နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုတွေကို မိုဘိုင်းဖုန်းအချက်အလက်နဲ့ထိန်းချုပ်ဖို့ ကြိုးပမ်း

2022.10.03
နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုတွေကို မိုဘိုင်းဖုန်းအချက်အလက်နဲ့ထိန်းချုပ်ဖို့ ကြိုးပမ်း ရန်ကုန်မြို့ရှိ ဖုန်းဆင်းမ်ကတ်အရောင်းဆိုင်တစ်ခုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်းမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်နဲ့ မှတ်ပုံတင်မထားတဲ့ ဖုန်းဆင်းမ်ကတ် တွေကို အပြီးပိတ်သိမ်းသွားမှာဖြစ်ပြီး ဆင်းမ်းကတ်မှာရှိနေတဲ့ လက်ကျန်ငွေတွေကိုပါ သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

မှတ်ပုံတင်ရာမှာ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်သလို ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ဆင်းမ်ကတ် ရောင်းချသူတွေကိုလည်း အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဖုန်းဆင်းမ်ကတ်အသုံးပြုသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ဒါဟာ စစ်ကောင်စီက သူတို့ကိုဆန့်ကျင် သူတွေအပေါ် နည်းလမ်းတစ်ရပ်အနေနဲ့ ထိန်းချုပ်ဖို့ကြိုးစားလာတာလို့ တုံ့ပြန်ကြပါတယ်။

"ပြည်သူတွေရဲ့ လုံခြုံရေး သူတို့လုံးဝထည့်တွက်တာမဟုတ်ဘူး။ တော်လှန်ရေးမှာပါဝင်တဲ့သူတွေကိုဖိနှိပ်ဖို့၊ ဖမ်းဆီးဖို့၊ သူတို့လိုချင်တဲ့အတိုင်း ဖိနှိပ်ဖို့ပေါ့"

စစ်အာဏာသိမ်းပြီးနောက် ထိန်းချုပ်ဖို့ခက်ခဲလာတဲ့ ခုခံတော်လှန်မှုတွေ အရှိန်တန့်သွားစေ ဖို့နဲ့ အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်နေသူတွေရဲ့ ထောက်ပံ့မှုတွေ လျော့နည်းအောင် စနစ်တကျပြင်ဆင်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်လှုပ်ရှားမှုတစ်ခုမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ကတော့ ပြောမှာပေါ့။ ဒါက ပြည်သူတွေရဲ့လုံခြုံရေးဆိုပြီး။ ဒါက အသိသာကြီး ပဲလေ။ ပြည်သူတွေရဲ့ လုံခြုံရေး သူတို့လုံးဝထည့်တွက်တာမဟုတ်ဘူး။ တော်လှန်ရေး မှာပါဝင်တဲ့ သူတွေကိုဖိနှိပ်ဖို့၊ ဖမ်းဆီးဖို့၊ သူတို့လိုချင်တဲ့အတိုင်း ဖိနှိပ်ဖို့ပေါ့။ တစ်ခုခု ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်ဖြစ်ဖြစ်၊ တော်လှန်ရေး အဖွဲ့စည်းတစ်ခုက ဖုန်းနံပါတ် ဖြစ်ဖြစ် ရလိုက်ပြီဆိုတာနဲ့ သူတို့က အဲဒီဖုန်းနံပါတ်ကို ဘယ်သူကိုင်တယ်။ ဘယ်ကနေ မှတ်ပုံတင်ထားတယ်။ မှတ်ပုံတင်ထားသူရဲ့ နေရပ်လိပ်စာ ဘယ်သူဆိုပြီး လိုက်ပြီး ဖမ်းဆီးနိုင်တာပေါ့”

စစ်ကောင်စီဟာ ဒီတစ်ခုတည်းတင်မဟုတ်ဘဲ အင်အားတောင့်တင်းတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ ရှိတဲ့ လမ်းကြောင်းတွေကိုလည်း ရိက္ခာသယ်ယူမှုတင်းကျပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတိုင်းမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေ မှတ်ပုံတင်ရတာက စည်းမျဉ်းစည်းကမ်းဖြစ်ပေ မယ့်လည်း စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက်တော့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရယူဖို့လုပ်ဆောင် နေတာလို့ မန္တလေမြို့ခံတစ်ဦးက ပြောပါ တယ်။

