ရခိုင်မြောက်ပိုင်း သတင်းရယူခွင့်နဲ့ နောက်ဆက်တွဲများ - အပိုင်း (၃)


2018.10.23
maungtaw-media-622.jpg မောင်တောမှာ သတင်းယူနေတဲ့ မီဒီယာသမားတွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
Photo: Min Thein Aung/RFA

၂ဝ၁၆ ခုနှစ် အောက်တိုဘာလကစပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ဒေသလည်းဖြစ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်သတင်းရယူခွင့် ပိတ်ပင်ထားတာ ယနေ့ထက် အထိပဲဖြစ်ပါတယ်။

ဒီလိုပိတ်ပင်ထားတဲ့အတွက် ပြည်တွင်းပြည်ပသတင်းဌာနတွေအနေနဲ့ နိုင်ငံတကာစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တစ်စုံတရာ စုံစမ်းဖော်ထုတ်ရေးသားခွင့်မရသလို၊ အစိုးရအာဏာပိုင်တွေအနေနဲ့ တစ်စုံတရာ ဖုံးကွယ်ထား စရာရှိလို့ အခုလို ကန့်သတ်ထားတာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းဝိုင်းကလည်း ယုံကြည်နေကြပါတယ်။

RFA သတင်းထောက် မသက်စုအောင်၊ ကိုထက်အာကာ၊ ကိုကျော်ဇောဝင်း၊ ကိုကျော်လွင်ဦး၊ ကိုမင်းသိန်းအောင်၊ ကိုကျော်ထွန်းနိုင်၊ ကိုအောင်သိင်္ခတို့က သတင်းအချက်အလက် ပေးပို့ထားပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်း က စုစည်းတင်ပြထားပါတယ်။

---------------------

အပိုင်း (၃)

လွတ်လပ်စွာသတင်းရယူခွင့်ပြုသင့်

ပဋိပက္ခဖြစ်ပွားတဲ့ဒေသမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက စွပ်စွဲနေသလို တကယ်တမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမရှိဘူးဆိုရင် အာဏာပိုင်တွေအနေနဲ့ အစိုးရ သိက္ခာ၊ နိုင်ငံ့သိက္ခာဆည်ဖို့ အတွက် သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့် ပြုသင့်တယ်လို့ သတင်းထောက်တွေနဲ့ လေ့လာသူတွေက မြင်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း FCCM က အဖွဲ့ဝင်တဦးဖြစ်တဲ့ TV Asahi က သတင်းထောက် ဦးဟန်ထွေးအောင် က အခုလို သုံးသပ်ပြပါတယ်။

"အဓိကကတော့ တကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ ဒီသတင်းဟာ ကျနော်တို့ နိုင်ငံက တိုက်လည်း တိုက်ခိုက်ခံရလို့ စပြီးတော့ အကြမ်းဖက်လို့ ဒီလိုဖြစ်တာ၊ တချို့ကျတော့လည်း ကျနော်တို့နိုင်ငံရဲ့ သတင်းထုတ်ပြန်တာတို့ တချိန်က နောက်ကျခဲ့တယ်၊ နှောင့်နှေးခဲ့တဲ့အခါ ကျနောတို့ နောက်ကလိုက်ရှင်းရတယ်၊ တဖက်မှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရတယ်၊ အချိန်နဲ့ တပြေးညီ သွားလို့ရတယ် အဲဒီအတွက်ကြောင့်မို့ နားနှစ်ဖက်မှာ တဖက်က သတင်းကပိုတက်ပြီး ကျနော်တို့ နိုင်ငံမှာလည်း အခက်အခဲတွေ ဖြစ်နေတယ်၊ အခုတော့ နောက်ကနေ လိုက်လုပ်ပေမယ့်လည်း ခရီးမှာ စီစဉ်မှုလေးတွေက လိုအပ်တာတွေရှိနေတယ်"

ပဋိပက္ခဖြစ်ပွားရာနေရာကို သတင်းမီဒီယာတွေ လွတ်လပ်စွာဝင်ရောက် သတင်းယူခွင့်ပြုခြင်း အားဖြင့် ကောလာဟလ သတင်းတွေနဲ့ စွပ်စွဲချက်တွေကို ခြေဖျက်ပြီးဖြစ်ကြောင်း သတင်းမီဒီယာ အဖွဲ့တွေက ထောက်ပြကြပေမယ့် အာဏာပိုင်တွေအနေနဲ့ ပိတ်ပင်ထားတာပဲ ပိုပြီး ကောင်းတယ်လို့ ယူဆခဲ့ပုံရကြောင်း သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

