လောင်စာဆီ ပြဿနာ ကောလာဟလလို့ စစ်ကောင်စီ ငြင်းဆို

ဦးသစ်ဆင်း ( ဝါရှင်တန်ဒီစီ )
2022.04.20
လောင်စာဆီ ပြဿနာ ကောလာဟလလို့ စစ်ကောင်စီ ငြင်းဆို ရန်ကုန်မြို့ရှိ Max စက်သုံးဆီဆိုင်မှာ ဆီဖြည့်နေသည့်ကားများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA

မြန်မာနိုင်ငံမှာ လောင်စာဆီ မလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ သတင်းမီဒီယာ တွေမှာ ဖော်ပြနေကြပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးကတည်းက လောင်စာဆီ မလုံ လောက်မှုဟာ မြန်မာ ပြည်သူတွေအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း လောင်စာဆီစျေး မြင့်တက်လာခဲ့တာကြောင့် နိုင်ငံ အနှံ့အပြား တချို့ နေရာတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ပေါ်ပေါက်ခဲ့ပါတယ်။

ရန်ကုန်အပါအဝင် နိုင်ငံအတွင်း မြို့ အတော်များများက လောင်စာဆီဆိုင်တွေမှာ ဓာတ်ဆီ နဲ့ ဒီဇယ် ဝယ်ယူ ဖြည့်တင်းဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ကားတန်းရှည်ကြီးတွေကို တွေ့မြင်နေရကြောင်း သတင်းတွေက ဖော်ပြ ပါတယ်။ ရန်ကုန်မြို့က တက္ကစီသမားတစ်ဦး ကလည်း လောင်စာဆီဆိုင် တစ်ဆိုင်မှာဆိုရင် ကားအရေအတွက် သုံးရာလောက်အထိ တန်းစီနေကြောင်း၊ တချို့ လောင်စာဆီဆိုင်တွေ ပိတ်လိုက်ကြကြောင်း ပြောပါတယ်။

စစ်ကောင်စီကတော့ လောင်စာဆီ ပြတ်လပ်တယ်ဆိုတာ ကောလာဟလသာဖြစ်တယ်လို့ အင်္ဂါနေ့ က ငြင်းဆိုပါတယ်။ ဒါပေမဲ့ လောင်စာဆီဆိုင်တွေမှာ လိုသလောက် ဝယ်ယူမရ တော့ဘဲ အကန့်အသတ်နဲ့သာ ရောင်းချလာခဲ့ပြီး တချို့ဆိုင်တွေ ပိတ်သွားခဲ့ကြပါတယ်။ လောင်စာဆီစျေးနှုန်းကိုလည်း ပုံမှန်စျေး ဓာတ်ဆီ တစ်လီတာကို ၁၉၇၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ၂၁၆၀ ကျပ် နဲ့သာ ရောင်းချနေရာကနေ ဆိုင်တွေပိတ်သွားခဲ့ကြတာ ဖြစ်ကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ လောင်စာဆီ ပြတ်လပ်တယ် ဆိုတဲ့အပေါ် အခြေ အမြစ်မရှိတဲ့ ကောလာဟလအဖြစ် ငြင်းဆိုလိုက်ပြီး လက်လီစျေးကွက် မှာ အခြေခံလုပ်ငန်းဆိုင်ရာ ချို့တဲ့မှုတွေကြောင့် ဖြစ်ရကြောင်း ပြစ်တင်ပြောဆိုလိုက်ပါ တယ်။ ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့ လောင်စာဆီ သိုလှောင်ကန်တွေ အလုံအလောက်ရှိတဲ့ အပြင် ရန်ကုန် ဆိပ်ကမ်းမှာလည်း မသယ်ယူရသေးတဲ့ လောင်စာ ဆီကန်တွေရှိကြောင်း၊ ဓာတ်ဆီ စတော့ ၄၅ သန်းနဲ့ ဒီဇယ်ဆီ စတော့ ၇၅ သန်း ရောက်ရှိနေပြီဖြစ်လို့ စိုးရိမ် စရာမလိုဘဲ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ဆောင်ရွက်နေကြောင်း ပြောဆို ခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် ပုဂ္ဂလိက စွမ်းအင်ကုမ္ပဏီ အမှုဆောင်တစ်ဦးကတော့ အခုလို လောင်စာ ဆီကိစ္စ ပေါ်ပေါက်လာရတာဟာ ဗဟိုဘဏ်ရဲ့ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိက တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာနဲ့ တခြား နိုင်ငံခြားငွေကြေး တွေကို တစ်ရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ကြဖို့၊ မလဲလှယ်ရင် ဥပဒေအရ အရေးယူမှာ ဖြစ်ကြောင်း ကြေညာချက်ရဲ့ သက်ရောက်မှုလည်း ပါဝင်နိုင်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၈၅၀ စျေးပေါက်နေချိန် မှောင်ခိုစျေးကွက်မှာ ၂၀၃၀ ကျပ် ဖြစ်ပါတယ်။ နိုင်ငံခြားငွေကိုသာ အစိုးရခွင့်ပြုချက်နဲ့ ပြည်ပကို တရားဝင်ပို့နိုင်တာဖြစ်လို့ ဒါဟာ စစ်ကောင်စီအနေနဲ့ အကြွေးတွေဆပ်ဖို့၊ ရေနံ၊ ဓာတ်ငွေ့ နဲ့ လက်နက်တွေ ဝယ်ယူဖို့ သုံးစွဲဖွယ်ရှိကြောင်း အေပီ သတင်းက ဆိုပါတယ်။ ဒါ့ပြင် နိုင်ငံမှာ ပြည်တွင်းစစ်ကလည်း ရှိနေဆဲပါ။ ဒေါ်လာကို ဗုဒ္ဓဟူးနေ့မှာ စတင် ရောင်းချမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မြေနီကုန်းရှိ SPC စက်သုံးဆီဆိုင်မှာ ဆီဖြည့်ရန် တန်းစီနေသည့်ကားများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် တွေ့ရစဥ်
ရန်ကုန်မြို့ မြေနီကုန်းရှိ SPC စက်သုံးဆီဆိုင်မှာ ဆီဖြည့်ရန် တန်းစီနေသည့်ကားများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် တွေ့ရစဥ်

အခုလို ဗဟိုဘဏ်ရဲ့ စည်းမျဉ်းသစ်ဖြစ်တဲ့ နိုင်ငံခြားငွေကို ပြည်တွင်းငွေနဲ့ လဲလှယ်ရေး ကိစ္စဟာ ပို့ကုန်တွေကို ထိခိုက်ကြောင်း မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရေနံလုပ်ငန်းနှစ်ခုက ပြောပါတယ်။ လောင်စာ မလုံလောက်မှုတွေကလည်း စစ်တပ်အာဏာသိမ်းအပြီး အတိုက်အခံတွေအပေါ် အကြမ်းဖက် နှိမ်နင်းပြီးကတည်းက မြန်မာပြည်သူတွေအတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတော့ မြန်မာနိုင်ငံ တချို့နေရာတွေမှာ လောင်စာဆီစျေး ကြီးမြင့်မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ခဲ့ရပါတယ်။ မြန်မာ့ရေနံလုပ်ငန်းက အကြီးတန်းအရာရှိတစ်ဦးကတော့ နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်တွေနဲ့ ပတ်သက် တဲ့ကိစ္စတွေကြောင့်လည်း လုပ်ငန်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရကြောင်း ပြောဆို ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။