ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် ကွပ်မျက်မိန့် ခြိမ်းခြောက်မှုလို့ ဝေဖန်ကြ
2022.06.03
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့အပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးပြီး သေဒဏ်ပေးခံထားသူ လေးဦးကို သူတို့ရဲ့ ပြင်ဆင်ချက်တင်မှုနဲ့ အသနားခံစာတင်မှုတွေကို ပလပ်တဲ့ နောက်ဆုံးအဆင့်အထိ ပြီးစီးပြီ ဖြစ်တဲ့အတွက် ကွပ်မျက်ဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်
ဇော်မင်းထွန်း က သတင်းဌာနတချို့ကို မနေ့က ပြောကြားခဲ့ပါတယ်။
“သေဒဏ်ချမှတ်လိုက်ပြီးရင် လုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ပြင်ဆင်မှုတင်ရတယ်။ ပြင်ဆင်မှုကို ပလပ်လိုက်ပြီဆိုရင် အသနားခံစာတင်ရတယ်။ အသနားခံစာကိုလည်း ပလပ်ပြီး သေဒဏ်ကို အတည်ပြုလိုက်ပြီဆိုရင်တော့ သေဒဏ်ကို ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်တယ်။ ဒါတွေကတော့ အားလုံးပြီးစီးပြီး ဖြစ်ပါတယ်။ ဒါကြောင့် သေဒဏ်ကို ကျနော်တို့
အတည်ပြုပြီးဖြစ်တယ်။ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအရ သေဒဏ်ကို အကောင်အထည်ဖေါ်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
သေဒဏ်ပေး ကွပ်မျက်မယ့်သူတွေကို မိသားစုနဲ့ နောက်ဆုံးတွေ့ခွင့်ပေးမှာလားလို့ RFA သတင်းထောက်က မေးမြန်းရာမှာတော့-
“ဒါတွေက အကျဉ်းထောင် လုပ်ထုံးလုပ်နည်းထဲမှာ ပါပြီးဖြစ်ပါတယ်။ ဒါတွေလုပ်ပေးရမယ်၊ သေဒဏ်ချမှတ်ခြင်း ခံရသူတွေအနေနဲ့ ဘယ်လိုတွေဆက်လက်ဆောင်ရွက်ရမယ်ဆိုတာ ပါပြီးသားပါ။ ခုနပြောတဲ့ ပါတဲ့အခွင့်အရေးတွေအားလုံး သူတို့ရရှိမှာဖြစ်ပါတယ်။”
မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မဆလခေတ်ကာလ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်တွေအတွင်း ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး အပါအဝင် တော်လှန်ရေးသမား တစ်ချို့နဲ့ လူသတ်တရားခံတစ်ချို့ကို သေဒဏ်ချမှတ်ပြီး လက်တွေ့ကွပ်မျက်သတ်ဖြတ်ခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်းမှာ အခုအထိ သေဒဏ်ချမှတ်ခံရသူတွေကို လက်တွေ့ကွပ်မျက်ခြင်း မရှိပါဘူး။
အဲဒီလို သေဒဏ်ချမှတ်ခံရသူတွေဟာ ယေဘုယျအားဖြင့် နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတဲ့အခါ သေဒဏ်ကနေ တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းကနေ ထောင်ဒဏ် ၁ဝ နှစ်စသဖြင့် အဆင့်ဆင့် ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခြင်း ခံရပြီး နောက်ဆုံးမှာ လွတ်မြောက်သွားကြတာများပါတယ်။
အဲဒီလို သေဒဏ်ချမှတ်ခံရသူအဖြစ်ကနေ လွတ်မြောက်လာခဲ့သူတစ္ဦးကတော့ လက်ရှိ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG အမျိုးသားညီညွှတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးလင်းသန့် ဖြစ်ပါတယ်။
