တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံမယ်လို့ စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ကိုယ်တိုင်တွေ့ဆုံသွားမယ်လို့ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောလိုက်ပါတယ်။
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ရုပ်သံကနေတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုလိုက်တာပါ။
"၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ် ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်များအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်"
ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေကိုယ်တိုင်နဲ့ အဖွဲ့ဝင် နှစ်ဦးစီ တက်ရောက်ပေးကြဖို့နဲ့ တက်ရောက်မယ့်သူတွေရဲ့ အမည်တွေကို လာမယ့် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ကြဖို့ကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာ တက်ရောက်မယ့် သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ တာဝန်ယူသွားမယ်လို့ RFA ကို ပြောပါတယ်။
"ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ တက်ရောက်မယ့်လူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အာမခံချက်အပြည့်အဝ ပေးတယ်။ ပြီးရင် ပြည်တွင်း မည်သည့်နေရာမှာမဆို၊ စိတ်ချရတဲ့နေရာတွေမှာဆိုရင် ပြည်တွင်းမည်သည့်နေရာမှာမဆို တပ်မတော်ကနေ တာဝန်ယူပြီး သွားရောက်ပြီးတော့ ခေါ်ယူပေးမယ်။ အစိုးရအနေနဲ့ တာဝန်ယူပြီး သွားရောက်ခေါ်ယူပေးမှာ ဖြစ်ပါတယ်"
တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ကူညီဆောင်ရွက်မယ်လို့ သဘောတူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်မယ့်သူတွေအားလုံးနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ စစ်ကောင်စီက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာ ငြိမ်းချမ်းရေးအတွက် ခပ်မြန်မြန်ဆောင်ရွက်ဖို့ စိုင်းပြင်းနေပြီး ရွေးကောက်ပွဲမှာ တည်ငြိမ် အေးချမ်းဖို့အတွက် အခုလို ကမ်းလှမ်းပြီး နည်းနာရှာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"သူ့မှာက ဗဟိုချုပ်ကိုင်မှု သိပ်များတယ်။ သူ ကော်မတီတွေနဲ့ပြောရင် ကော်မတီတွေက တစ်ဆင့်တင်ပြ။ တင်ပြချက်ကို သူက တစ်ဆင့်ဆိုတော့ အဆင့်များတယ်။ တစ်ခါ တလေ လိုရင်းမရောက်ဘူးပေါ့။ ဒါကြောင့် ကိုယ်တိုင်ကြီးကြပ်ပြီးတော့ ဦးဆောင်မယ် ဆိုတာ နည်းနည်းလေး ထိထိရောက်ရောက် ဖြစ်စေချင်တဲ့သဘောလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အချိန်က တဖြည်းဖြည်းကုန်လာပြီလေ။ ရွေးကောက်ပွဲကလည်း နောက် ကိုးလ၊ ဆယ်လလောက်ပဲ ကျန်တော့တယ်လေ။ အဲဒါဆိုတော့ အဲဒီအတွက် လည်း ပြင်ရမယ်ဆိုတော့ ရတဲ့ကာလလေးမှာ ခပ်သုတ်သုတ် ဆွေးနွေးညှိနှိုင်းချင်တဲ့ သဘောလို့ ကျနော် ယူဆပါတယ်"
"ငြိမ်းချမ်းရေးနဲ့တူတဲ့ ငြိမ်းချမ်းရေး ဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို အရင်ပြပါဆိုပြီးတော့ အဲဒါကို ပြဖို့လိုတယ်"
ကရင်အမျိုးသားအစည်းရုံး (KNU) ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးကတော့ KNU အနေနဲ့ ယခင်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအရ စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို သံသယဖြစ်မိကြောင်း ပြောပါတယ်။
