မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲပြင်းထန်နေ

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အထူးသဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက မိုးဗြဲမြို့နယ်တွေမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတာပါ။
မြဝတီ - ဝေါလေ လမ်းမတစ်လျှောက်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ Cobra စစ်ကြောင်းတို့အကြား ဒီနှစ်ဇူလိုင်လဆန်းကစလို့ တိုက်ပွဲ ပြင်းထန်လာတာပါ။
"တိုက်ပွဲကြားမှာ စစ်ရှောင်ရတဲ့ ဒုက္ခကလည်း မလွယ်လှဘူး"
ဒီနေ့လည်း သဲဖြူချောင်းဂိတ်အနီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ Cobra စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ကိုမျိုးသူရကိုကိုက ပြောပါတယ်။
“အခုလက်ရှိတိုက်ပွဲက သဲဖြူချောင်းလို့ ပြောလို့ရတယ်။ သုံးထပ်ကွေ့မှာရှိတဲ့ ဘုရားက ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က ဖြစ်တာဗျာ။ အခုဒီဟာက သုံးပတ်လောက်ရှိလာပြီလို့ ပြောလို့ ရတယ်။ ဒီလမ်းပိုင်း (မြဝတီ - ဝေါလေ) က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေဖြစ်လို့ သူတို့ (စစ်ကောင်စီ) စစ်ကူတာကစလို့ အထောက်အပံ့တွေကစလို့ သူတို့ပေးပို့ဖို့ ခက်ပါ တယ်။ ဝေါလေ ဗျုဟာအထိပေါ့လေ။ ဒါကြောင့်လည်း သူတို့ ဝေါလေဗျုဟာအထိ ပေးပို့ဖို့အတွက်ဆို ယနေ့ မော်လမြိုင်လမ်းကို သုံးနေရတာဖြစ်လို့ ဒီလမ်းပိုင်းကို နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာဖြစ်တယ်”
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ Cobra စစ်ကြောင်းဟာ မြဝတီ - ဝေါလေ လမ်းမတစ်လျှောက်ကို ထိန်းချုပ်ထားတာပါ။
စက်တင်ဘာလ ၂၃ ရက် မနေ့ကလည်း မြဝတီ - ဝေါလေ ကားလမ်းမပေါ်က သဲဖြူချောင်း ဂိတ်အနီး တပ်မ ၄၄ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ (၁)၊ ခမရ (၂)၊ ခမရ (၈)၊ ခမရ (၁၀၂) တပ်တွေနဲ့ Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ Cobra ဘက်က နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်၊ သေဆုံးသူတွေ ရှိနိုင်တယ် လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်က ရိက္ခာပို့တဲ့လမ်းကြောင်းကို ထိန်းချုပ်ဖို့ကြိုးစား တာကနေ အခုလို တိုက်ပွဲပြင်းထန်လာတာလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အခုလောလောဆယ်တော့ ဒီရက်ပိုင်းမှာ မိုးဗြဲနဲ့ ဒီးမော့ဆိုပဲ (တိုက်ပွဲ) ဖြစ်တာများ တယ်ပေါ့နော်။ တခြား ဖရူဆိုတို့ ဘာတို့တော့ မကြားမိသေးဘူး။ အဓိကလမ်းကြောင်း တွေကို သူတို့ လိုက်ပိတ်ထားတယ်။ အခုဆိုလို့ရှိရင် ကုန်စီးဆင်းတာက မိုးဗြဲ ပြီးတော့ ဒီးမော့ဆိုကနေ စီးဆင်းတာများတယ်။ စားနပ်ရိက္ခာတွေကို ဖြတ်ချင်တဲ့သဘောမျိုးပေါ့။ အဲဒီလို အဓိကထားပြီး စစ်ကြောင်းထိုးတယ်လို့ ပြောလို့ရတယ်”
