တရုတ်နယ်စပ် လွယ်ဂျယ်မှာ တိုက်ပွဲပြင်းထန်ချိန် တရုတ်ကိုယ်စားလှယ် မြန်မာပြည်ရောက်လာ
2024.04.02

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ ရှမ်းပြည်နယ် မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း ဧပြီလ ၁ ရက်နေ့က နေပြည်တော်ကို ရောက်လာပါတယ်။
တိန့်ရှီးကျွင်းဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဧပြီလ ၁ ရက် ညပိုင်းက ထုတ်ပြန်ပါတယ်။
တိန့်ရှီးကျွင်း နေပြည်တော်ကိုရောက်နေချိန်မှာပဲ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာတော့ မတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ KIA/ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
မတ်လ ၂၉ ရက်ကနေ ဧပြီလ ၂ ရက်နေ့ထိ တိုက်ပွဲ ခေတ္တငြိမ်သက်နေပေမယ့် လွယ်ဂျယ်တစ်မြို့လုံးကို KIA/ PDF ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားပြီး မတ်လ ၂၉ ရက်နေ့မှာတော့ မြို့ပေါ်မှာရှိတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ၊ မိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် စုစုပေါင်း လူလေးရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မြို့ပတ်ပတ်လည်ကိုတော့ KIA က အကုန်လုံး နေရာယူထားပြီ။ ယူမယ်ဆိုရင် (မြို့ကိုသိမ်းမယ်ဆိုရင်) ကြိုက်တဲ့အချိန် ယူလို့ရတဲ့အခြေအနေပေါ့"
ပိတ်မိနေသူတွေက နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံခွင့် တောင်းခဲ့ပေမယ့် တရုတ်ဘက်က လက်မခံတာကြောင့် လွယ်ဂျယ်မြို့ပေါ်မှာပဲ ဆက်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ လွယ်ဂျယ်မြို့ခံ တစ်ဦးက ပြောပါတယ်။
"စစ်သားနဲ့ ရဲတွေက စစ်တပ်ဝင်းထဲမှာပဲ ထွက်မပြေးကြဘူး။ တရုတ်ဘက်ကိုထွက်ပြေးဖို့ ညှိထားတာ အွန်လိုင်းပေါ် တအားပြန့်သွားတော့ ဘယ်လိုဖြစ်ပြီး အဝင်လက်မခံလိုက်တာလဲတော့ မသိဘူး။ အခုထိတော့ မပစ်ကြဘူး။ ဒီတိုင်းပဲ နေနေကြတယ်။ KIA ဘက်ကလည်း အဲဒီဘက် မသွားကြဘူး။ မြို့ပတ်ပတ်လည်ကိုတော့ KIA က အကုန်လုံး နေရာယူထားပြီ။ ယူမယ်ဆိုရင် (မြို့ကိုသိမ်းမယ်ဆိုရင်) ကြိုက်တဲ့အချိန် ယူလို့ရတဲ့အခြေအနေပေါ့"
ဒီမြို့ကို KIA တပ်ဖွဲ့တွေက မတ်လ ၂၉ ရက်နေ့ကတည်းက ဝန်းရံပိတ်ဆို့ထားပေမယ့် ဧပြီလ ၂ ရက်နေ့အထိ ဆက်မတိုက်တာဟာ တရုတ်အစိုးရက တားမြစ်ထားတာကြောင့်လို့ လွယ်ဂျယ်ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ တရုတ်အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ကိစ္စ သူဘာမှမသိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီဒေသတစ်ဝိုက်က အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားတာကြောင့် လွယ်ဂျယ်ဟာ အလိုအလျောက် ပိတ်မိနေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
"နောက်တစ်ခုရှိတာကတော့ ယောယုံတို့၊ စိန်လုံတောင်တန်းက စခန်းတွေအကုန်လုံး ကျွန်တော်တို့ သိမ်းပိုက်ထားတာဆိုတော့ လွယ်ဂျယ်က သူ့ဟာသူ လမ်းကြောင်းတွေ ဖြတ်တောက်ပြီးသား ဖြစ်နေတာ"
လွယ်ဂျယ်မြို့နဲ့ လွယ်ဂျယ်-ဗန်းမော် ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတ်လ ၇ ရက်ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ခြောက်ဆယ်နီးပါးကို သိမ်းပိုက်ထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားပါတယ်။
သုံးပတ်ကျော်အတွင်း ဌာနချုပ် လိုင်ဇာတစ်ဝိုက်နဲ့ လိုင်ဇာ-မိုးမောက် ကားလမ်းတစ်လျှောက်က တပ်စခန်းအားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့သလို ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ယောယုံဗျူဟာကုန်းနဲ့ အခြားတပ်စခန်း ငါးခုကို သိမ်းယူထားတာပါ။
လွယ်ဂျယ်မှာ ပိတ်မိနေသူတွေ တရုတ်နိုင်ငံထဲ ခိုလှုံခွင့်တောင်းတဲ့ကိစ္စ၊ KIA ကိုဆက်မတိုက်ဖို့ ယာယီတားမြစ်ထားတဲ့ကိစ္စ၊ တိန့်ရှီးကျွင်းရဲ့ မြန်မာပြည်ခရီးစဉ်ကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
ကချင်ပြည်နယ် အရှေ့တောင်ပိုင်းက လွယ်ဂျယ်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးမှာ တည်ရှိပါတယ်။ KIO ဌာနချုပ် လိုင်ဇာနဲ့ နီးကပ်သလို နယ်စပ်ကုန်သွယ်ရေးအတွက် အထူးအရေးကြီးပါတယ်။
