ကိုရိုနာဗိုင်းရပ်စ် ၁၅၆ နိုင်ငံ ပျံ့နှံ့

စမ်းစမ်းတင်
2020.03.16

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ၁၅၆ နိုင်ငံကို ပျံံ့နှံ့ရောက်ရှိသွားပါပြီ။ မတ်လ ၁၅ ရက် ဂရင်းနစ်စံတော်ချိန် ၁၅နာရီခွဲအထိ ကမ္ဘာတစ်ဝန်းမှာ Covid-19  လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့လူ ၁၆၂၆၈၀ ယောက်ရှိပြီး ၆၀၆၉ ယောက် သေဆုံးပြီး ဖြစ်ပါတယ်။ နာလန်ပြန်ထူနိုင်တဲ့ လူကတော့ ၇၆၂၁၉ ယောက် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ ရောဂါရှင်  ရှစ်သောင်းကျော်ရှိပြီး တရုတ်နိုင်ငံပြင်ပမှာ ရှစ်သောင်းတစ်ထောင်ကျော်ရှိပါတယ်။ % အားဖြင့် တရုတ်နိုင်ငံမှာ ၄၉.၇၀ % ဖြစ်ပွားပြီး  တရုတ်ပြည်ပနိုင်ငံတွေမှာ  ၅၀.၃၀ % ဖြစ်ပွားတဲ့အတွက် စဖြစ်တဲ့နိုင်ငံထက် ပြင်ပမှာ ပိုဖြစ်ပွားရပါတယ်။

တရုတ်နိုင်ငံမှာ နောက်ထပ် ၁၀ ယောက်သေဆုံးရချိန်မှာ အီရန် နိုင်ငံမှာ ၁၁၃ ယောက် ထပ်သေဆုံးရတာမို့ အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၇၂၄ ယောက် သေဆုံးသွားပြီးဖြစ်ပါတယ်။ အီတလီမှာ ၁၄၄၁ ယောက် သေဆုံးရတာမို့ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် အသေအဆုံး အများဆုံးနိုင်ငံဖြစ်ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ဖို့ အီတလီတစ်နိုင်ငံလုံးက လူတွေအိမ်ထဲနေရပြီး အထူးခွင့်ပြုချက်နဲ့ အပြင်ထွက် ဈေးဝယ်တဲ့အခါ ရှေ့လူနဲ့ နောက်လူ အနည်းဆုံး ခြောက်ပေခွာ တန်းစီရပါတယ်။ ဂီတအနုပညာနဲ့ မွေ့လျော်တဲ့ လူမျိုးတွေမို့ အပြင်မထွက်ရပေမယ့် တိုက်ဝရန်တာထွက်ပြီး ဆိုကြတီးကြတဲ့ ဗွီဒီယိုကလည်း လူကြည့်များလှပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့လူ ၃၀၀၀ ကျော် ရှိပြီး ၆၁ ယောက်ထက်မနည်း သေဆုံးသွားရပါတယ်။ ဒါတောင် ရောဂါဖြစ်ပွားနှုန်း အထွတ်အထိပ် မရောက်သေးဘူးလို့ ကျန်းမာရေးထိပ်တန်းတာဝန်ရှိသူက ပြောကြားတယ်လို့ CNN ကကြေညာပါတယ်။

ကြိုတင်ကာကွယ်တဲ့အနေနဲ့ လက်မကြာခဏဆေးဖို့၊ လူများတဲ့နေရာ မသွားဖို့၊ နေမကောင်းရင် အိမ်မှာနေ ဆရာဝန်အကြံရယူ ဆေးဝါးကုသဖို့ မပြတ်သတိပေးနေပြီး ပွဲလမ်းသဘင်တွေလည်း ဖျက်သိမ်းပါတယ်။ လူတွေ တစ်ချိန်တည်းတစ်ပြိုင်တည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာရင် ဆေးရုံ၊ ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်းတွေ  မနိုင်မနင်းဖြစ်မယ်လို့လည်း သတိပေးနေပါတယ်။ အချက်အလက်မှန်၊ အခြေအနေမှန် သိရအောင် ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းက ထုတ်ပြန်ချက်တွေကိုပဲ အားကိုးပါလို့လည်း ပြောနေကြတာပါ။

ဒီရောဂါစဖြစ်ပွားချင်းချင်းကပဲ သတင်းမှား၊ သတင်းတုတွေဟာ ဗိုင်းရပ်စ်ထက် ပြန့်ပွားလွယ်တယ်လို့ WHO ပြောထားတာလည်းရှိပါတယ်။

မြန်မာလူထုကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ၇၈ - ၈၀ ဖာရင်ဟိုက်၊ ၂၆ ဒီဂရီစင်တီဂရိတ်ကနေ ၂၇ ဒီဂရီစင်တီဂရိတ်ဆိုရင် သေတာမို့ ပူပြင်းတဲ့အရပ်တွေမှာ ဒီဗိုင်းရပ်စ် မရှိဘူးဆိုတဲ့ သဘောတရားပါတဲ့ စာတွေကို တစ်ဆင့်လက်က တစ်ဆင့်ကို ဝေလို့ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံက WHO ရုံးကနေ ကိုရိုနာဗိုင်းရပ်စ်ဟာ ပူပူအေးအေး၊ ရာသီဥတု စိုထိုင်း စိုထိုင်း အသက်ရှင်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ရပါတယ်။

ဒီလိုပဲ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကလို့ဆိုပြီး ယူနီဆက်ဖ်လိုဂို အမှတ်တံဆိပ်မပါဘဲ ကိုရိုနာဗိုင်းရပ်စ်ရေးရာ ဆောင်ရန်-ရှောင်ရန်တွေ အွန်လိုင်းမှာ ပြန့်နေတဲ့အတွက် ဒါတွေမထုတ်ပြန်ပါဘူးလို့ ယူနီဆက်ဖ်က ငြင်းထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။