"တကယ်တော့ ဒီပြဿနာတွေကို နိုင်ငံတကာက ယုံကြည်အောင် ပြောဖို့ဆိုတာ သတင်းလွတ်လွတ် လပ်လပ် ရယူခွင့်ရှိဖို့ အရေးကြီးတယ်ပေါ့နော်၊ ဆိုလိုချင်တာက သတင်းရယူခွင့်ဆိုတာဟာ သတင်းထောက်တွေကို တပ်ကလုံခြုံရေးလိုက်ဖို့ ပြောတာမဟုတ်ပါဘူး၊ သူတို့ လုံခြုံရေးရှိနေတဲ့ နေရာမျိုးတွေမှာ ယူခွင့်ရှိရမှာပေါ့နော်၊ ဆိုလိုချင်တာက တကူးတက သတင်းထောက်ကို သီးသန့် အစောင့်အရှောက် လိုက်ပေးဖို့မလိုဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြောတာပါ၊ သတင်းဘယ်နေရာမှာ မဆိုယူခွင့်ရှိတယ်၊ လုံခြုံရေးအခြေအနေ အန္တရာယ် ကျရောက်နိုင်ခြေကတော့ ကိုယ့်ဟာကိုယ် အကဲခတ်လေ့လာသုံးသပ်ပြီးတော့ ဘယ်နေရာသွားသင့်တယ်၊ မသွားသင့်ဘူး ဒါကတော့ သတင်းသမားတွေ ဆုံးဖြတ်လိမ့်မှာပေါ့၊ ဒါပေမဲ့ အဲဒီဟာမျိုးမရှိခဲ့ဘူး၊ အဲဒါကြောင့်လည်း အမြဲတမ်း မေးတဲ့အခါမျိုးမှာ အဲဒီအချက်ကို အဓိကထောက်ပြခဲ့တယ်၊ နိုင်ငံတကာက ရေးတဲ့ဟာတွေ မှားယွင်းနေတယ်ဆိုတာ၊ တကယ်တမ်းတော့ သတင်းရယူခွင့်ကို လွတ်လွတ်လပ်လပ် ခွင့်ပြုထားရင် ဒီဟာတွေဟာ အတိုင်းအတာတစ်ခုထိကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ကျနော်တို့ ပြောခဲ့တယ်၊ သို့သော် အစိုးရတို့၊ တပ်တို့၊ လုံခြုံရေးတပ်ဖွဲ့တွေက အဲဟာမျိုးတွေကို အရေးမစိုက်ခံဘူးပေါ့နော်၊ သူတို့ကတော့ ပိတ်ထားတာ ပိုကောင်းတယ်လို့ ယူဆကြတယ်လို့ အကဲခတ်ရတာပေါ့နော်"

အစိုးရအနေနဲ့ နိုင်ငံတကာဖိအားပေးမှုတွေများနေချိန်မှာ နိုင်ငံတကာယုံကြည်မှုရလာစေဖို့ သတင်းမီဒီယာ ဝင်ရောက်ခွင့်ပေးသင့်တယ်လို့ နိုင်ငံခြားသတင်းထောက်တဦးဖြစ်တဲ့ ကိုပြည့်စုံဝင်း ကလည်း ပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာ လက်ရှိအချိန်မှာ နိုင်ငံတကာဖိအားတွေလည်း ရှိတယ်ပေါ့နော်၊ ဖြစ်ပျက်နေတာတွေလည်း အများကြီးပေါ့၊ အဲအခါမျိုးတွေမှာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပေါ့နော်၊ သတင်းထောက်တွေကို သွားရောက် သတင်းယူခွင့်ပေးတာမျိုးတွေပေါ့၊ နောက်တစ်ခုကကျတော့ တင်းကြပ်ထားတဲ့အရာတွေ ထိန်းချုပ်ထားတဲ့အရာတွေကို တတ်နိုင်သလောက် ဖြေလျော့ပေးတာမျိုးတွေ လုပ်သင့်တယ်လို့ ကျနော်မြင်တယ်ဗျ"

အစိုးရနဲ့တပ်မတော်အနေနဲ့ ဖုံးကွယ်ထားစရာလည်းမရှိ၊ ကျင့်ဝတ်နဲ့မညီတာတွေကိုလည်း အရေးယူဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုရင် နိုင်ငံတကာက သံသယနဲ့စွပ်စွဲချက်တွေ ပျောက်ကွယ်သွားစေဖို့ မောင်းတော အထိ အကန့်သတ်မရှိဘဲ သတင်းမီဒီယာတွေကို သွားခွင့်ပြုသင့်တယ်လို့ နိုင်ငံခြားသတင်းထောက်တဦးဖြစ်တဲ့ ဦးသီဟသွေး က ပြောပါတယ်။

