ထိပ်သီးဆွေးနွေးပွဲ တိုင်းရင်းသား တချို့ သတိနဲ့ ကြိုဆို


2018.10.06

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ကျရင် မြန်မာနိုင်ငံအနာဂတ်အတွက် တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့်အပေါ် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတချို့ က သတိနဲ့ ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားတွေလိုလားတဲ့ တပ်မတော်မျိုးဖြစ်အောင် တည်ဆောက်ပြဖို့ လိုတယ်လို့လည်း ထောက်ပြခဲ့ကြတာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်လက်ပြောပြပါမယ်။

............................................................................................................................................................................

မြန်မာ့နိုင်ငံရေးမှာ အဓိက ဆုံးဖြတ်ချက်ချနိုင်တဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမှာပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးတာ ၃ နှစ်ပြည့်တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကိုရွေးပြီး ပုပ္ပားဒေသမှာ တွေ့ကြမှာလည်းဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမယ့်အပေါ် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်အဖွဲ့အစည်း ဒုဥက္ကဋ္ဌ စောနေထူး ကတော့ - သတိထား ကြိုဆိုခဲ့ပါတယ်။

“အဲဒီလို ခေါင်းဆောင်တွေ တွေ့မယ့်အပေါ်မှာတော့ ကျနော်တို့က ကြိုဆိုတာပေါ့နော်။ ဘာဖြစ်လဲဆိုတော့ အပစ်အခတ်ရပ်စဲတာလည်း တော်တော်လေးကြာနေပြီ။ ဒါပေမဲ့ ပြန်ကြည့်တဲ့အချိန်မှာ နောက်ဆုတ်နေသလိုပဲ တွေ့ရတယ်။ ပြည်ပက ကရင်တွေအနေနဲ့ကတော့။ ငြိမ်းချမ်းရေးဖြစ်စဉ်က တိုးတက်မှုတွေကို မမြင်ရဘူးဖြစ်နေတယ်”

Kachin Alliance အဖွဲ့ ဥက္ကဋ္ဌ ဂွန်ဆမ် ကတော့ - ဒီတွေ့ဆုံမှုဟာ နိုင်ငံရေးရွှေ့ကွက်တစ်ခုလို့ပဲ ယူဆပါတယ်။

“ကျနော့်အမြင်ကတော့ နိုင်ငံတကာ ဖိအားတွေ ကျော်လွန်ဖို့အတွက် နိုင်ငံရေးလှည့်ကွက် တကွက်ပါပဲ။ နိုင်ငံရေးကျားကွက် ကစားနေတာဆိုတော့ ဒီလိုမျိုး အစည်းအဝေးတွေလုပ်မယ်။ နိုင်ငံတကာ ဖိအားတွေကို နည်းနည်းအလျှော့အတင်းလုပ်မယ်။ ဒီလိုမျိုးနဲ့ သောင်မတင် ရေမကျ နိုင်ငံရေးကို အချိန်ဆွဲဖို့ပဲ လုပ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးအတွက်ကတော့ ကျနော်တို့ သိပ်ယုံကြည်မှု မရှိပါဘူး”

တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား ညှိမရတဲ့ အကြောင်းအရာတွေမှာ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးကလည်း တစ်ခုအပါအဝင်ပါ။ ဒါနဲ့ ပတ်သက်ပြီး Kachin Alliance အဖွဲ့ ဥက္ကဋ္ဌ ဂွန်ဆမ် ကတော့ - တန်းတူညီမျှမှု ရှိပါ့မယ်ဆိုတဲ့ အာမခံချက် လိုအပ်တယ်လို့ ပြောပါတယ်။

“တစ်ခုတည်းသော တပ်မတော်ဖြစ်ဖို့ကတော့ လူမျိုးတစ်မျိုးတည်း၊ ဘာသာတစ်ဘာသာတည်းက ဦးဆောင်နေတဲ့ တပ်မတော်မျိုး မဖြစ်ဖို့က အရေးကြီးတာပေါ့။ တိုင်းရင်းသားတွေ လိုလားတာကတော့ တန်းတူညီတူရှိတဲ့ တပ်မတော်။ အဲလိုမျိုးကို လိုချင်တာ တိုင်းရင်းသားတွေက။ အခု အခြေအနေဆိုရင် ထိပ်ပိုင်းမှာ အယောက် ၂၀ ရှိတာ။ ဘာသာရေးနဲ့ပဲ ကြည့်ကြည့်၊ လူမျိုးရေးနဲ့ပဲ ကြည့်ကြည့်၊ လူမျိုးတစ်မျိုး၊ ဘာသာတစ်မျိုးတည်းကပဲ အဲဒီထိပ်ပိုင်းမှာ ရှိနေတာပါ။ ပြဿနာက ဒီဟာပါ။ နောက် တပ်မတော်မှာ တိုင်းရင်းသားပါဝင်မှုဆိုတာ နယ်ခြားစောင့်တို့ နယ်လုံတို့ ပြည်သူ့စစ်အဆင့်လောက်ပဲ ရှိတာပါ။ တိုင်းရင်းသားတွေ လိုလားတာက ဖက်ဒရယ် ပြည်ထောင်စုနဲ့ ထင်ဟပ်နေတဲ့ တပ်မတော်လိုချင်တာ။ ဒါပေမဲ့ အခုရှိနေတဲ့ တပ်မတော်ကတော့ မတူကွဲပြားမှုကို လုံးဝထင်ဟပ်နေတဲ့ တပ်မတော် မဟုတ်ဘူးဆိုတာ အကုန်လုံး အတိအလင်းပဲလေ။ အဲဒီမှာ အခက်အခဲ ရှိတယ်။ နောက်တခုကတော့ တပ်မတော်ကနေပြီးတော့ လုံးဝဖက်ဒရယ် နိုင်ငံတော် တည်ထောင်မယ်ဆိုတဲ့ ကတိကဝတ် မရှိသေးဘူး”

လာမယ့် ၁၅ ရက်နေ့ ပုပ္ပားဒေသမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဆုံးဖြတ်ရမယ့် ဖက်ဒရယ် ပြည်ထောင်စုအရေး၊ ဒီမိုကရေစီရေး အပါအဝင် တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ရာ ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက RFA ကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။