မိုးဗြဲတိုက်ပွဲ ပြင်းထန်၊ အရပ်သားငါးဦး သတ်ဖြတ်ခံရ
2024.04.26

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၄၂၂) တပ်စခန်းကို ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဧပြီလ ၂၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဘက် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုတွေများတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ စောသာအယ်စိုးက RFA ကိုပြောပါတယ်။
"မိုးဗြဲမှာ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးတွေ လုပ်နေတာဖြစ်ပါတယ်။ အခုချိန်အထိတော့ အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူးပေါ့နော်။ တော်လှန်ရေး တပ်ပေါင်းစုဘက်ကတော့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ လောလောဆယ်တော့ အကောင်းဆုံး ကြိုးစားနေပါတယ်။ အချက်အလက် အသေးစိတ်ကိုတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး"
ဧပြီလ ၁၉ ရက်နေ့တိုက်ပွဲအတွင်းမှာ KNDF တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း KNDF တပ်ရင်း (၆)က ဧပြီလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲအတွင်း KNDF တပ်ရင်း (၃) က တပ်ရင်းမှူးအဆင့်ရှိသူလည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အချိန်သုံးပတ်ကျော်ကြာလာတဲ့ ဒီတိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင်တွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် KNDF ပြန်ကြားရေး တာဝန်ရှိသူကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အတိအကျ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ ခလရ (၄၂၂) တပ် မကျဆုံးရေးအတွက် မိုးဗြဲနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ဖယ်ခုံမြို့ကနေ စစ်အင်အားတွေ ဆက်တိုက်ပို့နေပြီး လေကြောင်းကနေလည်း ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲကို အင်အားဖြည့်ဖို့ ဖယ်ခုံကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၂၀ နဲ့ ၂၃ ရက်နေ့တွေက ဖယ်ခုံမြို့ ဟိန်ဓမနဲ့ ညောင်ကုန်းရပ်ကွက် နှစ်ခုကနေ စစ်ဘေးရှောင်နေတဲ့ အရပ်သားငါးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံမြို့ခံတစ်ဦးက ပြောပါတယ်။
"ဖယ်ခုံရဲ့ အနောက်ဘက်တစ်ကြောမှာဆိုရင် စစ်ကြောင်းထိုးတာကို အင်လာတောင်ယာကွင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူငါးယောက်ကို သတ်သွားတယ်။ မိန်းကလေး နှစ်ယောက်၊ ယောက်ျား သုံးယောက်။ အခုစစ်ရှောင်နေတဲ့ ပြည်သူတွေကလည်း နီးနီးနားနား အဝေးမသွားနိုင်တဲ့အခါကျတော့ တောင်ယာနဲ့ နီးတဲ့ပေါ့နော့်၊ အဲဒီလို နေတော့လည်း လေးငါးခြောက်အိမ် ရှိတာပေါ့။ အဲလိုနေတာကို စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းရတော့ ရှောင်လိုက်တာ။ ရှောင်လိုက်တဲ့အချိန်မှာ ထိပ်တိုက်တိုးတာ အဲလိုမျိုး"
စစ်ကောင်စီတပ်က ဧပြီလ၂၀ ရက်နေ့မှာ ဖယ်ခုံ အင်လာကွင်းမှာ စစ်ရှောင်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဦးမာအို၊ အသက် ၃၃ နှစ် အရွယ် ဦးသန်းထွန်း၊ အသက် ၃၂ နှစ်အရွယ် ဒေါ်အားမူတို့ကို သတ်ဖြတ်ခဲ့ပြီး ဧပြီလ ၂၃ ရက်နေ့မှာတော့ အသက် ၃၇ နှစ် အရွယ် ဦးမျိုးနဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်ရှတို့နှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ ကယန်းအမျိုးသမီးအဖွဲ့က ဧပြီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"ဖယ်ခုံရဲ့ အနောက်ဘက်တစ်ကြောမှာဆိုရင် စစ်ကြောင်းထိုးတာကို အင်လာတောင်ယာကွင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူငါးယောက်ကို သတ်သွားတယ်"
သေဆုံးသူတွေရဲ့ အလောင်းတွေကို Pekhon Health Community (PKHC) နဲ့ PDF 1002 တပ်ဖွဲ့တွေက သယ်ဆောင်ပေးခဲ့ကြတာလို့ ဆိုပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ ကိုဗညားကတော့ မိုးဗြဲကို စစ်ကူလွှတ်တဲ့ စစ်ကောင်စီတပ်က လမ်းမှာတွေ့တဲ့ အရပ်သားတွေကို အခုလိုပဲ သတ်ဖြတ်နေတာတွေ့ရတယ်လို့ ပြောပါတယ်။
"စစ်ကောင်စီက မိုးဗြဲရေကာတာပေါ့၊ (၄၂၂) တပ်ကို စစ်ကူ လွှတ်လာတာပေါ့နော်။ တချို့စစ်ရှောင်တွေက ရွာမှာနေတာ မဟုတ်ဘူးလေနော်။ သူ့တဲတွေ သူ့ခြံတွေမှာ ရှောင်ပြီးတော့ နေတာရှိတယ်။ အဲဒီလိုတောင်ယာထဲက ရွာထဲကလူတွေနဲ့ သူတို့ သွားတိုးတာပေ့ါနော်။ အဲဒီလို တိုးတော့ ရွာခံတွေကိုဖမ်းတာတွေ လမ်းပြအဖြစ်သုံးတာတွေ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်ပါတယ်"
KNDF သတင်း ပြန်ကြားရေးတာဝန်ရှိသူ စောသာအယ်စိုးကတော့ အရပ်သားတွေကို သတ် ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ ဖယ်ခုံကနေ မိုးဗြဲကိုလာတဲ့ စစ်ကောင်စီရဲ့ စကခ (၇) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။
မိုးဗြဲတိုက်ပွဲ အခြေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားငါးဦးကို သတ်ဖြတ်သွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ မြို့တွေဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေက ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ အခုလ ၁ ရက်နေ့ထုတ် ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံအပါအဝင် ကယားပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်း ကာလကနေ အခုနှစ် ဧပြီလ ၁ ရက်နေ့အထိ အရပ်သား ၆၃၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ဘေးတိမ်းရှောင်ရင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးထိမှန်တာ၊ ဆေးဝါးလုံလောက်စွာမရလို့ သေဆုံးခဲ့ရသူက ၁၅၁ ယောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလအတွင်း KNDF အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း ငါးရာကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကတော့ သုံးထောင်ကျော် သေဆုံးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။