လက်ရှိ မိုးဗြဲမြို့ပေါ်မှာ မြွေတော်ဘုန်းကြီးကျောင်းနဲ့ စက်တော်ရာကျောင်းတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားတယ်လို့ ဒေသေခံတွေက ပြောပါတယ်။
တပ်စွဲထားတဲ့နေရာအနီး တိုက်ပွဲတွေဖြစ်နေလို့ အရပ်သား ၅၀ ကျော်ပိတ်မိနေတယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မြို့ပေါ်မှာတော့ မြွေတော်ဘုန်းကြီးကျောင်းနဲ့ စက်တော်ရာကျောင်းတို့ နောက်မြို့ အနောက်တောင်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ်။ အခုလေးတင် လက်နက်ကြီး တွေ ကျနေတယ်ဗျ။ အခုကျနော်တို့ဘက်မှာ ကယ်ဆယ်ရေးလုပ်နေတယ်ဗျ။ မြွေတော် ကျောင်းမှာတော့ (ပိတ်မိနေသူတွေ) ကျန်သေးတယ်ဗျ။ အတိအကျတော့ မသိရဘူး။ ၅၀ ကျော်လောက် ကျန်သေးတယ်ဗျ”
မိုးဗြဲမြို့က တိုက်ပွဲတွေကြားမှာ အရပ်သားထိခိုက် သေဆုံးမှုတွေရှိနေပြီး အသက် ငါးနှစ် အရွယ် ကလေးတစ်ဦး၊ အသက် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး နဲ့ အသက် ၅၀ ကျော် လူကြီး နှစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
“ကယားပြည်နယ် ဒေသတချို့မှာတော့ ငြိမ်းချမ်းမှု မရှိသေးပါဘူး။ လွိုင်ကော်မှာတော့ ယခင်တုန်းက ကျနော်တို့ မြို့မှာတောင် လူမရှိတဲ့အခြေအနေကနေ အခုနောက်ပိုင်းမှာ တော့ ပြန်လည်ဝင်ရောက် နေထိုင်ပြီဖြစ်ပါတယ်။ သို့သော် အောက်ပိုင်းမှာရှိနေတဲ့ ဖယ်ခုံတို့လို နေရာမျိုးမှာတော့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ပါတယ်”
ကရင်ပြည်နယ် တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း KNU ကို ငြိမ်းချမ်းရေးတံခါးဖွင့်ထား ပေမယ့် တဖက်မှာလည်း အဲဒီဒေသကို စစ်ဆင်ရေးလုပ်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေါနတောင်တန်း အနောက်ဘက်အခြမ်းအထိ ထွက်ပြေးလာတဲ့ ရွာသစ်ကုန်းရွာက အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ တိုက်ပွဲအချိန်ကြာလာလေ အရပ်သားတွေ ပိုပြီးဒုက္ခရောက်လေဖြစ်တယ်လို့ ထောက်ပြပါ တယ်။
"မိုးတွင်းကာလလည်း ဖြစ်တယ်၊ တိုက်ပွဲကြားမှာ စစ်ရှောင်ရတဲ့ ဒုက္ခကလည်း မလွယ် လှဘူး၊ တစ်ဖက်က စစ်ရေးတင်းမာမှုနဲ့ ပစ်ခတ်မှုတွေကြားမှာ ရှိနေရတယ် ဆိုတော့လေ၊ ဒါကတော့ အသက်ကိုလုပြီးတော့ ရှောင်နေရတဲ့ အပိုင်းတော့ အများကြီးရှိတာပေါ့နော်၊ ဒါကိုရေရှည်ကြည့်မယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုက ဒီလိုပဲ ဒုက္ခခံရလိမ့်မယ်ဆိုရင် တော့ ရေရှည်တေ့ာ စဉ်းစားစရာ မကောင်းတဲ့ ရလဒ်တွေပဲ ထွက်ပေါ်လာတာပေါ့"
အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းခုနစ်သောင်း (၅၇၀,၀၀၀) ကျော်ရှိလာပြီလို့ KNU နဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေရဲ့စာရင်းတွေအရ သိရပါတယ်။
ဒီအရေအတွက်ဟာ စစ်အာဏာာသိမ်းပြီးနောက် ပေါက်ပေါက်လာတဲ့ ဒုက္ခသည်အရေ အတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။