"အစိုးရရော တပ်မတော်အနေနဲ့ရော ကျနော်နားလည်တာက ပြဿနာရှိတယ်၊ ကျင့်ဝတ်နဲ့မညီတဲ့ ဆောင်ရွက်ချက်မျိုးတွေ စွပ်စွဲထားတာမျိုးတွေရှိခဲ့ရင် သူတို့အနေနဲ့ ဖုံးကွယ်ထားလိုတဲ့ဆန္ဒမရှိဘူး၊ အရေးယူမယ်လို့ ပြောထားပြီးသားလေ၊ ဒီလိုအနေအထားမျိုးမှာ ကျနော်ကတော့ စုံစမ်းလို့ ပေါ်ပေါက်ခဲ့တယ်ဆိုရင်လည်း အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ရော အရေးယူဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားရှိတယ်လို့ ကျနော်နားလည်တယ်၊ အဲလိုမျိုး တကယ် အဆင်သင့်ဖြစ်နေတယ်ဆိုရင်တော့ ကျနော်ကတော့ လုံခြုံရေးအရ သိပ်ပြဿနာမရှိနိုင်တဲ့ နေရာမျိုးတွေကို ပေးသွားစေချင်တယ်၊ ဥပမာဆိုရင်တော့ လူမျိုးရေးအရ နိုင်ငံခြားကလာတဲ့ မီဒီယာတွေဆိုရင် တချို့ဒေသခံတွေက မကြိုက်တာရှိတယ်၊ အန္တရာယ်ပြုနိုင်တယ်ပေါ့နော်၊ ဒါမျိုးကျတော့ အန္တရာယ်များတယ်ဆိုတော့ ထိန်းလို့ သိမ်းလို့ရတဲ့ နေရာမျိုးတွေကိုတော့ လွတ်လွတ်လပ်လပ်ပေးသွားသင့်တယ်၊ ဥပမာ မောင်တောလို နေရာမျိုး အခြေပြုပြီးတော့ အဲပတ်ဝန်းကျင်ပေါ့၊ မသွားသင့်တဲ့နေရာမျိုးတွေ ကြိုပြီးတော့ ကန့်သတ်ထားတာမျိုး၊ မသွားသင့်ဘူးလို့ အကြံပေးထားတာမျိုးလောက်ကလွဲပြီးတော့ ပေါ့နော် မောင်တောလောက်ထိတော့ အားလုံးကို ပေးလာစေချင်တယ်၊ သွားပြီးတော့ လေ့လာစေချင်တယ်၊ ဘာဖြစ်လို့လည်း ဆိုရင် နိုင်ငံတကာကနေ ယုံထင်၊ ကြောင်ထင်၊ ထင်နေတဲ့ကိစ္စတွေက ပြေလည်သွားနိုင်တယ်"

သတင်းမီဒီယာကောင်စီက ဦးကျော်စွာမင်းကတော့ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးဖို့လိုသလို သတင်းမီဒီယာတွေကို စနစ်တကျကန့်သတ်ထားတာမျိုးကိုတော့ လက်ခံစရာမရှိပါဘူးလို့ ပြောပါတယ်။

"တချို့ကျတော့လည်း ကိုယ်တိုင်သွားချင်တဲ့ သတင်းသမားတွေရှိမယ်၊ အဲသတင်းသမားတွေကိုလည်း လုံခြုံရေးက အစပေးပြီးတော့ သတင်းသမားတွေကို အကာအကွယ်ပေးရင်းနဲ့ သတင်းယူခွင့် လွတ်လပ်စွာပေးသင့်တာပေါ့နော်၊ ဒါမှသာ တကယ်ရခိုင်ပြည်နယ် ဆောင်ရွက်မှုတွေကိုလည်း သတင်းမီဒီယာသမားတွေကိုလည်း လွတ်လပ်ခွင့်ပေးထားတယ်၊ နိုင်ငံတကာ ပုံရိပ်လည်း ကောင်းတာပေါ့နော်၊ အစိုးရ ပုံရိပ်လည်းကောင်းတာပေါ့၊ သတင်းရယူခွင့်အပိုင်းမှာတော့ နောက်ဆုံးကြားတာတော့ ရခိုင်အစိုးရပဲ ဖြစ်ဖြစ်ပေါ့နော် သူတို့ရှိကောင်းရှိမယ်၊ လုံခြုံရေးအရဆိုပြီးတော့ အဖွဲ့အစည်းတွေရှိရင်ရှိမယ်၊ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းမှာမဆို ဒီဟာကို ကန့်သတ်ထားတာဆိုရင်တော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူးပေါ့နော် ဒါကတော့ မဖြစ်သင့်ဘူးပေါ့"


