စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို မဲဆောက်မှာ အခမဲ့ကူညီနေ

RFA Burmese
2024.04.07
စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို မဲဆောက်မှာ အခမဲ့ကူညီနေ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) အတွက် ရွေးချယ်ခံထားရသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကတွေ့ရစဥ်။
Photo: Telegram/Pyi Thu Sitt

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဒီနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စတင်ပြဋ္ဌာန်းလိုက်ပြီးနောက် မတ်လကုန်ပိုင်းကစလို့ ရပ်ကွက်ကျေးရွာအလိုက် အသက်ပြည့်မီတဲ့လူငယ်တွေကို စုဆောင်းပြီး စစ်သင်တန်းတွေ စတင်ပို့ချပေးနေပါပြီ။

စစ်ကောင်စီအတွက် စစ်မှုမထမ်းလိုတဲ့ လူငယ်အများအပြားလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြပြီး အများစုက အိမ်နီးချင်းနယ်စပ်ဒေသတွေဆီ ရှောင်တိမ်းလာနေကြသလို တချို့လည်း PDF တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ကြပါတယ်။

"အာဏာသိမ်းပြီးတော့ သူ့အာဏာကိုရပ်တည်နိုင်ဖို့ ကလေးတွေကို ခုခံပြီးတော့ သူတို့အာဏာ တည်မြဲရေးအတွက် သုံးတယ်ဆိုတာလုံးဝမဖြစ်သင့်ဘူး။ ပြည်သူတွေကို ပြန်ပြီးတိုက်ခိုက်ဖို့ဆိုတာ လုံးဝမဖြစ်သင့်ဘူး၊"

သူတို့အတွက် မဲဆောက်မြို့အခြေစိုက် New Myanmar Foundation၊ အဝေးရောက်ဧရာဝတီအသင်း (OIA)၊ မေမေ့ရင်ခွင် စတဲ့ မြန်မာပြည်သားတွေ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက အရေးပေါ်အခြေအနေကာလအတွင်း နေထိုင်စားသောက်ဖို့ အကူအညီပေးနေတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဥပဒေဟာ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ ဖြစ်တာကြောင့် ပြည်သူတွေအတွက် ကာကွယ်ပေးမယ်လို့ New Myanmar Foundation ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင်က RFA ကို ပြောပါတယ်။

"စစ်မှုမထမ်းမနေရလိုဟာမျိုးက ဥပမာ - ယူကရိန်းလိုဟာမျိုးပေါ့ ရုရှားကဝင်တိုက်လို့ ပြည်ပရန် ကာကွယ်ဖို့ အနေအထားမှာ ထုတ်သင့်ပါတယ်။ အခုဟာက အာဏာသိမ်းပြီးတော့ သူ့အာဏာကိုရပ်တည်နိုင်ဖို့ ကလေးတွေကို ခုခံပြီးတော့ သူတို့အာဏာ တည်မြဲရေးအတွက် သုံးတယ်ဆိုတာလုံးဝမဖြစ်သင့်ဘူး။ ပြည်သူတွေကို ပြန်ပြီးတိုက်ခိုက်ဖို့ဆိုတာ လုံးဝမဖြစ်သင့်ဘူး၊ အဲဒါတွေကို ကျွန်တော်တို့ အပြင်းအထန် ကာကွယ်ရမယ်။ တွန်းလှန်ရမယ်။ ဖယ်ရှားပစ်ရမယ်။ အဲဒီလိုရှောင်ရှားလာတဲ့ လူငယ်တွေ၊ မိသားစုတွေအတွက် ကျွန်တော်တို့ လုံးဝပေးပါမယ်’’

ပြည်တွင်းက ထွက်လာနိုင်ဖို့ အကူအညီလှမ်းတောင်းသူတွေကို အကြံဉာဏ်တွေ ပေးနေပြီး လူ ၆ဝဝ လောက်အတွက် လောလောဆယ် စီစဉ်ထားတဲ့အပြင် နောက်လည်း ကူညီနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

လက်တလောအရေးပေါ်ကာလအနေနဲ့ သုံးလစာ နေထိုင်စားသောက်ဖို့ တာဝန်ယူမှာဖြစ်ပြီး နောက်ပိုင်း ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြိုတင်စီစဉ်နေတယ်လို့လည်း ပြောပါ တယ်။

အဝေးရောက်ဧရာဝတီအသင်း (OIA)မှာ လျှောက်လိုက်ပြီး ရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်တွေ ရခဲ့တယ်လို့ စစ်မှုမထမ်းလိုဘဲ မဲဆောက်မြို့ကို ရောက်လာတဲ့ ကိုစွမ်းဆိုတဲ့ လူငယ်ကလည်း ပြော ပါတယ်။

