ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ်


2018.10.19

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၉ ရက်နေ့မနက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ်အကြောင်း RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီနေ့မနက် ၈ နာရီ ခွဲမှာ နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ်အကြောင်းကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

သူမခရီးစဉ်ရဲ့ အဓိက အကြောင်းအရာဟာ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ မူးယစ်ဆေးဝါးဖြတ်သူတွေ အတွက် ပြန်လည်ထူထောင်ရေးစခန်းဖွင့်တာကို တက်ရောက်မိန့်ခွန်းပြောဖို့ဖြစ်ပါတယ်။

အဲဒီစခန်းကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို လွှဲပြောင်းလှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမူးယစ်ဆေးဝါးဖြတ်သူများစခန်းကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းနိုင်အောင် ကူညီပေးတာဟာ ချက် သမ္မတနိုင်ငံတော်က ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ လှူဒါန်းနိုင်အောင် ထောက်ပံ့နိုင်တာကတော့ ချက်သမ္မတနိုင်ငံကဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခက်အခဲတွေ ကို အမြဲပဲနားလည်စွာနဲ့ ကူညီပေးတဲ့နိုင်ငံတွေထဲမှာ ချက်နိုင်ငံပါပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံရဲ့ တခြားနေရာတွေမှာ ဖွင့်ဖို့ရှိတဲ့ မူးယစ်ဆေးဝါးဖြတ်သူများ စခန်းတွေကို လှူဒါန်းပေးဖို့လည်း အစီစဉ်တွေရှိပြီးပါပြီ”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဆော့လော်၊ လာချင်ဒေသက စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားတွေကို နေထိုင်နေကြတဲ့ စာသင်ကျောင်းကို သွားရောက်ခဲ့ပြီး ကလေးငယ်တွေကို ကျောင်းသုံးဗလာစာအုပ်နဲ့ ဂွမ်းစောင်တွေ လှူဒါန်းခဲ့ ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ စိန်ဂျိုးဇက်စခန်းက ကချင်ရိုးရာ ယက္ကန်းရုံ ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ နေ့လည်မှာတော့ စစ်ရှောင်စခန်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့အတူ နေလယ်စာ စားခဲ့ပါတယ်။

သူမခရီးစဉ်ထဲက အဓိကအကြောင်းအရာဖြစ်တဲ့ မူးယစ်ဆေးဝါးဖြတ်သူများ ပြန်လည်ထူထောင်ရေး စခန်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အဖွင့်အမှာစကားထဲက တချို့ကို ပြောပြရရင်

မူးယစ်ဆေးဝါးစွဲနေသူတွေ ဆေးပြတ်အောင် မိသားစုအသိုင်းအဝိုင်းက ကူညီပေးဖို့လိုကြောင်းနဲ့ ဆေးသုံးသူတွေကို ထောင်ထဲထည့်မယ်ဆိုရင် ထောင်မဆန့်ရုံသာရှိမယ်လို့ သူမက ပြောပါတယ်။

“မူးယစ်ဆေးဝါးကို ဆေးပညာနဲ့ဖြတ်ပြီးလို့ ဆက်ပြီးပြတ်နိုင်အောင် လူမှုအသိုင်း၊ မိမိပတ်ဝန်းကျင်က ကူညီမှဖြစ်မှာပါ။ ဆက်ပြီးသုံးလို့ ဆက်ပြီးထောင်ထဲထည့်ရင် ထောင်မဆန့်ရုံပဲရှိမှာပါ။ ဒီလိုမျိုးနည်းနဲ့ ဖြတ်လို့မရပါဘူး”

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးစွဲသူတွေကို ခွဲခြားဆက်ဆံမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ကြားသိ ထားရတာဟာ ဝမ်းသာစရာတစ်ခုဖြစ်ကြောင်းနဲ့ ဆေးတစ်ခါစွဲပြီးပြီဆိုရင် တဘဝလုံး ဆိုးကျိုးသက်ရောက်မှုတွေ ရှိနိုင်တာကြောင့် ကလေးငယ်တွေ ဆေးမစွဲအောင် မိဘ၊ဆရာသမားတွေက သတိထားစောင့်ကြည့်ပေးဖို့ကိုလည်း သူမက တိုက်တွန်းခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ဟာ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တစ်နေရာ လစ်လပ်နေလို့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမယ့် ပြည်နယ်ဖြစ်နေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ပတ်အလိုမှာ ရွေးကောက်ပွဲကျင်းပမယ့် ပြည်နယ်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မသွားရောက်သင့်ဘူးဆိုပြီး ရှုမြင်သူတွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ်အတွင်း သွားရောက်ဝန်းရံခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားကို ပါတီစည်းရုံးရေးအတွက် လာရောက်တာ မဟုတ်ကြောင်း ပြောပါတယ်။

“ သူကတော့ ဘာမှမပြောပါဘူး။ အဓိက ပါတီစည်းရုံးရေးလာတာ မဟုတ်ဘူး။ ကလေးသူငယ်တို့၊ ဒုက္ခသည် စခန်းတို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း လိုအပ်တာတွေ လုပ်တာတွေလေ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ လိုက်ပါသွားသလို ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်ရှင်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။