ကရင်နီစစ်ဘေးဒုက္ခသည်တွေ မိုးရာသီကြောင့် ပိုခက်ခဲနေ

2022.06.08
ကရင်နီစစ်ဘေးဒုက္ခသည်တွေ မိုးရာသီကြောင့် ပိုခက်ခဲနေ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်က တွေ့ရစဉ်
Photo: RFA

စစ်တပ်ကအာဏာသိမ်းပြီး လေးလနီးပါးအကြာ ပြီးခဲ့တဲ့နှစ် မေလကတည်းက ကရင်နီ ပြည်နယ် ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေ စစ်ဘေးဒုက္ခသည်ဘဝရောက်ရတာ အခုဆိုရင် တစ်နှစ်ကျော်လာခဲ့ပါပြီ။

တောတောင်ထူထပ်တဲ့ ကယားပြည်နယ်ဟာ ကိုယ့်အိုးကိုယ့်အိမ်နဲ့ လုံလုံခြုံခြုံနေရတဲ့ အချိန်မှာ တောင်မိုးကြီးတဲ့ဒဏ်ကို နှစ်စဉ်ခံစားရလေ့ရှိပါတယ်။

"ဒီမှာနေတဲ့သူတွေအားလုံးက မိုးကာတွေက လူတိုင်းလိုနေကြတယ်”

ပြည်တွင်းစစ်ကြောင့် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ဘဝမှာတော့ ယာယီအမိုးအကာတွေက မိုးဒဏ်ကိုမတားနိုင်ဘဲ အတော်ခက်ခဲတဲ့ အခြေ အနေကိုရင်ဆိုင်နေရတဲ့အကြောင်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးဒုက္ခ သည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ ဒေါ်အေးစတာက ပြောပါတယ်။

"စစ်ရှောင်နေရတာလည်း တစ်နှစ်ကျော်ပြီ။ တဲကလည်းအစုတ်၊ ဝယ်စရာလည်းမရှိ၊ ပိုက်ဆံလည်းမရှိ၊ နောက်မိုးကာတွေဆို ဝယ်ချင်တယ်၊ လိုချင်လည်း ပိုက်ဆံလည်း မရှိဘူး။ လယ်လည်း မစိုက်ရဘူး။ တောင်ယာလည်း မလုပ်ရဘူး။ တစ်ခါတလေ မိုး များများကြီးတယ်ဆိုရင် မိုးကာကအိပ်ရာကလည်းစိုတယ်"

အခုမိုးရာသီမှာ ဒုက္ခသည်တွေ အလိုအပ်ဆုံးက အမိုးအကာပဲလို့ ဒီးမော့ဆိုမြို့နယ်အရှေ့ ဘက်ခြမ်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ မစိုးမြာက ပြောပါတယ်။

“မိုးကာတွေက မိုးရာသီရောက်တော့ အရင်နွေရာသီတုန်းကထက် ပိုလိုအပ်လာတယ်။ ဘာလို့လဲဆိုရင် ပါးလာတယ်။ နောက်အပေါက်အပြဲတွေဖြစ်လာတော့ မိုးကြီးရင် မိုးရေ တွေယိုတယ်။ ထပ်ပြန်တော့လည်း အကြားတွေထဲမှာ ကြွက်တွေဝင်ကိုက်တယ်။ ပေါက် ပြဲကုန်တယ်။ မိုးရွာရင်လည်း မိုးယိုတာပါပဲ။ အရမ်းခက်ခဲနေကြပါတယ်။ ဒီမှာနေတဲ့သူ တွေအားလုံးက မိုးကာတွေက လူတိုင်းလိုနေကြတယ်”

ဖရူဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း နေအိမ်၊ ကျောင်း၊ ဆေးခန်း၊ ရေကန်နဲ့ အိမ်သာကအစ ရေစိုခံပြီးအလွယ်တကူရနိုင်တဲ့ မိုးကာကိုပဲ တစ်နှစ်ပတ်လုံး အသုံးပြုထားတာကြောင့် အခုဆို မိုးကာတွေကပေါက်ပြဲလာပြီး ဆွေးမြည့်ကုန်ပြီလို့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက် ပေးနေသူတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ကဒုက္ခသည်တွေအတွက်လည်းအမှန်တကယ်လိုအပ်နေတာရဲ့တစ်ဝက်လောက်ကိုပဲကူညီပေးနိုင်တယ်လို့ဆိုပါတယ်။

“တစ်နှစ်ပတ်လုံးသုံးလာတဲ့ အခါကျတော့ ပေါက်တဲ့ဟာလည်း ပေါက်ကုန်တယ်။ ဆွေး တဲ့ဟာလည်း ဆွေးကုန်တာပေါ့နော်။ အားလုံးနီးနီးကိုပြန်ပြီးတော့ အသစ်လဲပေးရတာ ပေါ့နော်။ အမိုးတွေလောက်ပါပဲ။ အကာတွေကတော့ အဲလောက်ထိတော့ မဟုတ်ဘူး။ အမိုးတွေက လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ လုံလောက်မှုကတော့ မရှိသေးဘူး။ တချို့အိမ်မှာနေတဲ့သူဆို လိုအပ်တာရှိတယ်။ ဒါပေမဲ့ ခုနပြောသလို တကယ်ပိုလိုအပ် တဲ့သူပဲ ပေးတာရှိတယ်။ တစ်ဝက်နှုန်းပဲ ရှာနိုင်သေးတာပေါ့”

