သမိုင်းဝင်နေအိမ်ကို လေလံတင်ရောင်းချမယ့် ဆုံးဖြတ်ချက် ဆင်ခြင်မဲ့တဲ့လုပ်ရပ်လို့ ဝေဖန်
2024.01.26

အမွေအနှစ်ဆိုတာ ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ပြီး ရောင်းချဖို့ မဟုတ်ဘူးဆိုတဲ့ ဆိုရိုးစကားတွေရှိပေမယ့် လွတ်လပ်ရေးဖခင်လို့ တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုနေခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ က နေအိမ်ကို သိန်းပေါင်းသန်းနဲ့ချီ လေလံဈေးတင်ပြီး ရောင်းချဖို့ စစ်ကောင်စီတရားရုံးက အမိန့်ချလိုက်ပါပြီ။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ သန်း ၉၀ နဲ့ ညီမျှတဲ့ မြန်မာငွေကျပ် သိန်းပေါင်းသုံးသန်းကျော်နဲ့ လေလံတင် ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီလ ၂၅ ရက်မှာ အမိန့်ချခဲ့တာပါ။
“ဒါသမိုင်းဝင်နေရာပဲ။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတော့ ဈာပနကော်မတီဖွဲ့တယ်။ ဈာပကော်မတီကို ထည့်တဲ့ ပြည်သူပြည်သားတွေရဲ့ ငွေတွေက တအားများတယ်။ အဲ့ဒီအခါမှာ အပေါင်ဆုံး အိမ်ကို ဈာပနကော်မတီက အဲ့ဒီငွေနဲ့ဝယ်ပေးတယ်။ အများပိုင်ငွေနဲ့ဝယ်ထားတာပေါ့။ နောက်တစ်ချက်ကတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးနေတဲ့အိမ်၊ ဒါနဲ့တင် သမိုင်းဝင်နေပြီ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း နိုင်ငံအကြီးအကဲပဲ။ နိုင်ငံတကာသွားရင် သူ့ကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုရတာ။ ကြိုဆိုရတာ။ ဒီလို သမိုင်းဝင်ပုဂ္ဂိုလ်ကြီး၊ နိုဘယ်ဆုရှင်ကြီးနေတဲ့အိမ်ကို ခွဲဝေပြီး ဝယ်ချင်တဲ့သူ ဝယ်ကွာ။ KTV ပဲဖွင့်ဖွင့်၊ အရက်ဆိုင်ပဲလုပ်လုပ် လုပ်ချင်ရာလုပ်ဆိုပြီး လုပ်ရင်ဘယ်ကောင်းမလဲ။ ဒါက တရားမျှတမှု မရှိဘူး။ သမိုင်းဝင်အဖြစ်နဲ့ပဲ ဆက်ထားသင့်တယ်။”
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ပြောသွားတာပါ။
လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ကြမ်းခင်းဈေး ကျန်သိန်းပေါင်း သုံးသန်းတစ်သိန်းငါးသောင်းနဲ့ လေလံတင် ရောင်းချဖို့ တရားရုံးက အမိန့်ချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်အမိန့်ချထားပြီးသားဖြစ်တဲ့ လေလံပစ်ပြီး ထုခွဲရောင်းချပြီးမှ ပိုက်ဆံကို ခွဲဝေယူဖို့ပေါ့နော်။ အခုက အဲဒီအမိန့်ကို အကောင်အထည်ဖော်တာပေါ့။ လေလံကြမ်းခင်းဈေးကို အမိန့်ချပေးတယ်။ ဘယ်နေ့မှာ စတင် လေလံတင်ပြီး ရောင်းချမယ်ဆိုတာကို သတ်မှတ်ပေးတာပေါ့”
လုံခြုံရေးအရ ဖြေကြားသူရဲ့ အသံကို အသံအစားထိုး တင်ပြထားပါတယ်။
တရားရုံးဆုံးဖြတ်ချက်အရ ဒေါ်လာသန်း ၉၀ ကို ငွေဖြူပြပြီး ဝယ်ရမယ်ဆိုတဲ့အတွက် ဝယ်ယူမယ့်သူ ပေါ်ပေါက်လာဖို့ကတော့ ခက်ခဲနိုင်ပြီး နောက်ပိုင်းမှာ ကြမ်းခင်းဈေးကို လျော့ချရောင်းချသွားတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ တွက်ဆချက်တွေလည်း ရှိပါတယ်။
အမှတ် (၅၄) မှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှုနဲ့ ပတ်သက်လို့ ကာလကြာရှည် အငြင်းပွားနေခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးလိုက်ပါတယ်။ အဲ့ဒီနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ လေလံ ကြမ်းခင်းဈေးကို သတ်မှတ်ပေးလိုက်တာပါ။
ဒီလုပ်ရပ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ မလိုမုန်းတီးမှုကို မြင်တွေ့ရတယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။