“အချက်အလက်လုံခြုံမှုဆိုတာက စနစ်တကျသုံးစွဲမယ့်အဖွဲ့အစည်းလက်ထဲမှာ ရှိနေ တာက ကောင်းတယ်။ အရင်တုန်းက ဆင်းမ်ကတ်တွေကို စည်းမျဉ်းစည်းကမ်း (Rule and Regulation ) အရ ဘယ်လိုသုံးမယ် ဘယ်လိုအခြေအနေကျမှထုတ်ပေးမယ်ဆို တာမျိုး ဆိုရင်ကောင်းတယ်။ အခုချိန်မှာကျတော့ လူတွေအားလုံးရဲ့ အချက်အလက် (Data) စနစ်တကျမသုံးဘဲနဲ့ အလွယ်တကူဒုက္ခပေးမယ့်လူလက်ထဲ ရောက်သွားရင် မကောင်း ဘူးပေါ့။ မလုံခြုံတော့ဘူးပေါ့။ မလုံခြုံဘူးဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်။ ဒီအချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့လေ။ နောက်ဆုံးကုန်ကုန်ပြောရရင် ငွေညှစ်တာကနေစပြီးတော့ အကုန်လုံး၊ မင်းစာရင်းက ဒီမှာပါနေပြီ မင်းဖုန်းနံပါတ်က ဒီမှာပါနေပြီ အဲဒါဖျောက်ချင်ရင် ဘယ်လောက်ပေး ဆိုတာမျိုးတွေက ကြားလည်း ကြားနေရတယ်။ ကြုံတဲ့သူတွေလည်း ကြုံနေကြရတာပေါ့”

စစ်တပ်က အာဏာသိမ်းပြီးတစ်နှစ်အကြာ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ အပြီးထွက်ဖို့ဆုံးဖြတ်ခဲ့ပြီး မြန်မာပြည်က ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီ က Atom အမည်သစ်နဲ့ ဆက်လက် လုပ်ကိုင်နေပါတယ်။

မကြာသေးခင်ကလည်း မြန်မာနိုင်ငံမှာ တတိယသုံးဆွဲသူအများဆုံးဖြစ်တဲ့ ကာတာ နိုင်ငံအခြေစိုက် အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီကလည်း စစ်တပ်နဲ့နီးစပ်သူ မြန်မာ နိုင်ငံသားတစ်ဦးပိုင်ဆိုင်တဲ့ စင်ကာပူက Nine Communications ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အဲဒီ တယ်လီကွန်း ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဟာ အာဏာသိမ်းပြီး လပိုင်းမှာပဲ သုံးစွဲသူဆိုင်ရာအချက်အလက်နဲ့ ကြားဖြတ်နားထောင် တဲ့စနစ်တွေထည့်သွင်းဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်အောက်က သီးခြားပိုင်ဆိုင်တဲ့ MPT နဲ့ Mytel အပြင် စစ်ကောင်စီနဲ့ နီးစပ်သူတွေပိုင်ဆိုင်ထားပြီးဖြစ်တဲ့ အူရီဒူးနဲ့ တယ်လ်လီ‌နော အမည်ပြောင်း အက်တမ် တို့အပြင် အခြားရွေးချယ်စရာမရှိတဲ့အခြေအနေ ဖြစ်လာနေတာပါ။

ဒါ့ကြောင့် သုံးစွဲသူဆိုင်ရာအချက်အလက်တွေက စစ်ကောင်စီလက်ထဲ ရောက်သွားတဲ့ အခြေအနေ ဖြစ်လာပြီး ဖုန်းဆင်းမ်ကတ်ကနေတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်ယောက်ချင်းစီလိုက်လုပ်လို့မလွယ်တာပေါ့နော်၊ အဲတော့ သူတို့ ဘာလုပ်သလဲ ဆိုရင် ဖုန်းဆင်းမ်ကတ် တွေကို အဓိကတော့ သတင်းအချက်အလက် ( Information ) ရဖို့အတွက် စုဆောင်းတယ်။ ပြီးတော့ သူတို့စောင့်ကြည့်မယ်။ နောက် ကြားဖြတ် နားထောင်တဲ့စနစ် တွေတပ်ဆင်ပြီးပြီးလို့ ယူဆရတယ်။ အန္တရာယ်တော်တော်ကြီး ပါတယ်။ နည်းပညာအမြင်အရဆိုရင် ကြားဖြတ်နားထောင်တာကနေစပြီးတော့ ကိုယ့်ရဲ့ သတင်းအချက်အလက် ( Information) ကို လိုက်တာမျိုးအထိ လုပ်လို့ရတယ်”

