မတ္တရာက တပ်စခန်း သုံးဆယ်နီးပါးကို မန္တလေး PDF သိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.07.17
မတ္တရာက တပ်စခန်း သုံးဆယ်နီးပါးကို မန္တလေး PDF သိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Telegram/ Mandalay People’s Defence Force

မိုးကုတ်-မန္တလေးကားလမ်းဘေးမှာရှိတဲ့ Alpha ဘိလပ်မြေစက်ရုံတပ်စခန်းနဲ့ တောင်တံငါတပ်စခန်းအပါအဝင် မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၂၈ ခုကို သိမ်းထားတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က မတ္တရာမြို့အရှေ့ခြမ်းနဲ့ စဥ့်ကူးမြို့နယ်တစ်ဝိုက်ကို မနေ့က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Alpha ဘိလပ်မြေစက်ရုံနားက ဒေသခံတွေကတော့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"Alpha စက်ရုံနဲ့ တပ်စခန်းတစ်ခုကို သိမ်းတယ်လေ။ မနေ့ကတည်းကဖြစ်နေတာ။ အသည်းအသန်ပေါ့။ လေကြောင်းကနေ တိုက်လေယာဉ်ပျံတာတွေ ဒီရက်ထဲ မမြင်ဘူး။ ဗုံးကြဲတဲ့ လေယာဉ်အသေးစားတွေတော့ တွေ့တယ်။ Alpha စက်ရုံအနားမှာရှိတဲ့ ရွာတွေကတော့ ရှောင်ရတာပေါ့။ သူတို့နဲ့ ဘယ်ထိပ်တိုက်တွေ့လို့ရမလဲ"

မတ္တရာစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေ ဖမ်းဆီးရရှိထားတယ်လို့လည်း MDY-PDF က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မတ္တရာမြို့နယ်အတွင်းက စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ Alpha ဘိလပ်မြေစက်ရုံအတွင်းမှ ဆုတ်ခွာမပြေးမီ မီးရှို့ဖျက်ဆီးခဲ့သည့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ (Photo: Telegram/ Mandalay People’s Defence Force)
စစ်ကောင်စီတပ်ဖွဲ့ဝင်များ Alpha ဘိလပ်မြေစက်ရုံအတွင်းမှ ဆုတ်ခွာမပြေးမီ မီးရှို့ဖျက်ဆီးခဲ့သည့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ (Photo: Telegram/ Mandalay People’s Defence Force)

မနေ့ကတစ်ရက်တည်းမှာပဲ စဥ့်ကူးမြို့နယ်ထဲကိုလည်း စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့အပြင်ထွက်ချင်ကြပေမဲ့ လမ်းကြောင်းတွေပိတ်ထားတာကြောင့် ထွက်လို့မရဘူးလို့ အမည်မဖော်လိုတဲ့ စဥ့်ကူးဒေသခံတစ်ဦးက ပြောပါတယ်။

"လေကြောင်းကနေ တရစပ်ပစ်နေတာ အပေါ်ကို မေ့ာကိုမကြည့်ရဲဘူး။ ရပ်ကွက် (၂) ဆို တစ်ရပ်ကွက်လုံး ပြာကျနေပြီပေါ့။ မြို့ကလည်း ထွက်ချင်ပေမဲ့ ပေးမထွက်ဘူးဆိုတော့ အကုန်ပိတ်မိနေကြတာပေါ့ "

လေကြောင်းတိုက်ခိုက်မှုကြောင့် စဥ့်ကူးပြည့်သူ့ဆေးရုံက အဆောက်အအုံအချို့နဲ့ ရပ်ကွက် (၁)၊ ရပ်ကွက် (၂) အပါအဝင် နေအိမ်ခြောက်ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

"မြို့ကလည်း ထွက်ချင်ပေမဲ့ ပေးမထွက်ဘူးဆိုတော့ အကုန်ပိတ်မိနေကြတာပေါ့"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ စစ်ကောင်စီတပ်ဟာ လူထူထပ်တဲ့နေရာတွေကနေသာ ခံစစ်ပြင်နေတာလို့ ပြောပါတယ်။

"မြေပြင်တိုက်ပွဲတွေမှာဆိုရင်လည်း စစ်ကောင်စီက ခံစစ်စခန်းတွေကို စွန့်တယ်။ စွန့်ပြီးတော့ တပ်စခန်းတစ်ခုမှာ သွားပေါင်းတယ်။ ပြီးတော့ အဲဒီကနေမှ ခံစစ်အထိုင်ကို ပြင်တယ်။ ခံစစ်အထိုင်ကို ပြင်တယ်ဆိုတဲ့နေရာမှာလည်း လူထူထပ်တဲ့နေရာတွေ စာသင်ကျောင်းတွေ၊ သာသနာ့နယ်မြေဖြစ်တဲ့ ဘုရားတွေ ဘုန်းကြီးကျောင်းတွေမှာ အထိုင်ချပြီးတော့ ခံစစ်တွေကို ပြင်ဆင်ထားတာ တွေ့ရပါတယ်"


ဆက်နွှယ်သောသတင်းများ

စဥ့်ကူးမြို့ ဗုံးကြဲခံရမှု နေအိမ်တစ်ရာခန့် ပျက်စီး၊ လူနှစ်ဆယ်ကျော် ဒဏ်ရာရ

မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်

မန္တလေးမှာ စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်


စစ်ကောင်စီတပ်ဟာ အသိမ်းခံထားရတဲ့ တပ်စခန်းနဲ့ နယ်မြေတွေကို မြေပြင်ကနေ ထိုးစစ်မဆင်နိုင်တာကြောင့် လေကြောင်းကိုသာ အဓိကအသုံးပြုနေတာလို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။

စဥ့်ကူးနဲ့ မတ္တရာမြို့နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ မန္တလေး PDF နဲ့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မန္တလေး PDF ဟာ တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးအတွင်း စဥ့်ကူးနဲ့ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေသလို ကမ္ဘာကျော်ပတ္တမြားတွေထွက်ရှိတဲ့ မိုးကုတ်မြို့ကိုလည်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။