ရှမ်းမြောက်မှာ တစ်လအတွင်း မူးယစ်ဆေး ကျပ် ၂၄၄ ဘီလီယံဖိုး ပိုင်ရှင်မဲ့ ဖမ်းမိ
2020.03.11
ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့နယ်ခွဲတစ်ဝိုက် တပ်မတော်က မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဆက်တိုက် ဆိုသလို သိမ်းဆည်းရမိနေပေမယ့် ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပိုင်ရှင်တွေ ဖမ်းမမိသေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ တပ်မတော်ဘက်ကတော့ ပိုင်ရှင်တွေကို စုံစမ်းနေဆဲဖြစ်ပြီး ဥပဒေအတိုင်းအရေးယူမယ်လို့ ပြောဆိုထားပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါးမြို့နယ်ခွဲမှာ တပ်မတော်က ဖေဖော်ဝါရီလ ၂၀ ရက်ကနေ မတ်လ ၆ ရက်နေ့ အထိ မူးယစ်ဆေးတန်ဖိုး ကျပ် ၉၃ ဘီလီယံကျော်ကို ဖမ်းဆီးရမိပြီး နောက်ဆက်တိုက်ဆိုသလို ကွတ်ခိုင်မြို့နယ် လွယ်ခမ်၊ ရှောက်ဟော်နဲ့ တာမိုးညှဲဒေသတွေက ကျပ်ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေ ဆက်စပ်ပစ္စည်းတွေနဲ့ လက်နက်တွေကို ဆက်တိုက်ဆိုသလို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး မတ် ၉ ရက်နေ့အထိ ဖမ်းဆီးရမိမှု တန်ဖိုးဟာ မြန်မာကျပ်ငွေ ၂၄၄ ဘီလီယံအထိ ရှိနေပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
အခိုင်အမာဆောက်လုပ်ထားတဲ့ လူမနေတဲ့ သံသယဖြစ်စရာကောင်းတဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာကနေ ဖမ်းဆီးရမိတာလို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက လားရှိုးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ဖမ်းဆီးရမိတဲ့ပစ္စည်းတွေထဲမှာ နိုင်ငံတကာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ အာရုံစိုက်တဲ့ ICE အပါအဝင် ရာဘ၊ ဘိန်းဖြူနဲ့ ချက်လုပ်တာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ချက်လုပ်တဲ့ ကိရိယာတွေ အများဆုံးပါဝင်နေတာကို တွေ့ရပါတယ်။ အခုလိုဖမ်းဆီးရမိမှုဟာ အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့နဲ့ သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ စတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ သတင်းပေးမှုနဲ့ ဒေသခံတွေ တပ်မတော်သား တွေ ပူးပေါင်းဆောင်ရွက်မှုကြောင့်လို့ ဒုတိယ တပ်မတော် စစ်ဘက်ရေးရာ အရာရှိချုပ် ဗိုလ်ချုပ် တိုးရီက ပြောပါတယ်။ ဒီမူးယစ်ဆေးတွေဟာ ရှမ်းမြောက်ဒေသ လက်နက်ကိုင်တွေနဲ့ ဆက်စပ်တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဇော်လင်းက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ဒီကိစ္စအတွက် ငြင်းဆိုပါတယ်။ တပ်မတော်က နှစ်ပေါင်းဆယ်ချီ နယ်မြေရှင်းလင်းရေးနဲ့ စိုးမိုးရေးလုပ်တဲ့နေရာမှာ ပိုင်ရှင်မဲ့ဆိုပြီး အဆောက်အအုံ အခိုင်မာနဲ့ မူးယစ်ဆေးတွေ မိနေတာ မေးခွန်းထုတ်စရာပဲလို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
ရှမ်းပြည်နယ်မှာ ရာဘနဲ့ ဘိန်းဖြူလို မူးယစ်ဆေးတွေဟာ လူထုကြားထဲမှာ ဈေးပေါပေါနဲ့ပြန့်နေပြီး မူယစ်ဆေး အန္တရာယ်ကို ကလေးငယ်တွေ၊ အမျိုးသမီးတွေ ပိုပြီးခံစားနေကြရတာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရီးစဉ်မှာ ကွတ်ခိုင်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး အခြေအနေနဲ့ ဆက်စပ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် ပြည်သူတွေ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပြည်သူတွေအနေနဲ့ ပါဝင်ချင်ပေမယ့် လတ်တလော ကွတ်ခိုင်လိုနေရာမှာ ဖမ်းမိတဲ့ မူးယစ်ဆေးကိစ္စမှာတောင် ပိုင်ရှင်မဲ့ ဖြစ်နေတာကိုကြည့်ရင် မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပြည်သူတွေပါဝင်ဖို့ အခက်အခဲရှိတယ်လို့ လားရှိုးအခြေစိုက် တအာင်းပရဟိတ အဖွဲ့က ဒေါက်တာ မျိုးသန်းထွန်းက ပြောပါတယ်။
ဒေသအတွင်းမှာ မူးယစ်ဆန်းကျင်ရေးလုပ်ငန်းတွေကို နှစ်ပေါင်း ဆယ်ချီပြီး လုပ်ကိုင်လာတဲ့ ကျောက်မဲမြို့ မာနာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကတော့ လက်ရှိ ကွတ်ခိုင်မှာ ဖမ်းဆီးရမိမှု ပမာဏထက်ပိုတဲ့ မူးယစ်ဆေးဝါးနဲ့ ချက်လုပ်တဲ့စခန်းတွေ ရှိနေနိုင်သေးတယ်လို့ ပြောပါတယ်။
လက်ရှိတပ်မတော်က မူးယစ်ဆေး ဖမ်းဆီးရမိတဲ့နေရာဟာ မူးယစ်ဆေးထုတ်တယ်လို့ တစ်ကမ္ဘာလုံးက အာရုံစိုက် ခံထားရတဲ့ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေဖြစ်နေပြီး ဖမ်းဆီးရမိမှုမှာ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေ ပါဝင်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ တပ်မတော်ကတော့ အခုဖမ်းဆီးရမိမှုမှာ ပါဝင်သူတွေကို စုံစမ်းနေပြီး အရေးယူမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
မူးယစ်ဆေးဖမ်းဆီးရမိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒေသအတွင်း လှုပ်ရှားတဲ့ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် မဖြေကြားလိုကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစလို့ မဲခေါင်ဒေသနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ် ငါးနိုင်ငံ ပူးပေါင်းပြီး မူးယစ်ဆေး တိုက်ဖျက်ရေး အထူးစီမံချက် 1511 ကို အကောင်းထည်ဖော် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ၂၀၁၉ အတွင်း မူးယစ်ဆေး ဖမ်းဆီးမှုတန်ဖိုးဟာ မြန်မာကျပ်ငွေ ၅၅၅ ဘီလီယံ အမေရိကန်ဒေါ်လာ သန်း ၃၇၀ လောက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ၂၀၁၉ ခုနှစ်တုန်းက ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးတွေကို အခြေခံပြီး စုံးစမ်းမှုတွေကနေ ဖမ်းဆီးတာဖြစ်ပြီး တပ်မတော်ဘက်ကလည်း အဲဒီ ဒေသတစ်ဝိုက် နယ်မြေရှင်းလင်းတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ တစ်ကယ်တော့ မြန်မာအာဏာပိုင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ မူယစ်ဆေး ပမာဏဟာ ထုတ်လုပ်ဖြန့်ချီနေတဲ့ မူးယစ်ဆေးပမဏထက် အဆမတန် နည်းပါးနေတုန်းပါပဲ။