ကန့်ဘလူမြို့နယ် ရွာနှစ်ရွာက အိမ် ၂၅၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၆၇) တပ်က နှောကုန်းနဲ့ လျှော်ဖြူကုန်း ရွာတွေကို ဇွန်လ ၆ ရက် မနေ့က ဝင်ရောက်စီး နင်းပြီး အိမ်ခြေ ၂၅၀ ကျော်နဲ့ စပါးကျီ ၆၀ ကျော်က စပါးတင်း ၆၅၀၀ လောက် မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ကျော်ပါဝင်တဲ့ အဲဒီစစ်ကြောင်းဟာ မနေ့မနက်လေးနာရီလောက်မှာ ခြေလျင် စစ်ကြောင်း ထိုးလာပြီး မနက် ၁၁ နာရီလောက်မှာ နှောကုန်းရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရ တာလို့ ပြောပါတယ်။ အဲဒီနောက် ရွာချင်းကပ်လျက်ဖြစ်တဲ့ လျှော်ဖြူကုန်းရွာက နေအိမ် တွေပါ ဆက်ပြီးမီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။
"သူတို့လုပ်နေတဲ့အနေအထားက ပြည်သူတွေကို ကာကွယ်နေတာမဟုတ်ဘဲနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာ"
အဲဒီစစ်ကြောင်းဟာ ရွာထဲကို လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့ကြတာလို့ နေအိမ်နဲ့ စပါးတွေ ဆုံးရှုံးခဲ့ရတဲ့ လျှော်ဖြူကုန်းရွာသားတစ်ဦးက ပြောပါတယ်။
“မနက်လေးနာရီမှာ ဝင်လာတဲ့အခါကျတော့ ကျနော်တို့ အိပ်ချင်စုံမွှားတွေနဲ့ ထပြီးထွက် ပြေးရတာ။ ထွက်ပြေးတဲ့အချိန်မှာ သူတို့က လက်နက်ကြီးနဲ့ ပစ်ဝင်၊ ဝင်ခဲ့တာပေါ့။ စရှို့တာကတော့ ထမင်းချက်စားပြီးမှ ၁၁ လောက်မှ မီးစတင်တာ နှောကုန်းကို။ မတည့် တဲ့ဟာရယ်လို့ မဟုတ်တော့ဘူး။ ကျနော်တို့ ရွာတွေကို အကုန်လုံး ကွက်စိပ်ရိုက်ပြီး တော့မှ မီးတင်လိုက်တာ။ အကုန်လုံး ဝမ်းစာရော၊ မျိုးရော မီးလောင်တာ။ အကုန်လုံး ဘာမှမရလိုက်တာ။ ပျိုးကလည်း ထောင်မယ့်ဆဲဆဲတွေမှာ ပြေးနေရတာဆိုတော့ ဘာမှမလုပ်ရသေးဘူး။ တချို့ဟာတွေဆိုရင် ပစ္စည်းတွေ ဘာမှမရလိုက်ဘူး။ လူတွေရဲ့ အသက်ကို အရအလု ထွက်ပြေးရတာဆိုတော့ အကုန်လုံး ရွာသူ၊ ရွာသားတွေ ချိတ်ဆက် ပြီးတော့မှ ထွက်ပြေးလိုက်ရတာ”
မနေ့က ဖြစ်စဉ်ကြောင့် နှောကုန်းရွာက နေအိမ် ၅၂ လုံး၊ စပါးတင်း ၃၀၀၀ လောက်ရှိတဲ့ စပါးကျီ ၃၀၊ လျှော်ဖြူကုန်း ရွာက နေအိမ် ၂၀၀၊ စပါးတင်း ၃၅၀၀ လောက်ရှိတဲ့ စပါးကျီ ၃၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။
မီးရှို့ခံခဲ့ရတဲ့အထဲမှာ အိမ်ကြီးအိမ်ကောင်းတွေ၊ စပါးကျီတွေအပြင် ဆိုင်ကယ်၊ ထွန်စက်နဲ့ လယ်ယာသုံး စက်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
နေအိမ်တွေ မီးရှို့ခံနေရချိန် ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေတာကြောင့် ရွာနဲ့ မလှမ်းမကမ်းကနေ ကြည့်နေခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် နှောကုန်းရွာသားတစ်ဦးက ပြောပါတယ်။