လက်ရှိမှာ စစ်ကောင်စီနဲ့ လွတ်ကင်းတဲ့ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းမရှိတော့သလို ဆင်းမ်ကတ် ပိတ်သိမ်းရင် အသစ်ပြန်လျှောက်ဖို့ ကုန်ကျစရိတ်တွေ ရှိလာမှာစိုးတဲ့ အတွက် ဆင်းမ်ကတ်ကို မှတ်ပုံတင်ထားကြရတယ်လို့ ဖုန်းအသုံးပြုသူတွေက ပြောပါ တယ်။

phone user.jpeg
ရန်ကုန်မြို့ ကားမှတ်တိုင်တစ်ခုတွင် မိုဘိုင်းဖုန်းအသုံးပြုနေသူတချို့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဆင်းမ်ကတ် မှတ်ပုံတင်ရေးဆောင်ရွက်ချက်ဟာ သာမန်လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ဒါပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ အဓိက ကတော့ ဆင်းမ်ကတ်တွေ ပြန်လည်တိုက်ဆိုင် စစ်ဆေးတဲ့အခါ လဝက မှာလည်း ကျနော်တို့က အချက်အလက်စနစ် (Data Base) နဲ့ ပြန်တိုက်ဆိုင်စစ်ဆေးမှာမို့လို့ ပြန်ပြီးတော့ မှန်ကန်အောင် လုပ်ဖို့ ပြည်သူလူထုကို အသိပေးတဲ့သဘောပါ။ ဒါမှလည်း တခြားဘဏ္ဍာရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းရော၊ တခြား မိုဘိုင်း ငွေကြေးစနစ် (Mobile Financial) ရောက အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်မှာလေ”

အခုလိုမိုဘိုင်းဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ရေးဆောင်ရွက်ချက်ဟာ ဆန့်ကျင်တိုက်ခိုက်မှု တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဆက်လက် မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်မပေး လိုကြောင်း ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု အကောင့်တွေ ပိတ်ပစ်တာ၊ မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံတင်ခိုင်းတာဟာ နိုင်ငံရေးလှုပ်ရှားသူတွေအတွက် အန္တရာယ်ရှိတဲ့ အနေအထားတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က RFA ကို ပြောပါတယ်။

“ဒါကလုပ်ရိုးလုပ်စဉ်ပဲ ။ ဘယ်နိုင်ငံရောက်ရောက်လုပ်ရတယ်။ ဒါပေမဲ့ အခုချိန်ခါ ကျတော့။ အဲလိုမျိုး ပတ်သက်မှုတွေ ချိတ်ဆက်မှုတွေရှိနေတာ။ အခု K pay နဲ့ ပတ်သက်ပြီးတော့ အကောင့်တွေ အပိတ်ခံရတာလည်း ရှိနေတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေးမှာ ပါဝင်ပတ်သက်နေသူတွေလည်းရှိတယ်ဆိုတော့ ဒါဟာ လုံခြုံရေးအရ တော့ အန္တရာယ်ရှိတယ်လို့ ပြောလို့ရပါတယ်”

စစ်ကောင်စီဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်း ပြည်နယ်တွေမှာ ဖုန်းလိုင်းတွေဖြတ်ထားတာ၊ အင်တာနက်အသုံးပြုခွင့်ပိတ်ပင်တာ၊ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးရေးကန့်သတ်တာတွေလည်း ဆက်တိုက် လုပ်ဆောင်နေတာပါ။

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမ်ပီတီ ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ အက်တမ်အဖြစ် အမည်ပြောင်းလိုက်တဲ့ တယ်လီနော သုံးစွဲသူ ၁၈ သန်း၊ အူရီဒူး သုံးစွဲသူ ၁၅ သန်းနဲ့ စစ်ကောင်စီပိုင် Mytel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။