ကွပ်မျက်မိန့်အတွက် သက်ညှာမှု မရနိုင်ကြောင်း စစ်ကောင်စီပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီက အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း ပြည်ပက ကန့်ကွက်ရှုတ်ချနေကြပါတယ်။
"မိုက်မိုက်မဲမဲနဲ့ တကယ်ပေးပစ်မယ်ဆိုရင် ပြည်တွင်းရော၊ နိုင်ငံတကာကပါ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်”
ဒီလိုကန့်ကွက်မှုတွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကွပ်မျက်မခံရခင် သေဒဏ်ကို သက်ညှာကင်းလွတ်ပေးနိုင်မလားလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့မေးတဲ့အခါ ကွပ်မျက်ဖို့ကိစ္စက သေချာပြီး သက်ညှာ မှုမရှိနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။
“ပေးမှာကတော့ သေချာတယ်။ ဒါပဲ။ (သက်ညှာမှု) မပေးနိုင်ပါဘူး။ အသနားခံစာ အဆင့်ထိ ပြီးသွားပြီ”
သူတို့လေးဦးစလုံးကို အကျဉ်းဦးစီးဌာနကို လွှဲအပ်ပြီး ဖြစ်တာကြောင့် အဲဒီဘက်က ဆက်လုပ်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
သူတို့ကို အမှန်တကယ်သာ ကွပ်မျက်ခဲ့ရင် စစ်ကောင်စီဟာ ပြည်တွင်းနဲ့ နိုင်ငံတကာက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုလုပ်ငန်းကော်မတီဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို စစ်ခုံရုံး က သေဒဏ်ချမှတ်ထားတဲ့ အမှုကိစ္စကို လက်နက်သဖွယ် အသုံးချပြီးတော့ တော်လှန် ရေးသမားတွေနဲ့ ပြည်သူလူထုကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာလို့ မြင် ပါတယ်။ ဒါကတကယ်တော့ သွေးတိုးစမ်းနေတာပါ။ တကယ်ဆိုရင် ရှိထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ အယူခံ အဆင့်ဆင့်တင်တဲ့ ကိစ္စမှာလည်း တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်တဲ့ နိုင်ငံတော် သမ္မတကသာ ဆုံးဖြတ်ရမယ့်ကိစ္စကို ဝင်ဆုံးဖြတ် ပေးထားတာ ဖြစ်ပါတယ်။ မိုက်မိုက်မဲမဲနဲ့ တကယ်ပေးပစ်မယ်ဆိုရင် ပြည်တွင်းရော၊ နိုင်ငံတကာကပါ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်”
စစ်ကောင်စီရဲ့ ကွပ်မျက်မိန့်အတည်ပြုချက်နဲ့ ပတ်သက်လို့ ဘာတွေ တုံ့ပြန်ဖို့ ရှိသလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးကျော်ထွေးက ရှင်းရှင်းလင်းလင်း မပြောပါဘူး။
စစ်ကောင်စီက သူကိုယ်တိုင် ပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင်ချိုး ဖောက်ပြီး အာဏာကို ဥပဒေမဲ့ ကျင့်သုံးနေတာဖြစ်လို့ သူတို့ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စတွေ အားလုံးဟာ တရားမဝင်ဘူးလို့ ဦးကျော်ထွေးက ပြောပါတယ်။
ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ နှစ်ဦးဟာ CRPH၊ NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက် သွယ်ပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်ခဲ့တယ်၊ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီး ရရှိခဲ့တယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
ဒီလုပ်ဆောင်ချက်တွေကြောင့် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ-၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) နဲ့ တရားစွဲတင်ခဲ့ပြီး ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စစ်ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
သေဒဏ်အတည်ပြုခံရတဲ့ ကျန်နှစ်ဦးကတော့ လှိုင်သာယာမြို့နယ်မှာ လူသတ်မှု ကျူးလွန် ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်မယ်ဆိုတဲ့အပေါ်မှာ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် တား မြစ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ဇွန်လ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နိုင်ငံတို့ကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း ကြေညာချက် တွေ ထုတ်ပြန်ထားကြပါတယ်။ အာဆီယံအသင်းကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆို တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ကန့်ကွက်မှုတွေဟာ “အကြမ်းဖက်မှုကို အားပေးရာ ရောက်တယ်”လို့ မနေ့က စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကတော့ စစ် ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ဇွန်လ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ စစ်တပ်မှာ အခုလို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။