"ကျနော်တို့က ငြိမ်းချမ်းရေးကို ဘယ်တော့မှ ငြင်းပယ်တာမဟုတ်ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးဟာ ပါးစပ်နဲ့ ပြောလို့မရဘူး။ အဲဒါကြောင့်မိုလို့ ငြိမ်းချမ်းရေးနဲ့တူတဲ့ ငြိမ်းချမ်းရေး ဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို အရင်ပြပါဆိုပြီးတော့ အဲဒါကို ပြဖို့လိုတယ်။ မပြဘဲနဲ့တော့ ဒီအတိုင်း လူလုံးမကလို့ ဘယ်သူပဲလာလာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ကြုံတွေ့ခဲ့ရပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြင်ကနေ ပြောနေတဲ့သူတွေဆိုရင် တစ်မျိုး။ အခုက ကျနော်တို့ ကိုယ်တိုင် ပါဝင်ခဲ့တယ်၊ သူတို့က ဘာလုပ်လဲဆိုတာ ချီးစ၊ သေးစ အကုန် သိတယ်။ အဲဒါကြောင့်မိုလို့ ကျနော်တို့ပြောတဲ့ စည်းကမ်းချက်တွေ လက်မခံဘဲနဲ့ ကျနော်တို့ ဘယ်လို့မှ စလို့မရဘူး"

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံတကာဖိအားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဟန်ပြ နိုင်ငံရေးသက်သက်သာဖြစ်တဲ့အတွက် အကျိုးမထူးနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
"သူသွားနေတဲ့လမ်းကြောင်း၊ သူလုပ်နေတဲ့အလုပ်တွေက တကယ်နိုင်ငံရေးကို တည်ငြိမ်ပြောင်းလဲစေချင်တဲ့ ဆန္ဒရှိပါတယ်ဆိုပြီး လုပ်ပြတဲ့ ပုံပြအလုပ်တစ်ခုပဲ ဖြစ်တယ်။ အခုလို တွေ့ဆုံဆွေးနွေးမယ်လို့ပြောတဲ့ဟာမှာလည်း တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုခေါင်းဆောင်တွေကိုပဲပြောတာ၊ PDF တို့ ဒါမှမဟုတ် NUG တို့၊ တခြား နိုင်ငံရေးအင်အားစုတွေ၊ ဆန့်ကျင်ဘက်အင်အားစုတွေကို ဆွေးနွေးမယ်ဆိုတာ ထည့်ကို မပြောသေးဘူး။ အဲဒီသဘောက သူ တကယ်ငြိမ်းချမ်းချင်တယ်ဆိုတာထက် သူ့အနေနဲ့ တရုတ်ရဲ့ တွန်းအား၊ နောက် အာဆီယံတွန်းအား၊ အပြည်ပြည်ဆိုင်ရာမှာ အပြစ်တင်ဝေဖန်မှုတွေခံနေရတဲ့ အချိန်မျိုးမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို သူလုပ်နေတယ်ဆိုတာမျိုး လုပ်ပြတဲ့သဘော"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ NUG၊ PDF တွေကို ချေမှုန်းချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲမဖြစ်ဖို့ ထိန်းထားတာဆိုတဲ့သဘောမျိုး မြင်တာလည်း ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်တဲ့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
"ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကို သူတို့ အာရုံစိုက် ပြီး ရင်ဆိုင်နိုင်ဖို့အတွက်၊ ချေမှုန်းနိုင်ဖို့အတွက် တိုင်းရင်းသားတွေကို အချိန်ဆွဲတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိန်းထားတာဆိုတဲ့သဘောမျိုး၊ အဲလိုမြင်တာလည်း ရှိတာပေါ့နော်"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြေလည်ရေးအတွက် အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ NCA အပစ်ရပ်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုကန့်သတ်ချက်မှ မထားဘဲ တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိပေမယ့် NUG၊ PDF နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီက ယခင်က မကြာခဏ ဖိတ်ခေါ်တာတွေ ရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကိုယ်တိုင်တွေ့ဆုံမယ့်အကြောင်း ပြောဆိုတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။