လွယ်ဂျယ်ဟာ တရုတ်နယ်စပ်နဲ့ နီးကပ်လွန်းတာကြောင့် KIA ဘက်က ဆက်တိုက်ဖို့ ချင့်ချိန်နေပုံရတယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
"အခုလောလောဆယ်တော့ ပိတ်မိနေတာပေါ့ သူတို့။ ပြန်ခံတိုက်ရင်လည်း သူတို့က သေမှာ။ အဲဒီတော့ ခံလည်း မတိုက်ချင်ဘူး။ KIA ကလည်း တိုက်လိုက်လို့ရှိရင် ဟိုဘက် (တရုတ်ဘက်) ကျည်ဆံတွေ ကျမှာစိုးလို့ နယ်စပ်ဒေသဖြစ်တော့ KIA ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတာပေါ့။ စစ်တပ်က လက်နက်ချရင် လက်နက်ချတယ်လို့ အရေးယူခံရမှာ ကြောက်လို့ အဲဒါကြောင့် ပေကပ်ပြီးတော့ လက်နက်မချဘဲနဲ့ တရုတ်ပြည်ဘက် ပြေးတယ်ဆိုတဲ့ နာမည်လေးနဲ့ လုပ်ချင်တာ။ တရုတ်ကလည်း အဝင်မခံဘူး"
တရုတ်အစိုးရကတော့ ကချင်နဲ့ရော ရှမ်းမြောက်ဒေသနဲ့ပါ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်သွားမယ်လို့ တရုတ်အစိုးရ မီဒီယာတွေက ဧပြီလ ၂ ရက်နေ့ ဖော်ပြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်ကို ရုတ်တရက်ရောက်လာတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေးက အရေးကြီးသလို KIA ကို အမေရိကန်နဲ့ နီးကပ်သွားမှာမျိုး စစ်ကောင်စီနဲ့ တရုတ် နှစ်ဖက်စလုံးက မလိုလားတာကြောင့် တရုတ်အထူးကိုယ်စားလှယ် လာရောက်ညှိနှိုင်းနေရတာလို့ ပြောပါတယ်။
"နယ်စပ်ဂိတ်တွေကို ဖွင့်ချင်တာပေါ့။ ဘာလို့ဆို ယူနန်က နိုင်ငံခြားပို့ကုန်က မြန်မာပြည်ကိုပဲ အဓိက ထားနေတာ။ ဒါကြီးက သဘောတူညီချက်ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ နောက်တစ်ခုက KIA ကိုလည်း လုံးလုံး အမေရိကန် မဖြစ်အောင် သူက ထိန်းရမှာကိုး။ ဒါကြောင့် ဒီလို ဆက်သွယ်ပြောဆို ညှိနှိုင်းမှုတွေက ရှိနေမှာပါ။ KIA နဲ့ပတ်သက်ပြီး ဒီဘက်က နစကကို တရုတ်ကဆွဲဆောင်နိုင်မယ်ဆိုရင် သူ့အတွက် လွှမ်းမိုးမှုရမယ်ဆိုတာ သူတွက်ထားမှာပေါ့"
သူပြောသွားတဲ့ “KIA ကို အမေရိကန် မဖြစ်အောင် ထိန်းရမှာ” ဆိုတဲ့ အဓိပ္ပာယ်ဟာ မကြာသေးခင်ကမှ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က စစ်ကောင်စီနဲ့ အပြင်းအထန်တိုက်နေတဲ့ KNU၊ KIA၊ KNPP တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်ကို ရည်ညွှန်းပြောဆိုတာပါ။
တစ်ချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးကို ဖမ်းဆီးပြီး၊ နယ်စပ်ကတစ်ဆင့် တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက မီဒီယာတွေက ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
တရုတ်နယ်စပ် ကချင်ပြည်နယ်က စစ်ပွဲနဲ့ နယ်စပ်ကုန်သွယ်ရေး ခြိမ်းခြောက်မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းပြဿနာနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေးကိစ္စတွေကြောင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်လာတာလို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက သုံးသပ်ပါတယ်။
နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ တရုတ်ဘက်က ဘယ်လောက်ပဲ ကြားဝင်ပါစေ KIA အပေါ် သက်ရောက်မှုရှိဖို့ သိပ်မသေချာဘူးလို့ ပြောပါတယ်။
"KIA က နယ်စပ်မှာရှိတဲ့အတွက် တရုတ်ရဲ့ဖိအား တစ်စုံတစ်ရာတော့ သက်ရောက်မှု ရှိမယ်။ ဒါပေမဲ့ တရုတ်ကပြောတိုင်း ကိုးကန့်၊ မိုင်းလား၊ ဝ တပ်ဖွဲ့တို့လို အကုန်လုံး လိုက်နာနေတာ မဟုတ်ပါဘူး။ KIA က သူ့နိုင်ငံရေး သဘောထားနဲ့ သူ့ နိုင်ငံရေးလုပ်ငန်းစဉ်အလိုက် လုပ်ခဲ့ကိုင်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့ အဖွဲ့တွေလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်လာရင် သိပ်ပြီးတော့ လွယ်မှာမဟုတ်ဘူးလို့ အကဲဖြတ်ပါတယ်"
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကချင်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာကတည်းက တရုတ်ပြည်ဘက် ဝင်ပေါက်အားလုံးကို တရုတ်အစိုးရက ပိတ်ထားလိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွယ်ဂျယ်ဟာ ကချင်ပြည်နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉ သန်းကျော် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။