တရားမဝင် နယ်စပ်ဖြတ်ပြန်လာသူများကို အရေးယူမည်မဟုတ်

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံကနေ ပြန်ဝင်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားဝင် ဝင်ရောက်လာတာဖြစ်ဖြစ်၊ တရားမဝင်ပဲ ဖြစ်ဖြစ် အားလုံးကို အကုန်လက်ခံပြီး အပြစ်ပေးမှာ မဟုတ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မဲ‌ဆောက်-မြဝတီနယ်စပ်မှာ ထိုင်းကနေပြန်လာတဲ့ မြန်မာတွေကို တွေ့ရစဉ် Photo: Kolin Nld
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံကနေ ပြန်ဝင်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားဝင် ဝင်ရောက်လာတာဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် အားလုံးကို အကုန်လက်ခံပြီး အပြစ်ပေးမှာ မဟုတ် တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေရပ်ပြန်လာမယ့် အလုပ်သမားတွေကို မြဝတီ ဂိတ်တစ်ခုတည်းကပဲ ဝင်ခွင့်ပေးထားတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ် နေကြောင်း အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ အလုပ်သမားတွေကို ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မေ ၁ ကနေစပြီး လက်ခံနေတာပါ။ ပြန်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ ပြန်လာရင်တောင် အရေးယူမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေ ၅ ရက်မှာ ကရင်၊ မွန်၊ တနင်္သာရီက ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးတဲ့အထဲမှာ ထည့်ပြောသွားတာပါ။

တရားမဝင်သွားပြီး ပြန်လာတဲ့အတွက် အရေးယူခံရမှာကို စိုးရိမ်ပြီး အသိမပေးရင် ပိုပြီးဒုက္ခများသွားနိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

“တရားဝင်သွားတာ မဟုတ်ဘဲနဲ့ တရားဝင်ပြန်ရောက်လာတာပါဆိုရင် အရေးယူမှာ စိုးရိမ်ပြီးတော့ အသိမပေး ဘူးဆိုရင် အန္တရာယ်ရှိနိင်တယ်။ ဒါက စောင့်ကြည့်ပေးလို့လည်းမရဘူး။ ကျန်းမာ‌ရေးအရ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာအောင်လုပ်လို့လည်းမရဘူး”

ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအလုပ်သမား ၄ သောင်းကျော်ရှိခဲ့ပါတယ်။ ဧပြီလ အတွင်းမှာတော့ လက်ခံတာတွေရပ်နားပြီး ဒီမေလမှာ ပြန်လက်ခံတာဖြစ်ပါတယ်။ ပြန်လာမယ့် မြန်မာအလုပ် သမား အရေအတွက်က ရှစ်သောင်းကနေ တစ်သိန်းခွဲလောက်ရှိလိမ့်မယ်လို့လည်း မြန်မာအစိုးရက ခန့်မှန်း ထားပါတယ်။

ပြန်လာမယ့်သူတွေကို ကရင်ပြည်နယ် မြဝတီမြို့ ချစ်ကြည်ရေးတံတားကနေသာ ပြန်ဝင်ခွင့်ပေးထားတာပါ။ နေရပ်ပြန်လာတဲ့ အလုပ်သမားတွေကို ကရင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ကြည့်ဖို့နေရာ စီစဉ်ထားပေမဲ့ သုံးထောင်ထက် ပိုများလာရင် ခက်ခဲနိုင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ကားတွေက အဆင်သင့်ရှိနေပါတယ်။ နှစ်ရက် သုံးရက်ရှိပြီ ကားတွေက စောင့်နေတာပါ။ အခုထိတော့ ဝင်မလာသေးဘူး။ ဝင်လာတဲ့ ဆယ်ဂဏန်းလောက်ကလည်း ကောင်းကောင်းစီမံလို့ ရပါသေးတယ်။ ရာဂဏန်းလည်းရသေးတယ်။ ထောင်ဂဏန်းမှာ သုံးထောင်လောက်ဆို အခက်ခဲရှိပါတယ်။”