အစိုးရမှာ တိကျတဲ့မူဝါဒမရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခနဲ့ပတ်သက်လို့ သတင်းမီဒီယာ ဝင်ရောက်ခွင့် ပိတ်ပင်ကန့်သတ်ထားတဲ့ အတွက် နိုင်ငံတကာရဲ့အမြင်မှာ အစိုးရအပေါ်မှာရော တပ်မတော်အပေါ်မှာပါ သံသယတွေရှိလာခဲ့တာ ထင်ရှားပါတယ်။ ဒီလို သံသယတွေနဲ့ စွပ်စွဲချက်တွေဟာ အခုဆိုရင် ပိုပြီး ပြင်းထန်လာခဲ့တာတွေ့ရပါတယ်။

သတင်းစာဆရာဘဝကနေ ပြန်ကြားရေးဒုဝန်ကြီးဖြစ်လာတဲ့ ဦးအောင်လှထွန်းက သတင်းမီဒီယာကိုင်တွယ်မှု အားနည်းရင် တန်ပြန်ဆိုးကျိုးခံစားရကြောင်း၊ ဒါဟာ ကိုင်တွယ်သူတွေဘက်က အားနည်းချက်တခုဖြစ်ခဲ့တယ်လို့ မြင်ကြောင်း RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလို သုံးသပ်ပြပါတယ်။

"ကျနော် ငယ်ဆရာတစ်ဦး သင်ဖူးတာကို သတိရတယ်၊ Mishandling of the media can be counter-productive.မီဒီယာကို ကိုင်တွယ်မှုလွဲချော်ရင် Back Fire ဖြစ်တယ်၊ ဘာမှဖုံးကွယ်စရာမရှိဘူး၊ ဖုံးကွယ်စရာမရှိပေမဲ့ ပေးမသွားတဲ့အခါကျတော့ အထင်အမြင် လွဲသွားတာပေါ့၊ တကယ်တမ်းကြတော့ ကျနော်တို့ လုပ်ခဲ့သင့်တာတွေရှိတာပေါ့၊ ကျနော်တို့ကို စွပ်စွဲကြတယ်၊ ကျနော်တို့ အဲထဲက ပြောခဲ့သင့်တာပြောတာပါ၊ ကျနော်သာရှိခဲ့ရင် ကျနော်က ပြောချင်နေတာပေါ့၊ အဲဒါဆိုရင် ကျနော်တို့လုပ်လို့ရတာပဲ၊ DNA စစ်ဆေးတာတွေလုပ်လို့ရတယ်၊ ဒုက္ခသည်တွေကိုလည်း အင်တာဗျူးလို့ရတာပေါ့လေ၊ အဲ့ဒီဟာကို ကျနော်တို့ ဘာမှ ဖုံးကွယ်စရာမရှိဘူး၊ ကျနော်တို့အားနည်းသွားတာပေါ့၊ ကျနော်ကတော့ ရိုးသားစွာ အဲ့လိုမြင်ပါတယ်"

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အောက်တိုဘာ ၂၂ ရက်နေ့က လူမှုကွန်ယက်ပို့စ်တခုမှာ အခုလို ရေးသားထားပါတယ်။ “မောင်တော-ဘူးသီးတောင် အရေးအခင်းနဲ့ ပတ်သက်ရင် ကျနော်တို့က သတင်း မီဒီယာ တွေကို လွတ်လပ်စွာ သတင်းယူခွင့်မပြုဘဲ ပြည်တွင်းကနေ ကိုယ့် အမြင်နဲ့ပြောတယ်၊ သတင်းထုတ်ပြန်တယ်၊ နိုင်ငံတကာက ကိုယ်ပြောတာကို လက်မခံရင် အပြစ် တင်တယ်”လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဝေဖန် ထောက်ပြထားပါတယ်။

RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အစိုးရရဲ့ သတင်းမီဒီယာ ကန့်သတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေဟာ အခုအခြေအနေမှာ အဖတ်ဆယ်လို့တောင် ခက်နေပါပြီလို့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။

