စစ်ကောင်စီဝန်ကြီးကို ဖိတ်ခေါ်တဲ့ တရုတ်ရဲ့လုပ်ရပ် မေးခွန်းထုတ်ခံရ

2022.04.05
စစ်ကောင်စီဝန်ကြီးကို ဖိတ်ခေါ်တဲ့ တရုတ်ရဲ့လုပ်ရပ် မေးခွန်းထုတ်ခံရ တရုတ်နိုင်ငံခြားရေးဝန်‌ကြီး ဝမ်ယိနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့တွင် တွေ့ဆုံစဉ်
Photo: MOFA

တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ဖိတ်ကြားချက်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့ကို မတ်လ ၃၁ ရက်နေ့ ကနေ ဧပြီလ ၂ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့ပါတယ်။

တရုတ်ကဖိတ်တာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံတွေလည်း ပါဝင်ပြီး လေးနိုင်ငံစလုံးက တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ အဓိကပါဝင်နေတဲ့ နိုင်ငံတွေပါ။

မြန်မာနိုင်ငံမှာ ဘယ်လို အခြေအနေတွေ ပြောင်းလဲနေပါစေ မြန်မာရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရှာဖွေဖို့ တရုတ်က ပံ့ပိုးကူညီသွားမယ်လို့ မစ္စတာဝမ်ယိ က ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။ နယ်ပယ်အားလုံးမှာ နက်နက်ရှိုင်းရှိုင်း ဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံ အနေနဲ့ အသင့်ရှိတယ်လို့လည်း မစ္စတာဝမ်ယိက ပြောခဲ့ပါတယ်။

"မြန်မာပြည်သူလူထုရဲ့ ဆန့်ကျင်ဘက်မှာ ဘေဂျင်းက ရပ်တည်သွားပြီလားပေါ့"

အာဆီယံအဖွဲ့က ပစ်ပယ်ထားတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တရားဝင် ဖိတ်ခေါ် ဆွေးနွေးတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့ ဆောင်ရွက်ချက်လို့ပဲ ကျမတို့အနေနဲ့ မြင်ပါတယ်။ တရုတ်ကနေပြီးတော့ အစောပိုင်းက ရပ်တည်ထားတဲ့ ပြည်သူလူထုဆီကို အာဏာပြန်ပေးဖို့တို့ ပြည်သူလူထုရဲ့ သဘောထားအတိုင်းပဲ တရုတ် ဘေဂျင်းအနေနဲ့ ရပ်တည်ပါမယ်ဆိုတဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန်လိုက်ပြီးတော့ ဘက် တစ်ဖက် ဖက်ကို ရပ်တည်လိုက်တာလားလို့ ကျမတို့ဘက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်သူလူထုရဲ့ ဆန့်ကျင်ဘက်မှာ ဘေဂျင်းက ရပ်တည်သွားပြီလားပေါ့”

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ပဲ ဆက်ဆံနေပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တရားဝင် ဆက်ဆံတာမျိုးတော့ အခုချိန်ထိ မရှိသေးပါဘူး။

စက်တင်ဘာလ ၉ ရက်နေ့တုန်းက အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကိုတက်ဖို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တက်ရောက်ခဲ့ပေမယ့် ဆွေးနွေးမှု မပါဝင်ခဲ့ပါဘူး။

တရုတ်အခြေစိုက် မြန်မာ့နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ တရုတ်အစိုးရဟာ စီးပွားရေးကို အဓိက ဦးစားပေးတာမှန်ပေမယ့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံရေးအရ ဖိအားပေးတာမျိုးတော့ လုပ်လေ့ရှိပါတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရ ဖိအားပေးတဲ့ဟာတွေလည်း ပါတယ်။ ဥပမာအားဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ဖွင့်ဖို့။ အဲလိုလမ်းကြောင်းပြန်ဖွင့်ဖို့ ကြိုးစားတဲ့နေရာမှာ သူတို့ တရုတ်ပြည်အနေနဲ့ အတတ်နိုင်ဆုံး ပါဝင်ကူညီမယ်ဆိုတဲ့ အကြောင်းပါတယ်ဗျ။ အဓိက ကတော့ စီးပွားရေးပါပဲ။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်တို့ ခေတ်တုန်းက သဘောတူထားတဲ့ကိစ္စတွေ ရှိတယ်လေ။ ပိုးလမ်းမစီမံကိန်းမှာ ဗမာပြည်က စီမံကိန်း တွေက အကုန်ရပ်ထားသလို ဖြစ်နေတာကိုး။ ဒါတွေကိုပြန်ပြီး ဖွင့်ပေးဖို့ အဲဒီဟာတွေ လည်း ပြောတယ်။ တရုတ်က သူ့အကျိုးစီးပွား အပေါ်ကနေ ခေါ်တွေ့တာ မှန်တယ်။ ဒါပေမဲ့ ဗမာပြည်ကိုလည်း သူက တည်ငြိမ်စေချင်လို့ ဒီမိုကရေစီ လမ်းစဉ်တွေ၊ ဘာတွေ ပြန်လျှောက်ဖို့ပေါ့။ အဲဒီအတွက်လည်း သူတတ်နိုင်လောက် ကူညီမယ်တို့၊ ဘာတို့ ပြောတာပေါ့”

ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်အောင် တတ်နိုင်သလောက် ကူညီမယ်လို့ဆိုတဲ့ နေရာမှာ နယ်ချင်းစပ်နေတဲ့ တော်လှန်ရေးအုပ်စုတွေနဲ့ ဆက်စပ်ပြီး ငြိမ်းချမ်းရေး ဆက်တည်ဆောက်နိုင်အောင် ကြိုးစားပေးမယ်ဆိုတဲ့ သဘောမျိုးလို့လည်း ဒေါက်တာ လှကျော်ဇော က ဆိုပါတယ်။

ဦးဝဏ္ဏမောင်လွင် ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်တွေကို အပြည့်အဝ ထောက်ခံကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေ ကုန်သွယ် လုပ်ငန်းတွေ တိုးချဲ့ဖို့အပြင် တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ မူဘောင်တွေ ကို အရှိန်မြှင့်တင်ဖို့လည်း ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။

ဆွေးနွေးမှု အသေးစိတ်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးတဲ့အခါ ထုတ်ပြန်ထားတဲ့အတိုင်းပဲလို့ပဲ ပြန်ဖြေပါတယ်။

“ကျနော်တို့ သတင်းထုတ်ပြန်ပြီးတဲ့ အတိုင်းပါပဲ။ သီးခြားတော့ ကျနော် ပြောစရာ မရှိပါဘူး”

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဖို့၊ တရုတ်နိုင်ငံ ချုံချင်းမြို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ဖို့၊ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ စိုက်ပျိုးရေးထုတ်ကုန်တွေ ကုန်သွယ်ရေး လျင်မြန် ချောမွေ့စေဖို့နဲ့ နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နဲ့ အမြဲတမ်းနယ်စပ်ဂိတ်တွေ တိုးမြှင့် ဖွင့်လှစ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူဝါဒ အာဆီယံ ပဋိညာဉ်နဲ့ အခြေခံမူတွေနဲ့အညီ လုပ်ဆောင်နေတယ်ဆိုတာကိုပါ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

sun-guoxiang-minaunghlaing.jpeg
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang နဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ် (Photo: Myanmar Military)

ပြီးခဲ့တဲ့နှစ် ဩဂုတ်လက အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံပြီး မြန်မာ့လူမှုတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုမှာ နိုင်ငံတကာ အသိုက်အဝန်းနဲ့အတူ အပြုသဘောဆောင် အားထုတ်ကူညီသွားမယ်လို့ ပြောဆိုထားတာရှိပါတယ်။

တရုတ်အစိုးရဟာ အာရှနဲ့ ဥရောပကိုဖြတ်ကျော်ပြီး အာဖရိကတိုက်အထိ ဖောက်လုပ်မယ့် သူ့ရဲ့ ပိုးလမ်းမ မဟာစီမံကိန်းအပေါ်မှာပဲ အဓိကထားတာ တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောပါတယ်။

“တရုတ်က One Belt One Road စီမံချက်အပေါ်မှာပဲ တစိုက်မတ်မတ် လုပ်နေတာ တွေ့ရတယ်။ စီးပွားရေးအရ သူတို့ ဒီကာလအတွင်းမှာ လုပ်လို့ရတဲ့ဟာတွေ ရှိကောင်းရှိမယ်။ မြန်မာနိုင်ငံအတွင်းမှာ သူတို့ ပါဝင်ပတ်သက်ထားပြီးတော့ ရင်းနှီး မြှုပ်နှံဖို့အတွက် လျာထားချက်တွေလည်း အများကြီးရှိတယ်။ ဆိုတော့ အဲလိုဟာတွေ ထဲမှာ သူတို့ ရနိုင်တဲ့ဟာတွေကို ပိုကြည့်ပုံရတယ်”

တရုတ်ဟာ အရင်စစ်အစိုးရ လက်ထက်ကတည်းက ဆက်ဆံခဲ့တဲ့အတိုင်း အခုလည်း စစ်ကောင်စီဘက်ကိုပဲ ရပ်တည်ဖို့ ပိုအားသန်တာတွေ့ရတယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက မြန်မာနိုင်ငံကိုလာခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း သဘောတူစာချုပ် စုစုပေါင်း ၃၃ ခုကို နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပြီး အဲဒီအထဲမှာ ခေတ်သစ် ပိုးလမ်းမစီမံကိန်း အပါအဝင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ် ဝမ်ဘင်း (Wang Wenbin) ကလည်း အင်ဒို၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံ တွေရဲ့ တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ အရေးကြီး မိတ်ဖက်တွေ ဖြစ်တာကြောင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးရဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ရေးနဲ့ ကဏ္ဍပေါင်းစုံ မှာ လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း မတ်လ ၂၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံ- တရုတ်အစည်းအဝေးအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ဖို့ တရုတ်က ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ ခေါင်းဆောင် ကို မဖိတ်ဖို့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက ကန့်ကွက်ခဲ့လို့ မြန်မာမပါဘဲ ကျင်းပခဲ့တာရှိခဲ့ပေမယ့် အခုတော့ တရုတ်က တရားဝင် ဖိတ်ကြားခဲ့တာပါ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-04-06 02:25

Why china stand with Min Aung Hlaing's Military coup?????