“လယ်ကြားကုန်းပေါ့နော်။ အဲဒီကနေ ကျနော်က ချောင်းကြည့်နေတာ။ စရှို့တာတော့ တောင်ခြမ်းဘက်ကနေ စရှို့တာ။ မီးခိုးလုံးက အဖြူလုံးတွေလည်းတက်တယ်။ အမည်း လုံးတွေလည်းတက်တယ်။ အိမ်လုံးလောက်ကြီးတွေပေါ့ဗျာ။ ပြောရမယ်ဆိုရင်တော့ ပေ ၅၀ ပတ်ချာလည်အလုံးလိုက်ကြီးတွေ အလိမ့်လိုက်နဲ့ တက်လာတာ။ ကျနော်တို့ မီးကို မသတ်နိုင်တော့တာ။ မီးလောင်နေတာကိုကြည့်ပြီးတော့ စိတ်ထဲမကောင်းပြီးတော့ မီးကိုသတ်ရမှာ ဘယ်ဟာကိုသွားသတ်လို့ သတ်ရမှန်းမသိ။ မိန်းကလေးတွေကျ တော့လည်း သတိလစ်တဲ့သူကလစ်၊ မေ့တဲ့သူက မေ့ပေါ့ဗျာ။ စပါးလေးတွေရော၊ သူတို့ပိုင်ဆိုင်တဲ့ဟာတွေရော။ သူတို့က နေစရာမရှိအောင်ကို ဒုက္ခဖြစ်အောင် လုပ် တာပေါ့။ ခံစားချက်ကတော့ မပြောပြနိုင်တော့ပါဘူး။ ဘယ်လိုပြောလို့ပြောရမှန်း တောင် မသိတော့ပါဘူး”
မနေ့က စစ်ကောင်စီတပ်တွေရဲ့ စီးနင်းဖျက်ဆီးမှုတွေကြောင့် နှောကုန်း၊ လျှော်ဖြူကုန်းရွာ တွေအပြင် ဇီးကနား၊ ချပ်ကုန်း စတဲ့ ရွာတွေက ဒေသခံ ၃၅၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ သူတို့တပ်တွေအနေနဲ့ ရွာတွေကို ဝင်ရောက်တာမရှိသလို အရပ်သား တွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာလည်း PDF အဖွဲ့တွေရဲ့ လက်ချက်ပဲဖြစ်တယ်လို့ အရင် က ပြောဆိုထားပါတယ်။ ဒါပေမဲ့ မနေ့က နေအိမ်တွေကိုမီးရှို့တာဟာ စစ်ကောင်စီတပ်သား တွေက မီးရှို့တာဖြစ်တယ်လို့ မျက်မြင်ရွာသားအချို့က ပြောပါတယ်။
ဒီကွဲလွဲချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နှောကုန်းနဲ့ လျှော်ဖြူကုန်းရွာတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၇ ရက် ဒီနေ့မှာလည်း နှောကုန်းရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ မိတ်သလင်ကုန်းရွာကို ဝင်ရောက်စီး နင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကနေ ဒီနေ့ထိ အဲဒီဒေသမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိဘဲ ရွာတွေကို ဖျက်ဆီးနေတာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးချိန်၊ ရွာတွေကို ဝင်ရောက်စီးနင်းတဲ့ အချိန်တွေမှာပဲ မီးရှို့ခံရတာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်ရေးအခြေအနေကတော့ အဲဒီဘက်မှာတော့ ဘာမှမရှိဘူးဗျ။ ထိတွေ့တိုက်ပွဲမရှိဘဲနဲ့ သူတို့တွေ အကြောင်းမဲ့ သူတို့စီမံချက်နဲ့ သူတို့ လိုက်ရှို့တဲ့ သဘောပဲဗျ။ တကယ်တမ်းက ကျနော်တို့က ဒီကျေးရွာတွေက ကျနော်တို့ရဲ့ ထမင်းရှင်တွေ၊ ကျနော်တို့ကို ကျွေးနေတာ ဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ PDF တွေရဲ့ ထမင်းရှင်တွေကို PDF တွေက ကာ ကွယ်ဖို့ပဲရှိတာဆိုတော့ သူတို့ကတော့ သူတို့လုပ်နေကျအတိုင်းလုပ်တဲ့ အလုပ်ပဲဗျာ။ သူတို့ ရှို့လည်း မရှို့ပါဘူးပဲ ငြင်းမယ်။ သူတို့က အဲဒီအတိုင်းပဲ ပြောမှာပဲ။ ကျနော်တို့ မှာတော့ မှတ်တမ်းတွေရှိတယ်”
