်ဝမ်သမ္မတကို လှမ်းပြီးတော့ အောင်မြင်တာဝမ်းသာကြောင်း လှမ်းပြီးပြောတယ်။ အဲဒီတော့ ဗမာပြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က မားမားမတ်မတ် ရပ်တယ်ဆိုတာကို ပြောကြရတာပေါ့။ အဲဒါ ပိုပြီး ပြတ်သားချင်ရင်တော့ တရုတ်တစ်ပြည်တည်းရှိတဲ့မူကို လက်ခံပါတယ်၊ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်နဲ့ လက်ခံပါတယ်ဆိုပြီး အဲဒီလို ပြည့်ပြည့်စုံစုံပြောမှ တရုတ်ကလည်း ကြိုက်တယ်လေ။ အဲဒီတော့ တရုတ်အကြိုက် ပြောရတာပေါ့ဗျာ"

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ ထိုင်ဝမ်မှာ DPP ပါတီက ရွေးကောက်ပွဲ အနိုင်ရသွားတာကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်း တုံ့ပြန်ထားပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီက ထိုင်ဝမ်ကို မထောက်ခံဘဲ တရုတ်နိုင်ငံကိုသာ ထောက်ခံကြောင်း ထုတ်ပြန်လာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံထဲက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်မယ့် အကြောင်း ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

"NUG က အဲဒီလိုလုပ်လာတဲ့အခါမှာ ကျွန်တော်တို့က ခင်ဗျားကို အရင်ကတည်းက ထောက်ခံပြီးသားပါဆိုတဲ့ မူဝါဒအရ မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီးသားကို အစိုးရိမ်ပိုပြီးတော့ အဲဒီလိုလုပ်တယ် ထင်တာပဲ"

NUG က အဲဒီလိုထုတ်ပြန်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်ကလည်း အစိုးရိမ်လွန်ပြီး တရုတ်ကိုထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြန်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီကိစ္စက တစ်ကယ့်တစ်ကယ်ကျတော့ ဒါမျိုးပြောစရာ မလိုဘူးလေ။ ဘာဖြစ်လို့ ပြောစရာမလိုဘူးလည်း ဆိုတော့ ကိုယ့်ရဲ့ရပ်တည်ချက်က အစကတည်းက ရှိထားပြီးသားဥစ္စာကိုး။ အဲဒီတော့ ဒီလိုပြောတဲ့ နောက်ကွယ်က ရည်ရွယ်ချက်မှာက ပြောရရင်တော့ အစိုးရိမ်ပိုတယ်လို့ မြင်တယ်။ NUG က အဲဒီလိုလုပ်လာတဲ့အခါမှာ ကျွန်တော်တို့က ခင်ဗျားကို အရင်ကတည်းက ထောက်ခံပြီးသားပါဆိုတဲ့ မူဝါဒအရ မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီးသားကို အစိုးရိမ်ပိုပြီးတော့ အဲဒီလိုလုပ်တယ် ထင်တာပဲ"

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ မွန်းလွဲပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း ပြောဆိုထားတဲ့ စစ်ကောင်စီနဲ့ NUG နှစ်ဘက်လုံးအပေါ် တရုတ်နိုင်ငံက ဘယ်လိုသဘောထားသလဲဆိုတာ သိနိုင်ဖို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတဆင့် မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးအရ ရှုံးနိမ့်မှုတွေ ကြုံနေရတဲ့ စစ်ကောင်စီဟာ တရုတ်ကို ပိုအားကိုးဖို့ ဒီလိုထုတ်ပြန်ချက်တွေ မကြာခဏ ထုတ်ပြန်ပြောဆိုနေရတာလို့ ထောက်ပြ ဝေဖန်ပါတယ်။

"အခုက စစ်ကောင်စီက စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ အခါမှာ အဲဒီအခြေအနေကို တာဆီးကာကွယ်ဖို့အတွက် တရုတ်ရဲ့အကူအညီ ရယူပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆက်မပြတ် ကျင်းပနေတာ အခုက သုံးကြိမ်ရှိပါပြီ။ ဒီချိန်မှာ ထပ်ခါထပ်ခါ ပြောလာတာ၊ ထပ်ခါထပ်ခါ အကျပ်အတည်းနဲ့ ရှုံးနိမ့်မှုတွေ စစ်ကောင်စီဘက်က ကြုံနေရတဲ့ အခြေအနေမှာ တရုတ်ကို အားကိုး ပြီးတော့ သူတို့အနေနဲ့ မူလအတိုင်းပဲ One China Policy ကို ထောက်ခံတဲ့ အကြောင်းကို ထပ်ပြီးတော့ ဖော်ပြတာပါပဲ။ သိပ် ထူးထူးခြားခြားတော့ မဟုတ်ပါဘူး"

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Military)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Military)

ပထဝီအနေအထားအရ မြန်မာဟာ အင်အားကြီး တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်နေတာကြောင့် စစ်ကောင်စီနဲ့ NUG ဟာ တရုတ်နဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာလို့လည်း စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မြန်မာ့နိုင်ငံရေးမှာတော့ လက်ရှိ အာဏာရထားသူပဲဖြစ်ဖြစ်၊ အတိုက်အခံပဲဖြစ်ဖြစ် အင်အားကြီးတရုတ်နိုင်ငံရဲ့ မူဝါဒတွေကို လွန်ဆန်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်မြက် က ပြောပါတယ်။

"အစိုးရကလည်း အဲဒါကို သွားဆန့်ကျင်လို့ရှိရင် အဲဒီကိစ္စအတွက် တရုတ်အစိုးရက သူ့အပေါ်မှာ အမျက်သိုမှာ သူကြောက်တာပေါ့။ NUG ကလည်း သူ့ရှေ့ အလားအလာနဲ့ သူ့မျှော်လင့်ချက်တွေကို ရှေ့က ကာဆီး၊ ကာဆီး မလုပ်နိုင်တာ တရုတ်ကို ကောင်းကောင်း ပေါင်းမှ ဖြစ်မယ်ဆိုပြီးတော့ သူကလည်း အဲဒီလို လုပ်ပုံရပါတယ်။ သူလည်း နိုင်ငံခြားရေးပေါ်လစီမှာတော့ တရုတ်မဆန့်ကျင်ရေးမူပေါ့။ NUG က ကြေညာ၊ နောက်တစ်ခါ လက်ရှိ အစိုးရ (စစ်ကောင်စီ) ကလည်း ကြေညာနဲ့ သူတို့က တစ်သံတည်းဖြစ်သွားတာ အဲဒါကြောင့်ပါ"

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ပြင်းထန်လွန်းတဲ့ စစ်ရေးအခြေအနေတွေကို တရုတ်အကူအညီနဲ့ အပစ်ရပ်ထားနိုင်တာကိုကြည့်ရင် မြန်မာအပေါ် တရုတ်ရဲ့ လွှမ်းမိုးနိုင်မှုတွေကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်လို့ ဦးထက်မြက်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ သုံးနှစ်နီးပါး ရှိလာတဲ့အထိ စစ်ကောင်စီနဲ့ NUG နှစ်ဘက်စလုံးက နိုင်ငံတကာမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းနေရဆဲပဲလို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။