“မိခင်ကြီးဒေါ်ခင်ကြည်ရယ်၊ သားတွေ၊ သမီးတွေက ဒီဟာက တစ်နေ့တော့ နိုင်ငံတော်ကိုပဲ ပြန်အကျိုးပြု စေရမယ်ဆိုပြီး မိသားစုတွင်း သဘောတူညီမှုယူထားတာပါ။ ယူထားတာကနေပြီး အခုချိန်မှာ အခုလိုဖြစ်တာကတော့ အင်မတန် စိတ်မကောင်းဖြစ်စရာအဖြစ် ကြားသိရတာပါ။ ဒီဟာကတော့ စကစခေါင်းဆောင်ရဲ့ မနာလိုမုန်းတီးမှုကို အခြေခံပြီး အခွင့်ကောင်းယူပြီး တစ်ဖက်တရားပြိုင်က ဒီလိုဖြစ်လာအောင် ဇာတ်တွေခင်းတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ် ခင်ဗျ။”
လေလံတင်ရောင်းချမယ့် ဒီအိမ်ဟာ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရလို့ ကွယ်လွန်ပြီးနောက်မှာ ဇနီးဒေါ်ခင်ကြည်နဲ့ မိသားစုနေထိုင်ဖို့ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့တဲ့အိမ် ဖြစ်ပါတယ်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ၁၅ နှစ်နီးပါး အဲဒီနေအိမ်မှာပဲ နေထိုင်ခဲ့တာပါ။ အမေရိကန်သမ္မတ အိုဘားမားလို နိုင်ငံတကာက အထင်ကရ ခေါင်းဆောင်တွေလည်း ဒီအိမ်ကို လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်က သူတို့လက်ထက်မှာ တရားသောဥပဒေ မရှိဘူးဆိုတာ သက်သေပြနေပြီး နိုင်ငံတကာအနေနဲ့ ကူညီဆောင်ရွက်ဖို့လိုတယ်လို့ တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။
“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာ သမိုင်းဝင် ဂန္တဝင်ဖြစ်တဲ့ အဆောက်အအုံကို လေလံတင်ရောင်းချဖို့ ဆုံးဖြတ်လိုက်တာဟာ ပြည်သူတစ်ရပ်လုံးကို အပြင်းထန်ဆုံး ရက်စက်နေတဲ့ ဖက်ဆစ်အာဏာရှင်ရဲ့ တရားသောဥပဒေ သူတို့လက်ထက်မှာ မရှိဘူးဆိုတာလည်း ပြသနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်အထိကိုပါ ခြိမ်းခြောက်ဖို့ ပြင်ဆင်ကြိုးစားနေတယ်ဆိုတာ သူရဲ့ အဆောက်အအုံပါမကျန် ဖျက်ဆီးဖို့ ဆောင်ရွက်နေတာက သက်သေပြနေလို့ နိုင်ငံတကာအနေနဲ့ လူထုခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကိုပါ ရန်ပြုနိုင်တဲ့ ရှေ့လာမယ့် အန္တရာယ်ကိုပါ ကြိုကာကွယ်ပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အဲဒီနေအိမ်ကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ရွှေ့ပြောင်း၊ ပြင်ဆင်ရောင်းချဖို့ ကြံစည်သူတွေကို ဥပဒေအရ အရေးယူ မယ်လို့ ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ခြံအမှတ် ၅၄ နဲ့ပတ်သက်ပြီး လေလံတင်ရောင်းချဖို့ လုပ်ဆောင်သူအားလုံးကို ဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။
“နိုင်ငံခေါင်းဆောင်၊ ပြည်သူ့ခေါင်းဆောင်တစ်ယောက်ရဲ့ နေအိမ်ကို ဒီလိုလုပ်တာဟာ တော်တော်လေးကို မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စပေါ့နော်။ ဒီဟာက သမိုင်းဝင်အိမ်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ဒီပိုင်ရှင်ကို မတရားထောင်သွင်းအကျဉ်းချပြီးမှ လုပ်ချင်တိုင်းလုပ်တဲ့ကိစ္စတွေက တစ်ခုမှ တရားမဝင်ဘူး။ NUG အနေနဲ့ဆိုလည်း ဒီမြေနေရာ၊ ဒီမြေနေရာမှာ ရှိတဲ့ အဆောက်အအုံ၊ နောက်ပြီး မရွှေ့မပြောင်းနိုင်တဲ့ အဆောက်အအုံပစ္စည်းအားလုံးကို ကြားကာလအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုပြီးတော့ သတ်မှတ်လိုက်တယ်။ ဒါကို ပိုင်ဆိုင်ဖို့ကြိုးစားတာ၊ ရောင်းချတာ၊ ဝယ်ယူတာတွေက တရားမဝင်ဘူး။ တရားမဝင်တဲ့အပြင် အဲ့ဒီမှာပါဝင်ပတ်သက်နေသူအားလုံးဟာ ဥပဒေကို ချိုးဖောက်သူတွေဖြစ်လို့ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူသွားမယ်။”
လက်ရှိမှာတော့ အမွေဆက်ခံသူ ခြံအမှတ် ၅၄ အိမ်ပိုင်ရှင် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၂၇) နှစ်နဲ့ အကျဉ်းချခံထားရပါတယ်။