“သေဒဏ်အမိန့်ချမှတ်တာတော့ မြန်မာနိုင်ငံမှာ ချမှတ်တာတွေရှိခဲ့တယ်။ သို့သော် လက်တွေ့ကွပ်မျက်တာက ကျနော် နောက်ဆုံးမှတ်မှတ်ရရ ကျနော်တို့ သေဒဏ် လောကမှာသိတဲ့ အရာဆိုလို့ရှိရင်တော့ တွံ့တေးက လူသတ်မှု အလောင်းဖျောက်မှုပါ။ အဲဒါက ကိုဆလိုင်းကိုတင်မောင်ဦးပြီးတော့ နောက်ပိုင်း ဖြစ်တာပေါ့။ အဲဒါပြီးနောက်ပိုင်းကတည်းက ကွပ်မျက်တာ မရှိတော့ပါဘူး။ သေဒဏ်အမိန့်ချမှတ်ပြီး ပေးတာတော့ ရှိနေတယ်။ အခုလည်း ရှိနေတယ်။ ၁ဝဝ ကျော်ရှိနေတယ်။ ကျတော်တို့တုန်းကလည်း ၁ဝဝ ကျော်ရှိနေတယ်။ ကျတော်ကတော့ ဒါကို အချိန်ကိုက် ဖန်တီးမှု တစ်ခုလို့ပဲ မြင်ပါတယ်။ ဥပဒေ အကြောင်းအရသာ သွားမယ်ဆိုရင် အခုအချိန်မှာ သေဒဏ်ကျ ကြိုးသမားတိုင်းဟာ လက်တွေ့ကွပ်မျက် ခံရဖို့ဆိုတာ မရှိနိုင်ပါဘူး။ ဒီစစ်ကောင်စီက ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်း မဟုတ်တဲ့ အတွက်ကြောင့် သေဒဏ်စီရင် အပြစ်ပေးပိုင်ခွင့် ကွပ်မျက်ပိုင်ခွင့် မရှိပါဘူးဆိုတာကို ကျနော်ပြောချင်ပါတယ်။ အခုလိုမျိုး လုပ်ရပ်က လူထုကို စိတ်ဓာတ်ကျသွားအောင် လူထုကို တော်လှန်ရေးစိတ်ကို ချိုးနှိမ်ဖြစ်အောင် သူတို့လုပ်တဲ့သဘောလို့ ယူဆပါတယ်။ သူတိုကို့ နိုင်ငံတကာက အရေးတယူ ဆက်ဆံမှု မရှိတဲ့ အခါကျတော့ အကြောင်းပြချက် တစ်ခုဖန်တီးပြီးတော့ နိုင်ငံတကာကနေ သူတို့ကို လာပြီးတော့ ထိတွေ့အောင် ပြောဆိုလာအောင် ဒါခြိမ်းခြောက်ပြီး အသံပစ်လိုက်တာဖြစ်နိုင်တယ်လို့လည်း ယူဆလို့ရတယ်။”
နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေကြီး ဦးကြီးမြင့်ကလည်း စစ်ကောင်စီဟာ လူထုနဲ့ နိုင်ငံတကာကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်၊ ဒီလူတွေကို လက်တွေ့ကွပ်မျက်ရင် စစ်ကောင်စီအနေနဲ့ မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
“၁၉၉ဝ ခုနှစ်ကတည်းက စပြီးတော့ မကျင့်သုံးတဲ့ ဥစ္စာကို သံတမန် လောကမှာလည်း အကျပ်အတည်းဖြစ်၊ ကမ္ဘာ့နိုင်ငံတွေကလည်း အသိအမှတ်မပြု၊ ပြည်သူ လူထုကလည်းဆန့်ကျင်၊ သူကိုယ်တိုင်ကလည်း နိုင်ငံတော် ပုန်ကန်မှုကို ကျုးလွန်ထားတဲ့ လူတယောက်က သေဒဏ်မပေးရဲဘူး၊ မပေးဘူး သေချာတယ်။ ဒါဖြင့် ဒါဘာဖြစ်လို့ ပြောတာလဲ ဆိုရင် ဆိုက်ကို သုံးလိုက်ထာ PDF နဲ့ PDF ကို ကူညီတဲ့ သူတွေကို သူတို့ကတော့ သေဒဏ်ပေးပြီး တကယ်သတ်မှာနော်လို့ ခြိမ်းခြောက်လိုက်တာ၊ တကယ်ကျတော့ ဇေယျာသော်တို့တွေ ကိုဂျင်မီတို့ကို ကွပ်မျက်ဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီဟာက ကမ္ဘာကြီးကိုလည်း ဆန့်ကျင်ရမယ်။ နောက်တစ်ခုက ပြည်သူလူထုကိုလည်း ဆန့်ကျင်ရမယ်၊ နောက်တစ်ခါ ငြိမ်းချမ်းရေး ဆွေးနွေးရေး စကားဝိုင်းတွေဆိုတာ အနာဂတ်မှာ သူစိတ်ကူးထားသေးတယ်ဆိုရင် လုံးဝပျက်သွားပြီ။ နောက်ဆုံး တစ်ခုကတော့ သူတို့လည်း ထွက်ပေါက် လုံးဝပိတ်သွားပြီ။ ဒါကြောင့်မို့လို့ ဒါကို လုပ်မယ်ဆိုရင် ဘာမဆို လုပ်ရဲတယ်ဆို လုပ်ကြည့်လိုက်ပါ။ ခင်ဗျားတို့ လုပ်ကြည့်လိုက်ပါ။ ကျနော်တို့ပေးဆပ်ရတာနဲ့ ခင်ဗျားတို့ ပေးဆပ်ရတာ မိုးနဲ့မြေ လောက်ကွာသွားလိမ့်မယ်။”
စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေဖြစ်ကြတဲ့ ဦးဂျင်မီ ကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလနဲ့ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုဥပဒေတွေနဲ့ စွပ်စွဲပြီး ဒီနှစ် ဇန်နဝါရီလမှာ စစ်ခုံရုံးက သေဒဏ်ပေးခဲ့တာပါ။
ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုချက်အရ နောက်ထပ် သေဒဏ်ပေးကွပ်မျက်မယ့် သူနှစ်ဦးကတော့ လူသတ်မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော် ဆိုသူတွေဖြစ်ပါတယ်။
သူတို့ရဲ့ နောက်ဆုံးအဆင့် အသနားခံစာတွေကို ဘယ်နေ့က ပလပ်ခဲ့သလဲဆိုတာနဲ့ သူတို့ကို ဘယ်နေ့ ကွပ်မျက်မယ်ဆိုတာတွေကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ခြင်း မရှိပါဘူး။