ကန့်ဘလူမြို့နယ်ထဲက တိုက်နယ်အဆင့်ရှိတဲ့ ကိုးတောင်ဘို့ ရွာမှာ လွန်ခဲ့တဲ့ နှစ်လ လောက်ကတည်းက စစ်ကောင်စီတပ်က စခန်းချထားတာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က စစ်ရဟတ်ယာဉ်တွေနဲ့ လူအင်အားထပ်ဖြည့်ပြီးနောက် ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ သူက ဆိုပါတယ်။
ဇွန်လ ၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၅ ရက်နေ့မှာ ကိုးတောင်ဘို့ ရွာအနီးက ကိုင်းမရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၁၀ လုံး မီးရှို့ခံခဲ့ရပါတယ်။ ဇွန် ၆ ရက်နေ့မှာလည်း နှောကုန်းနဲ့ လျှော် ဖြူကုန်းရွာတွေကို စစ်တပ်က ဆက်တိုက် စီးနင်းခဲ့တယ်လို့လည်း ပြောပါတယ်။

အခုလုပ်ရပ်တွေက ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုမြောက်တာ ကြောင့် နိုင်ငံတကာက ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးနေဇင်လတ်က ပြောပါတယ်။
“ကျေးရွာတွေကို လိုက်ပြီး မီးရှို့နေတဲ့ကိစ္စက အကြမ်းဖက်တာ သက်သက်ပေါ့လေ။ သူတို့လုပ်နေတဲ့အနေအထားက ပြည်သူတွေကို ကာကွယ်နေတာမဟုတ်ဘဲနဲ့ ပြည်သူ တွေကို ဒုက္ခပေးနေတာ။ ဒါအကြမ်းဖက်နေတာ။ တချို့ဒေသတွေမှာဆိုရင် မီးရှို့တာ တင်မကဘူး၊ တွေ့ရာလူ ပစ်သတ်တာတွေ လုပ်တဲ့အခါကျတော့ ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဆိုတာမျိုး သက်ရောက်တာပေါ့။ အဲဒီလိုမျိုး သက်ရောက် တဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေ အာဆီယံတို့၊ ကုလသမဂ္ဂတို့အနေနဲ့ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်ပြီးတော့၊ ရှုတ်ချပြီးတော့ ဒါတွေကို တစ်စုံတစ်ရာ အရေးယူစေချင်တယ်။ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်စေချင်တာပေါ့။ ဒါမှပဲ သူတို့ ဒီလိုအကြမ်းဖက်မှုတွေကို တစ်စုံတစ်ရာ ရပ်တန့်နိုင်မှာဖြစ်ပါတယ်”
ကန့်ဘလူမြို့နယ်ထဲမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရသလို တချို့နေရာ တွေကို ကွက်ပြီးဖုန်းလိုင်းဖြတ်တောက်ထားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အာဏာသိမ်းတစ်နှစ်ကျော်အတွင်းမှာတော့ ကန့်ဘလူမြို့နယ်ထဲမှာ အင်ငုတ်တို၊ ထန်း တော၊ ပေလည်၊ ရဲဒွေး၊ ပုဏ္ဏားကြီး၊ တင်မော်၊ ဥကင်းကြည်၊ ဆားကျင်း၊ ပိတောက်ပင်၊ ညောင်ပေါင်ရင်း၊ ကံကြီး၊ ကျွန်းကုန်း၊ ရွာသစ်ကုန်း၊ ဇော်ချောင်း၊ ကိုင်းမ၊ လွှဲဆိပ်၊ လျှော် ဖြူကုန်း၊ နှောကုန်း အစရှိတဲ့ ရွာပေါင်း ၂၀ ကျော်က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းတစ်နှစ်ကျော်ကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့ ထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့စည်းတွေရဲ့ မီးရှို့မှုတွေကြာင့် ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၁၈,၈၈၆ လုံးရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဇွန်လ ၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် ၁၃,၈၄၀ လုံးထိ ရှိပါတယ်။