ပြန်ပို့မယ့် မြန်မာတွေကို မတ်လကုန်နောက်ဆုံးထား လက်မခံရင် ထောင်ပြန်ပို့ဖို့ အိန္ဒိယစီစဉ်

RFA Burmese
2024.03.29
ပြန်ပို့မယ့် မြန်မာတွေကို မတ်လကုန်နောက်ဆုံးထား လက်မခံရင် ထောင်ပြန်ပို့ဖို့ အိန္ဒိယစီစဉ် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
N.Biren Singh/Twitter

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၇၆ ဦးထဲက ပထမအသုတ်အဖြစ် ၃၈ ဦးကို ပြည်နယ်အာဏာပိုင်တွေက မြန်မာဘက် ပြန်လွှဲဖို့အတွက် အင်ဖာထောင်ကနေ မိုးရေးမြို့ အိန္ဒိယစစ်တပ်စခန်းထဲ ပို့ထားပါတယ်။

မိုးရေးမြို့ကနေ မြန်မာနိုင်ငံ၊ တမူးမြို့ကို အသုတ်လိုက်ခွဲပြီး ပြန်ပို့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့ မတ်လကုန်နောက်ဆုံးထားပြီး မြန်မာဘက်က လက်မခံခဲ့ရင် သူတို့ဟာ အကျဉ်းထောင်တွေဆီ ပြန်ပို့ခံရတော့မှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုကြောင်း ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“အင်ဖာအကျဉ်းထောင်ပြန်ပို့ရင်တော့ သူတို့အနေနဲ့ ပြန်လွှတ်နိုင်ခြေက နည်းသွားပြီ"

အင်ဖာထောင်မှာ ပြစ်ဒဏ် နှစ်နှစ်ခွဲကျော် ကျခံပြီး အခုအိန္ဒိယစစ်တပ်စခန်းထဲမှာ ထိန်းသိမ်းခံထားရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ထောင်ထဲပြန်ပို့ခံရမယ့်အရေး စိုးရိမ်နေပါတယ်။

“အာဏာပိုင်တွေ တစ်ယောက်ပြောတာတော့ မြန်မာဘက်က တာဝန်ရှိတဲ့ လူကြီးတွေကနေ ဒီဘက်ကို တရားဝင် စာရွက်နဲ့ လာကြိုပေးရမယ်လို့ အဲလိုမျိုးပြောတာ။ ကျွန်မတို့ ဆန္ဒကိုပြောရမယ်ဆိုရင် ကျွန်မ တို့ မိဘတွေဆီ ပြန်ချင်လို့လာတာ၊ ပြန်ချင်လို့ ထောင်ထဲက ထွက်ချင်တာပဲ။ ဒီလိုပဲ အာဏာပိုင်တွေကို ပြောပြီး ကျွန်မတို့ ဒီလိုပဲ ထွက်ခဲ့တာ။ နောက်ပြီး အဲလိုပဲ ကြိုးပမ်းခဲ့ရတာ။ ကျွန်မတို့ကို မြန်မာပြည်က လက်ခံမှပဲ ပြန်ပို့မှာလို့ ဒီဘက်က တာဝန်ရှိ အာဏာပိုင်တွေက ဒီလိုပဲ ပြောတာဆိုတော့ အဲဒါဆိုတော့ ကျွန်မတို့က သက်တမ်းကုန်ရင် ထောင်ထဲကို ပြန်ထည့်မှာကိုပဲ ကြောက်နေရတယ်။ ကျွန်မတို့ ထောင်ထဲကို ပြန်မသွားချင်ဘူး”

ပြန်ပို့ဖို့စီစဉ်ထားတဲ့ မြန်မာ ၇၆ ဦးထဲမှာ အမျိုးသမီး ၅၆ ဦး၊ အမျိုးသား အယောက် နှစ်ဆယ် ရှိပြီး အဲဒီထဲမှာ ကလေးငယ် ကိုးဦးပါဝင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက မဏိပူရ်ပြည်နယ်ကို ရွှေ့ပြောင်းပြီး ရက်ကန်းအလုပ် လုပ်ကိုင်ခဲ့ကြရာကနေ ၂၀၂၁ ခုနှစ် မတ်လမှာ ဖမ်းဆီးခံခဲ့ရတာပါ။