"စစ်မှုမထမ်းချင်လို့ မိသားစုနဲ့ခွဲပြီးရောက်လာရတာပါ။ ဒီမှာအရေးပေါ် စားနပ်ရိက္ခာလျှောက်လို့ရတယ်ဆိုလို့ အဝေးရောက်ဧရာဝတီအဖွဲ့ဆီမှာ စာရင်းပေးလိုက်ပါတယ်။ တစ်ပတ်လောက်ကြာတော့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေပေါ့ ကျွန်တော်နေတဲ့နေရာကို လာပို့ပေးပါတယ်၊ လောလောဆယ်တော့ အဆင်ပြေနေပါတယ်’’

အရေးပေါ်ကာလကျော်ပြီဆိုရင် ရေရှည်ရပ်တည်နိုင်ရေးအတွက် အခုကတည်းက စီစဉ်ပေးနေတယ်လို့ မေမေ့ရင်ခွင်အဖွဲ့တာဝန်ခံ ဦးသက်ခိုင်ကလည်း ပြောပါတယ်။

"အဓိကတော့ ကျွန်တော် သူတို့တွေနဲ့မိသားစုလို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ဆွေးနွေးတယ်၊ သူတို့ ဘာတွေ ကျွမ်းကျင်ကြသလဲ ဘာတွေလုပ်နိုင်သလဲ ပြီးတော့ကျွန်တော် ဒီဘက်က အလုပ်အကိုင်အခွင့်အလမ်းကို ဘယ်လိုမျိုးမိတ်ဆက်ပေးလို့ရမလဲ အရင်ဆုံးမေးကြည့်တယ်။ များသောအားဖြင့်တော့ ကျွန်တော်တို့ ဟိုဘက်မှာရှိခဲ့တဲ့ ဘွဲ့ရဘာညာကတော့ ဒီဘက်မှာ သုံးလို့မရဘူး။ နံပါတ်တစ်အချက်က ဘာသာစကားပေါ့။ ဘာသာစကားမှာလည်း ဒီမှာအားနည်းတော့ များသောအားဖြင့် လေဘာပဲလုပ်ရတာများတာပေါ့။ အဲဒီတော့ ကျွန်တော်ဆောက်လုပ်ရေးတွေ စက်ရုံတွေ ပွဲရုံတွေမှာ ကျွန်တော်လိုက်ပြီးတော့ ချိတ်ပြီးတော့ သူတို့ကို အလုပ်သွင်းပေးထားရတာပေါ့။ ကျွန်တော်တို့လိုမျိုး တခြားသော အဖွဲ့အစည်းမျိုးတွေလည်း ရှိမှာပေါ့။ သူတို့တွေလည်း ဒီထက်ပိုပြီးတော့ Safe House ဆိုတာထက် နေထိုင်ဖို့ထက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီးတော့ ကြိုးစားပေးရင် ပိုအဆင်ပြေမှာပေါ့နော်။ ဒီဘက်မှာ ကျွန်တော်တို့ အလုပ်အကိုင်အခွင့်အလမ်းက တော်တော်လေး နည်းပါးတဲ့အခါကျတော့ အလုပ်ရှိပြီဆိုရင် ဒီဘက်မှာ ကျွန်တော်တို့ ရပ်တည်လို့ရပြီဗျ။ တတ်နိုင်မယ်ဆိုရင် ဒီဘက်မှာ နေထိုင်လို့ရဖို့ အထောက်အထား စာရွက် စာတမ်းလေးအထိ ပန်းရောင်ကတ်တို့ ဝပ်ပါမစ်တို့ စီအိုင်တို့ ရနိုင်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့ခင်ဗျာ’’

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံ့အာဏာကို သိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေ သူတို့အာဏာဆက်ပြီး ရပ်တည်ရေးအတွက် လူငယ်တွေကို စစ်သင်တန်းပေးကာ စစ်တိုက်ခိုင်းဖို့လုပ်နေတာဖြစ်လို့ ဒီဥပဒေကို လက်မခံနိုင်ဘူးလို့လည်း ဆိုကြပါတယ်။

မြန်မာ့သမိုင်းအရဆိုရင် အင်္ဂလိပ်ကိုလိုနီတော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ဒုတိယကမ္ဘာစစ် စတဲ့ အခြေအနေတွေက စစ်မှု မထမ်းမနေရမလုပ်ခဲ့သလို လွတ်လပ်ရေးရပြီးနောက် ရောင်စုံသူပုန် ကာလဖြစ် တဲ့ ၁၉၄၉ ခုနှစ် ရန်ကုန်အစိုးရလက်ထက်မှာတောင် စစ်မှုမထမ်းမနေရမလုပ်ခဲ့ဘူးလို့လည်း ထောက်ပြ ကြပါတယ်။

စစ်မှုထမ်းဖို့ အသက်ပြည့်မီတဲ့ လူငယ်တွေ၊ သူတို့မိသားစုတွေ အတွက်သာမက မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင် လက်အောက်ကနေ အမြစ်ပြတ်သွားတဲ့အထိ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။