"ကျနော်တို့ အတွေ့အကြုံအရပေ့ါဗျာ၊ မီဒီယာတွေ များများဝင်တဲ့အခါကျတော့ ရှုထောင့်ပေါင်းစုံက တင်ပြတဲ့အခါမှာ ကောလာဟလတွေ၊ လုပ်ကြံသတင်းတွေအတွက် နေရာမရှိဘူးပေါ့၊ ဒါလည်း ကျနော်တို့အတွက် အားသာချက်ပေါ့၊ နောက်ထပ်အားသာချက်တစ်ခုကတော့ မြေပြင်မှာ မီဒီယာတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ပြစ်မှုကျူးလွန်ချင်တဲ့သူတွေက ဘာပဲပြောပြော တုံ့ဆိုင်းမှုတွေဖြစ်သွားတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်ကပင် ပိုပြီးတော့မှ သတိထားပြီးလုပ်ဆောင်တာတွေ ရှိလာတယ်၊ ဒီလိုအကျိုးကျေးဇူးတွေ ကျနော်တို့တုန်းက ရခဲ့တာပေါ့၊ အခု NLD အစိုးရတာဝန်ယူတဲ့ အချိန်မှာတော့ အောက်တိုဘာ တိုက်ခိုက်မှုဖြစ်ပြီးတဲ့ အချိန်က စပြီးတော့ သတင်းမီဒီယာတွေ ဝင်ခွင့်မပေးတဲ့အခါကျတော့ တဖက်သတ် သတင်းတွေကပဲ အတည်ဖြစ်နေတယ်၊ အစိုးရအပေါ်မှာ နိုင်ငံတကာရဲ့ နားလည်မှုမရဘူးဖြစ်တာပေါ့၊ အဓိကတော့ ပိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ သတင်းရယူမှုနဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာ ဥပဒေမှာလည်း အတိအကျ ပြဋ္ဌာန်းထားပြီးဖြစ်တယ်၊ ဒါကြောင့်မို့ အစိုးရအနေနဲ့ လုပ်သင့်တာက ပိပက္ခ နေရာမှာ သတင်းယူမယ်ဆိုရင် ဘယ်အချက်တွေကို လိုက်နာပါ၊ လုံခြုံရေးတပ်ဖွဲ့တွေ ဒေသအာဏာပိုင်တွေက ဘယ်လို အချက်တွေကို ဖြည့်ဆည်းပေးပါဆိုတာမျိုး တိတိကျကျ သတင်းထုတ်ပြန်သင့်တာပေါ့၊ အခုအခြေအနေကတော့ မေးလိုက်လို့ရှိရင် အစိုးရကလည်း တပ်က ခွင့်မပြုတဲ့ပုံစံမျိုးပြောတယ်၊ တပ်ကပြောတော့လည်း သူတို့မတားပါဘူး၊ အစိုးရက ခွင့်မပြုပါဘူးပြောတယ်၊ တခါတလေကြတော့လည်း အစိုးရက ခွင့်မပြုဘူးပြောတယ်၊ အဲတော့ မူဝါဒက မပြတ်တဲ့အခါကြတော့ အလုပ်လုပ်ရတာခက်တာပေါ့၊ အဲတော့ လုပ်သင့်တာကတော့ တိကျတဲ့ မူဝါဒတစ်ခုကို ထုတ်ပြန်ပေးဖို့ပါပဲ၊ အဓိကတော့ ၂၀၁၆ အောက်တိုဘာလမှာ တိုက်ခိုက်မှုတွေဖြစ်ပြီးကတည်းကိုက သတင်းမီဒီယာမူဝါဒမှာ မှားခဲ့တာပေါ့၊ ဘာကြောင့်မှားလည်းဆိုတာတော့ NLD အစိုးရမှာ တာဝန်ရှိတဲ့ အဲတုံးက သမ္မတ ဦးထင်ကျော်တို့၊ ဒေါ်အောင်ဆန်းစုကြည်ပဲ သိမှာပဲ၊ ဘာပဲပြောပြော အဲအချိန်ကစပြီးတော့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်မပေးတဲ့အတွက်ကြောင့် အခုအချိန်မှာတော့ ပြန်ပြီးတော့ အဖတ်ဆယ်ဖို့ တော်တော်ခက်သွားပြီလို့ ကျနော်မြင်ပါတယ်"

ဒါကတော့ အစိုးရက သတင်းရယူခွင့်ကန့်သတ်ထားမှုတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အခြေအနေတွေအကြောင်း RFA က စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။