မဏိပူရ်ထောင်ပြန်ပို့မခံရဖို့ သူတို့မိသားစုဝင်တွေကလည်း မျှော်လင့်နေကြပါတယ်။

“ကျွန်မတို့လည်း သူတို့ ပြန်နိုင်ဖို့အရေးကို ကျွန်မ မျှော်လင့်နေရတာပါရှင့်။ သူတို့ရဲ့ မိသားစုဝင် တစ်ယောက်အနေနဲ့လေ။ သူတို့လည်း စိုးရိမ်ချောက်ချားနေတာပေါ့။ မဏိပူရ်ထောင်ထဲ ပြန်မသွားချင်ဘူး၊ သူတို့ ကလေးငယ်တွေနဲ့ ဘယ်လိုမှ နေရထိုင်ရတာ အဆင်မပြေတဲ့အကြောင်း မနေ့ညက ကျွန်မကို ဖုန်းဆက်ပြီး သူတို့ပြောတယ်”

စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် ကတော့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ဖို့ အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

“မဏိပူရ်ပြည်နယ်ကနေပြီး သူတို့က မြန်မာနိုင်ငံသား ၇၇ ဦးကို သူတို့ဆီမှာ ရောက်နေပါတယ်ဆိုပြီးတော့ အချက်အလက်တွေ ဘာမှ မပြည့်မစုံနဲ့ အကြောင်းကြားလာတယ်ပေါ့နော်။ အကြောင်းကြားလာတဲ့အပေါ်မှာ ဒီလိုကိစ္စတွေကတော့ Government to Government ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တယ်။ သူတို့လွှဲပြောင်းပေးမယ့် မြန်မာနိုင်ငံသားဆိုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တို့ကိုပေးပါ၊ ငါတို့စိစစ်ပြီးရင် အကြောင်းပြန်ပေးပါ့မယ်၊ ပြီးရင် လွှဲပြောင်းလက်ခံဖို့အတွက် ဆောင်ရွက်ပါ့မယ်ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လဝပေါ့နော်၊ အဲဒီအဖွဲ့တွေကနေတစ်ဆင့် အကြောင်းကြားထားပါတယ်”

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: N.Biren Singh/ Twitter)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: N.Biren Singh/ Twitter)

အကျဉ်းထောင်ထဲ ပြန်ပို့ခံရရင် မြန်မာနိုင်ငံသားတွေ ပြန်လည်လွတ်မြောက်နိုင်ခြေ နည်းသွားနိုင်တယ်လို့ India For Myanmar ရဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“အင်ဖာအကျဉ်းထောင်ပြန်ပို့ရင်တော့ သူတို့အနေနဲ့ ပြန်လွှတ်နိုင်ခြေက နည်းသွားပြီ။ လက်ရှိအခြေအနေအထိ စကစနဲ့ပဲ အိန္ဒိယအစိုးရက လက်တွဲပြီးတော့မှ ဖမ်းဆီးခံရတဲ့သူတွေကို လွှဲပေးမယ်ဆိုတဲ့ ပုံစံမျိုး ချဉ်းကပ်နေတဲ့ အခါကျတော့ စကစက လက်မခံတဲ့အခါကျတော့ သူတို့အနေနဲ့ ပြန်လွှတ်နိုင်ခြေက တော်တော်လေး ကြာသွားနိုင်ခြေ ရှိတယ်။ ဘာလို့လဲဆိုတော့ Foreigner Act နဲ့ ဖမ်းခံရတဲ့သူတွေက ထိန်းသိမ်းရေးစင်တာတွေမှာ ထားတဲ့သူတွေက သူတို့ ဥပဒေအရ သက်ဆိုင်ရာနိုင်ငံ အစိုးရကသာ လာခေါ်မှသာ လွှတ်ပေးတဲ့ပုံစံ ဖြစ်တယ်။ ဆိုတော့ မြန်မာနိုင်ငံအတွင်း ပြဿနာဖြစ်နေသမျှကတော့ သူတို့လွတ်နိုင်ခြေ လမ်းကြောင်းက မရှိတော့တဲ့ပုံစံမျိုး ဖြစ်နေတယ်”

ဒါနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့က အိန္ဒိယသံရုံးတို့ကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ နယူးဒေလီမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုလည်း အီးမေးလ်ပို့ မေးမြန်းထားပေမယ့် တုံ့ပြန်ချက်မရသေးပါဘူး။

India for Myanmar စာရင်းအရ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ရှိပါတယ်။ အဲဒီထဲက ရှစ်ဆယ်ဝန်းကျင်ဟာ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပါတယ်။

လက်ရှိ မဏိပူရ်အကျဉ်းထောင်ထဲမှာတော့ အကျဉ်းကျခံနေရဆဲ မြန်မာနိုင်ငံသား ၂၁၀ ရှိတယ်လို့ ဗမာပြည်ဒုက္ခသည်များကော်မတီ ကဘော်ချိုင့်ဝှမ်းဒေသ (BRCK) အဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။