မြန်မာရင်ဆိုင်နေရတဲ့ စွမ်းအင်ပြဿနာ ပိုပြီးနက်ရှိုင်းလာ
မြန်မာနိုင်ငံဟာ စွမ်းအင်မလုံလောက်မှုအပါအဝင် စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင် နေရတာပါ။ ဒီအတွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ အဆင်မပြေဖြစ်မှာ အငြင်းပွားဖွယ် စွမ်းအင်စီမံကိန်းတွေကို ဇွတ်တိုးဆောင်ရွက်လာမယ့်အရေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ပေါ်ပေါက်လာနေကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။
ပေါက်ကြားလာခဲ့တဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တပ်အာဏာပိုင် တွေအနေနဲ့ နိုင်ငံတစ်ဝန်း ဓာတ်အားဖြတ်တောက်ရေး အစီအစဉ်တွေ ချမှတ်ခဲ့ရကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီလ သင်္ကြန်ပွဲရက်တွေအပြီး ဓာတ်အားပြတ်တောက်မှု ပိုမိုဆိုးရွားလာခဲ့တဲ့ အတွက် မြို့ရွာတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ ဒီအတွက် အာဏာသိမ်း စစ်ကောင်စီက ရှမ်းပြည်နယ်မှာ ရေအားလျှပ်စစ်ထုတ်ဆည်တစ်ခု တည်ဆောက်ရေးအဆိုကို အတည်ပြုခဲ့ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းတွေ နှေးကွေးနေတဲ့ တရုတ်နေစွမ်းအင် ကုမ္ပဏီတွေကိုလည်း အမည်ပျက်စာရင်းသွင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းအပြီး LNG ဓာတ်ငွေ့ရည်စက်ရုံအားလုံးကို ပိတ်လိုက်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ နေစွမ်းအင်စီမံကိန်းအားလုံးနီးပါး ဖျက်သိမ်း ခံခဲ့ရပြီး ဓာတ်အားပေးလိုင်းတွေ ဖျက်ဆီးခံခဲ့ရကြောင်း မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်ဟောင်း Guillaume က ပြောပါတယ်။ သူဟာ မြန်မာ့လျှပ်စစ် နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ အကြံပေးအဖြစ် ၂၀၂၀ ပြည့်နှစ်အထိ နှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်နဲ့ နောက်နှစ်၊ ဒါမှမဟုတ် ၂၀၂၄ ခုနှစ်အထိ အာဏာမသိမ်းခင်က လျှပ်စစ်ဓာတ်အားအခြေအနေဆီ ပြန်ရောက်သွားဦးမှာမဟုတ်ကြောင်း၊ နိုင်ငံတစ်ဝန်းမှာ ဓာတ်အားလုံလောက်ဖို့ အချိန်အတော်ကြာ စီစဉ်ဆောင်ရွက်ရဦးမှာဖြစ်ကြောင်းလည်း Guillaume က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ ၄၀ ရာနှုန်းကျော်ဟာ လျှပ်စစ်ဓာတ်အား မရရှိကြပါဘူး။ ကျေးလက်ဒေသတွေမှာ အိမ်ထောင်စု သုံးပုံနှစ်ပုံဟာ ဖယောင်းတိုင်၊ ရေနံဆီနဲ့ ဘက်ထရီအိုးတွေကို အားပြုသုံးစွဲနေရတာပါ။
စီးပွားရေးလုပ်ငန်းတွေဟာလည်း ဓာတ်အားပြတ်တောက်သွားရင် သုံးစွဲနိုင်ဖို့ ကိုယ်ပိုင် ဒီဇယ်အင်ဂျင် မီးစက်တွေ ဝယ်ယူထားကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ရာသီ ဖြစ်တဲ့ အောက်တိုဘာကနေ မေလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် မြန်မာအနေနဲ့ မိုးကိုသာ မျှော်နေကြရကြောင်းလည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ခြောက်သွေ့ရာသီအတွင်း နိုင်ငံ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုပမာဏ မီဂါဝပ် ၃၁၀၀ ရှိခဲ့ပါတယ်။ အဲဒီပမာဏကို ဓာတ်ငွေ့သုံး စက်ရုံ ၂၀၊ ရေအားလျှပ်စစ်စက်ရုံ ၆၂ ရုံနဲ့ ကျောက်မီးသွေးသုံးစက်ရုံ တစ်ရုံကနေ ထုတ်ယူ ရရှိခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးပြဿနာတွေကြောင့် လက်ရှိ ဓာတ်အား ထုတ်လုပ်ရေးတွေ ထိခိုက်ခဲ့ရပြီး သတ်မှတ်စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖျက်သိမ်းခဲ့ရပါတယ်။
အဲဒီထဲမှာ LGN ဓာတ်အားပေး စက်ရုံနှစ်ရုံ၊ ၂၀၂၀ ပြည့်နှစ် NLD အစိုးရရဲ့ ရေအားလျှပ်စစ်နဲ့ နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ၂၉ ခု ပါဝင်ပါတယ်။ ဒါ့ပြင် ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ ပြီး ဓာတ်အား ၁၁၁ မီဂါဝပ် ထုတ်ယူမယ့် သူဌေးဆည် တည်ဆောက်ရေးစီမံကိန်းဟာ လည်း ရပ်ဆိုင်းနေရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းအပြီး တရုတ်နဲ့ တခြားပြည်ပ လုပ်ငန်းတွေ မြန်မာပြည်ကနေ ထွက်ခွာဖို့ သို့မဟုတ် သူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြ တာဟာ မြန်မာအတွက် လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပိုင်းအရ ဘယ်လောက် အထိနာခဲ့တယ်ဆိုတာ ပြသခဲ့ကြောင်း၊ အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာအတွက် အလွန်စွန့်စားလုပ်ကိုင်ရမယ့် နေရာတစ်ခုဖြစ်နေပြီး နိုင်ငံအတွက် အဓိကရွေးချယ်စရာအဖြစ် တရုတ်သာ ရှိနေတော့တယ်လို့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောဆိုပါတယ်။ ဒါ့ပြင် စစ်ကောင်စီနဲ့ မပတ်သက်ရေး နိုင်ငံလုံးဆိုင်ရာ CDM လှုပ်ရှားမှု ကြောင့်လည်း လျှပ်စစ်ဓာတ်အားခတွေကို ပြည်သူတွေက မပေးဆောင်ကြတာတွေလည်း ရှိနေပါတယ်။ မပေးဆောင်သူ ၃၀ - ၄၀ ရာနှုန်းအထိ ရှိနေကြောင်းလည်း သိရပါတယ်။
နိုင်ငံ့လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းနဲ့ ကိုဗစ် ၁၉ ကူးစက်မှုတွေက မြန်မာအနေနဲ့ ပြည်တွင်း အထွေထွေအကျပ်အတည်းကို ကျော်လွှားနိုင်ပါ့ မလား ဆိုတဲ့ နိုင်ငံတကာ သံသယတွေကို ကြီးထွားလာစေပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ဧပြီလ ထုတ်ပြန်ချက်မှာ မြန်မာ့ အမျိုးသား အသားတင်ထုတ်လုပ်မှု GDP ဟာ ဒီနှစ်အတွင်း ၀.၃ ရာနှုန်း ကျုံ့ဝင်သွားဖွယ်ရှိကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။