အသွားအလာပြန်များလာလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများလာမှာစိုးရိမ်
2020.05.04
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အခုရက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိမှု ကျဆင်းသွားသလို ရန်ကုန်မြို့လမ်းမတွေမှာ လူတွေ အသွားအလာ ပြန်လည်ရှိလာနေပါတယ်။ ရောဂါကူးစက် မှုကို ဟန့်တားနိုင်တဲ့ အခြေအနေမျိုး မဟုတ်သေးတဲ့အချိန်မှာ လူသွားလူလာ ပြန်များလာတာကြောင့် ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားသွားမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိမှု တစ်ဦးမှမရှိခဲ့ဘဲ မေလ ၁ ရက်နေ့မှာ တစ်ဦး တွေ့ရှိခဲ့ကာ မေ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ မနက် ၇ နာရီအချိန်ထိ ပိုးတွေ့ရှိသူအသစ် မရှိခဲ့ပါဘူး။ မေ ၃ ရက်နေ့ ည ၈ နာရီသတင်းမှာတော့ ပိုးတွေ့ရှိသူ လေးဦးရှိခဲ့ပါတယ်။
ဒီလိုပိုးတွေ့ရှိသူနည်းသွားတာဟာ သင်္ကြန်ကာလ အိမ်ပြင်မထွက်ဖို့ ထိန်းချုပ်လိုက်တာရဲ့ရလဒ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကုဆရာဝန်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်း က ဆိုပါတယ်။
"ပြန်ကြည့်မယ်ဆိုရင် အခုဖြစ်နေတာရဲ့ နောက် ၁၄ ရက်လောက်ဆုတ်လိုက်ရင် သင်္ကြန်ကာလ အလုပ်တွေ ပိတ်ထားတယ်၊ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိပေါ့ လူတွေအိမ်မှာနေကြတယ်၊ နောက်လဆန်းပိုင်း လောက်ကစပြီး လူတွေ နှာခေါင်းစည်းတပ်လာကြတယ်၊ ၉၀ ရာခိုင်နှုန်းကျော်လောက် တပ်လာကြတယ်၊ အဲဒါတွေရဲ့ ရလဒ်တွေပေါ့။"
ရောဂါပိုးတွေ့ရှိသူ နည်းပါးလာတာနဲ့အမျှ လူတွေဟာ စိုးရိမ်စိတ် လျော့နည်းသွားပြီး လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှာသွားလာနေကြပါတယ်။
ရောဂါပိုးကို ထိန်းချုပ်နိုင်သွားတာမျိုး မဟုတ်တဲ့အတွက် လူတွေပြန်လည်သွားလာနေတာကို စိုးရိမ်မိတယ်လို့ အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ ကိုခန့်ထက်အောင်က ပြောပါတယ်။
"နောက်ဆုံးတွေ့တဲ့တစ်ယောက်ဆို ဘယ်မှမသွားထားဘူး ရောဂါပိုးတွေ့တဲ့သူနဲ့ ထိတွေ့မှုမရှိဘူး အဲလိုလူက ကူးစက်တယ်ဆိုတော့ လူတွေကြားထဲမှာ အများကြီးပြန့်နေပြီ အဲလိုပြန့်နေချိန်မှာ လူတွေက ဂရုစိုက်မှုလျှော့ သွားတာ ကြောက်ဖို့ကောင်းတယ် အိမ်မှာပဲဆက်ရှိနေသင့်တယ် အစိုးရက ဘာမှမဖြစ်တော့ဘူးလို့ မကြေ ညာမချင်း"
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများတဲ့နိုင်ငံတွေရဲ့ အတွေ့အကြုံအရ ရောဂါပိုးကူးစက်ခံရသူအများစုဟာ လူကောင်း အတိုင်းရှိနေကြပြီး လှုပ်ရှားသွားလာ မပြတ်နေနိုင်တာကြောင့် သူတို့ကတဆင့် ကူးစက်ခံရသူတွေ အများအပြား ရှိနေခဲ့တာကို တွေ့ရပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၁၄ အတွင်း ရောဂါလက္ခဏာမပြပဲ လူကောင်းအတိုင်း ရှိနေနိုင်တာကြောင့် ရောဂါကင်းစင်ပြီလို့ အစိုးရက မကြေညာမချင်း ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေဖို့ကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေက သတိပေးနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ လူနာအများစုဟာ ပြည်ပနိုင်ငံတွေက ပြန်လာ သူတွေဆီကနေ ကူးစက်ခံရတာကို တွေ့ရပါတယ်။ အဲဒီနောက် ပြည်ပရောက်နိုင်ငံသားတွေရော မြန်မာနိုင်ငံ လာရောက်မယ့် နိုင်ငံခြားသားဧည့်သည်တွေကိုပါ အစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်။
ဒါပေမဲ့ အခုမေလဆန်းကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်လာမယ့်သူတွေကို ပြန်လည်လက်ခံပြီ ၂၁ ရက်ကြာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာစေ လိုတယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
"လူတွေက အိမ်ထဲမှာ နေတာကြာတော့ ထွက်ချင်လာတာထင်ပါတယ်။ နဲနဲလေးလဲပေါ့လာတယ် ခပ်ပေါ့ပေါ့ တွေးလာတယ်။ ကျွန်တော်တို့ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း နေစေချင်တယ်။ ဒီရောဂါက အခုမှစဖြစ်တာ နိုင်ငံတိုင်းမှာဖြစ်နေတော့ ဒီနေရာဂါနဲ့ပတ်သက်ပြီး ဆေးမရှိသေးဘူး ကိုယ့်ရှေ့က ဖြစ်တဲ့တိုင်းပြည်တွေကို လေ့လာရတာပေါ့ ကျွန်တော်တို့ကတော့ စိတ်ပူတယ် အပြင်မထွက်စေချင်သေးဘူး။"
လူစုလူဝေးကိုရှောင်ဖို့၊ မလိုအပ်ပဲ အပြင်မထွက်ကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းကို မဖြစ်မနေတပ်ကြဖို့နဲ့ လက်ကို မကြာခဏဆေးကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။