တိုက်ပွဲတွေပြင်းထန်တဲ့ မိုးဗြဲနဲ့ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ ဟာလည်း နေရာတစ်နေရာကတစ်နေရာ ရွှေ့ပြောင်းနေထိုင်ကြရပြီး ဒုက္ခသည်အရေ အတွက်က ပိုပြီးတိုးလာနေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ ပြောခွင့်ရ ကိုဗညားက ပြောပါတယ်။

ဒီအချိန်မှာ ဒုက္ခသည်တွေအများဆုံး တောင်းဆိုတာက အမိုးအကာနဲ့ ဆေးဝါးပဲလို့ ကိုဗညားက မေလ ၃၀ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"လိုအပ်ချက်ကတော့ အမြဲတမ်းဆက်ရှိနေတယ်။ Camp အသစ်တွေ ထပ်ပေါ်လာတာ ပေါ့နော်။ လုံလောက်မှုကတော့ မရှိဘူး။ အဓိကကတော့ မိုးကာ၊ တစ်အချက်ကတော့ မိုးကာတွေအများဆုံးကို တောင်းတယ်။ ဆေးဝါး တောင်းတယ်။ စားနပ်ရိက္ခာကတော့ အခုလက်ကျန်နဲ့ နည်းနည်းဆက်စားနေကြတဲ့ အနေအထားရှိတယ်။ ဒါကြောင့် ကျနော် တို့ မိုးကာနဲ့ ဆေးဝါးပေးရတဲ့ အနေအထားမှာရှိတယ်။ ဒီတစ်နှစ်က မိုးရာသီ သဘာဝ ဘေးအန္တရာယ်ပေါ့။ အမှန်ဆို ဒီနှစ်က မိုးကျတာနည်းနည်းစောတယ်။ မုတ်သုံမိုးမဟုတ် ဘဲ ဒီမုန်တိုင်းကြောင့်ပေါ့နော်။ အဲဒါကြောင့် မမျှော်လင့်တဲ့ မိုးတွေအရမ်းရွာပြီး စိုရွှဲကုန် တာပေါ့နော်။ တဲတွေပျက်တယ်။ လေထဲပါတာပေါ့နော်။ အဲဒါကြောင့်မို့ အခက်အခဲတွေ ကြုံတယ်။ ဘေးတွေကြုံတယ်”

လူဦးရေသုံးသိန်းဝန်းကျင် နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းတစ်နှစ်အတွင်း စစ်ဘေးဒုက္ခသည် အရေအတွက်က နှစ်သိန်းကျော်နေပြီ လို့လည်း ကိုဗညားက ပြောပါတယ်။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီအနေနဲ့ လက်ရှိမှာ အစိုးရတစ်ရပ်လို မလည်ပတ်နိုင်သေး တဲ့အတွက် ကရင်နီပြည်သူတွေရဲ့ လိုအပ်ချက်ကို အပြည့်အဝမထောက်ပံ့နိုင်ဘဲ နိုင်ငံတ ကာ လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေနဲ့သာ ချိတ်ဆက်ဆောင်ရွက်ပြီး ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို တတ်နိုင်သလောက် ကြိုးစား ဖြည့်ဆည်းနေရတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

karenni-refugees.jpg
ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်က တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒုက္ခသည်တွေကူညီရေးကို သူတို့ အစိုးရက စနစ်တကျဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ မေလက RFA ကို ပြောခဲ့ဖူးပါတယ်။

WFP က လွိုင်ကော်မြို့ပေါ်နဲ့ ရှမ်းပြည်တောင်ပိုင်းရောက် ကရင်နီဒုက္ခသည်တွေကို အကူ အညီပေးနေတာတွေရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်အများစုရှိနေတဲ့ နေရာတွေကိုတော့ လုံခြုံရေးအရ အကန့်အသတ်တွေရှိနေလို့ အကူအညီတွေ မပေးနိုင်ဘဲဖြစ်နေတယ်လို့ WFP က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အသစ်ဖြစ်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနိုင်ဖို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေနဲ့အတူ စစ် ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ပြီး လက်တွေ့ကူညီနိုင်မယ့် လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြပါတယ်။ အကူအညီတွေပေးတဲ့အခါ စစ်ကောင်စီကတစ်ဆင့်ပေးဖို့လည်း စီစဉ်နေကြပါတယ်။

စစ်ကောင်စီနဲ့ အခုလိုတွဲလုပ်မယ့် အစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကတော့ သဘောမကျပါဘူး။ ချင်း၊ ကယား၊ မကွေးနဲ့ စစ်ကိုင်းလို ဒေသတွေက အမှန်တကယ် ဒုက္ခရောက်နေသူတွေလက်ထဲ လူ သားချင်းစာနာမှု အကူအညီတွေ မရောက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။