လူတစ်ယောက်ကို သေဒဏ်အမိန့်ပေးတယ်ဆိုတာ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘဲ အပြစ်မရှိဘဲ ဆောင်ရွက်မိခဲ့ရင် အစားထိုးလို့ မရတဲ့ အသက်အပြင် တစ်ချိန်တည်းမှာ ကာယကံရှင်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“စစ်ကောင်စီရဲ့ ခုံရုံးတွေ၊ တရားရုံးတွေ၊ စီရင်ချက်တွေ ကျနော်တို့ လုံးဝယုံလို့မရဘူး။ ဒီမိုကရေစီ တောင်းဆိုတဲ့သူ မှန်သမျှ ရန်သူလို့ သတ်မှတ်၊ အပြစ်မဲ့ပြည်သူတောင် သတ်ဖြတ်နေတဲ့ကာလမှာ သူတို့ဆီက ချမှတ်တဲ့ တရားဥပဒေဆိုတာ ကျနော်တို့ ယုံကြည်စရာလည်း မရှိဘူး။ သူတို့အနေနဲ့ တရားစီရင်ပိုင်ခွင့်လည်း မရှိဘူး။ စစ်တပ်က စစ်တပ်ပါပဲ။ ဘယ်လိုမှ တရားစီရင်ရေးမှာ ပါဝင်ပြီး လုပ်ဆောင်စရာ မရှိတဲ့အတွက် ဒါက တရားရေးအရရော၊ လူ့အခွင့်အရေးအရရော ကျနော်တို့ မှားယွင်း တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်”
ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပြပြောက်ကျား လူငယ်တစ်ဦးကတော့ စစ်တပ်က သူတို့ကို တော်လှန်မယ့်သူတွေကို အကြောက်တရားသွင်းလိုက်တဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
“အခုလို လုပ်ပြလိုက်တယ်ဆိုတာကဗျာ တကယ်တမ်းကျတော့ နောက်လူတွေ ဆက် မလုပ်ရဲအောင် တော်လှန်သူတွေကို အဲဒီလိုမျိုး လုပ်ပြလိုက်တယ်လို့ ထင်တယ်”
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံ ထားရတဲ့သူဟာ မေလအထိ ၁၁၄ ဦးအထိ ရှိနေတာပါ။ သူတို့အားလုံးဟာ ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ ထောင်တွင်းစစ်ခုံရုံးကနေ တိုက်ရိုက်အမိန့်ချခံထားရတာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်ပြီးတော့ စစ်ကောင်စီက ကြိုးပေးကွပ်မျက်တာကို တကယ်လုပ်ခဲ့ရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဒီအပေါ်မှာ အကုန်ခြုံငုံပြီး သုံးသပ်ရရင်တော့ ခုနက ပြောဆိုနေတာတွေက တကယ် လက်တွေ့ ဖြစ်လာနိုင်ဖို့ အင်မတန် ခဲယဉ်းတဲ့ အနေအထားဖြစ်တယ်။ နိုင်ငံရေး ရည် ရွယ်ချက် တစ်ရပ်ရပ်အရ ခုနကလို နိုင်ငံရေး ကစားကွက်တစ်ခုရွှေ့ခြင်းပဲ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ အကယ်၍ ဒီထဲကနေမှ တကယ်ကို ကမ္ဘာက ကန့်ကွက်နေတယ်၊ နိုင်ငံ တကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်၊ ပြည်တွင်း ဥပဒေတွေအရလည်း သံသယဖြစ် ဖွယ် အခြေအနေတွေ ဖြစ်နေတဲ့အချိန်မှာ တကယ်သာ ကြိုးပေး ကွပ်မျက်ခဲ့မယ်ဟေ့ ဆိုရင် အင်မတန် ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ပဲ ဒီလိုပဲ သုံးသပ် လို့ ရပါတယ်”
အခု ကွပ်မျက်မိန့်အတည်ပြုခံရသူတွေကို အကျဉ်းနည်းနဲ့ စီရင်တဲ့ စစ်ခုံရုံးကနေ ဆုံးဖြတ် တာဖြစ်ပြီး အပြန်အလှန်လျှောက်လဲခွင့်နဲ့ ချေပခွင့်တွေမရခဲ့တာကြောင့် လုံးဝ တရားမျှ တမှု မရှိဘူးလို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီလိုပဲ မြန်မာနိုင်ငံမှာ စစ်အစိုးရအဖြစ် ဆောင်ရွက်ခဲ့တဲ့ နဝတ၊ နအဖတွေ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်တွေ ချခဲ့ပေမယ့် တကယ်စီရင်ခြင်း မရှိဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံတကာက ဂရုစိုက်မှုနဲ့ အသနားခံ မှုတွေရှိလာရင် စစ်ခေါင်းဆောင်ဘက်က သူတို့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“သူမလုပ်ရဲတာ ဘာမှ မရှိဘူး။ အကုန်လုပ်ရဲတယ်ဆိုတဲ့ သဘောထားတွေ စုပြုံဖော်ပြ ထားတယ်ဆိုတဲ့ အနေအထားမှာ သူ့အနေနဲ့ နိုင်ငံတကာက သူ့ကို ဂရုစိုက်မှုနဲ့ အသနား ခံမှုတွေအထိ လုပ်ကိုင် ဆောင်ရွက်လာရင်တော့ တစ်မျိုး စဉ်းစားပါလိမ့်မယ်။ အဲလိုမှ မဟုတ်ရင်တော့ လူမိုက်ပီပီ၊ လူရမ်းကားပီပီ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးဒဏ်ပေးဖို့ လုပ်ကောင်းလုပ်နိုင်တယ်လို့ ကျနော်ကတော့ မှန်းဆကြည့်ပါတယ် ခင်ဗျ”
အဲဒီအမိန့်အတိုင်း အမှန်တကယ်ကွပ်မျက်ခဲ့ရင် စစ်ကောင်စီအပေါ် ပြည်သူတွေရဲ့ နာကြည်းမှုတွေဟာ အထွတ်အထိပ်ကိုရောက်လာနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ သေဒဏ်ပေး ကွပ်မျက်မှုကို လက်တွေ့လုပ်မယ်ဆိုရင် နိုင်ငံတော်အကြီး အကဲရဲ့ အတည်ပြုချက် လိုအပ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ပြီး နောက်ပိုင်း သေဒဏ်ကို လက်တွေ့ကျင့်သုံးတာမျိုး မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၂၀၀ ကျော်ထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ် ခံထားရသူပေါင်း ၂၀၉ ဦးထိ ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာ ဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က မနေ့က သတင်းထုတ်ပြန် ထားပါတယ်။