ကရင်ပြည်နယ်မှာ စောင့်ကြည့်လူနာထားဖို့ မနိုင်ခဲ့ရင် မွန်ပြည်နယ်က ဝင်ကူညီရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်၊ သထုံ၊ ရေးမြို့နယ်တွေမှာ ကုသနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

“မော်လမြိုင်ဆေးရုံကြီးမှာဆိုရင် Ventilator စက် လေးခုရှိပါတယ်။ Video Ventilator ကလည်း တစ်ခုရှိပါတယ်။ ရေးမြို့နယ်မှာဆိုရင် BCR ဆရာဝန် လေးယောက်ရှိပါတယ်။ သထုံမြို့နယ်မှာလည်း ဆရာဝန်ရှိပါတယ်။ Ventilator ရှိပါတယ်။ ရေးမှာလည်း နှစ်ခုရှိပါတယ်။ ကိုဗစ်နဲ့ပတ်သက်လာရင် ကုသဖို့ ပြင်ဆင်ထားတာ ရှိပါတယ်။”

တနင်္သာရီတိုင်းမှာတော့ အရင်ကတရားဝင်နေရာဖြစ်ပေမဲ့ အခုပိတ်ထားတဲ့ ထီးခီး၊ မောတောင်၊ ကော့သောင်းမြို့ က ဝင်ပေါက်တွေကနေ တရားမဝင်ပြန်လာတဲ့သူတွေ ရှိနေပေမဲ့ လက်ခံထားတဲ့အကြောင်း ထိုင်းနိုင်ငံနဲ့ နယ် နိမိတ်ထိစပ်တဲ့ တိုင်းဒေသကြီးဖြစ်တာကြောင့် တရားမဝင်လာမယ့်သူတွေ များမှာကို စိုးရိမ်ပေမဲ့ ထင်ထား သလောက် မရှိတဲ့အကြောင်း တိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း စောင့်ကြည့်စင်တာ ၄၀၀ မှာ လူအယောက် ခြောက်ထောင်ထားနိုင်ဖို့ စီစဉ်ထားပြီး စောင်၊ ခြင်ထောင်တွေသာ ပံ့ပိုးပေးနိုင်ပေမဲ့ အစားအသောက်အတွက်ကို တိုင်းအစိုးရက ပံ့ပိုးနိုင်တာမရှိဘူးလို့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောပါတယ်။

“ခြောက်ထောင်ကျော်လောက် ဆောင်ရွက်တဲ့ကိစ္စတွေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ ခြင်ထောင်တို့၊ ခေါင်းအုံးတို့ စောင်တို့တွေကိုတော့ ဖြည့်ဆည်းပေးပါတယ်။ ကျန်တဲ့စားရေးသောက်ရေးကိုတော့ ခြောက်ထောင်ကျော်လုံးအတွက် ပံ့ပိုးပေးတာမရှိပါဘူး။ ကျန်တဲ့အလှူရှင်တွေ ပရဟိတအားတွေနဲ့ပဲ ဆောင်ရွက်နေတာရှိပါတယ်။”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာကြောင့် ထိုင်းနိုင်ငံမှာ ရပ်နားလိုက်ရတဲ့အလုပ်ရုံတွေကနေ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာအလုပ်သမားတွေရှိနေတာပါ။

မြန်မာအစိုးရက အလုပ်သမားတွေကို ပြန်လာကြဖို့သာ ပြောပေမဲ့ ထိုင်းနဲ့ဆက်စပ်တဲ့ တခြားတိုင်းဒေသကြီး ဝင်ပေါက်တွေကို ပိတ်ထားပြီး ကရင်ပြည်နယ် မြဝတီကနေ ဝင်ခွင့်ပြုတာဟာ မြန်မာအလုပ်သမားတွေအတွက် အခက်ခဲတော်တော်ဖြစ်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“အဓိကကတော့ ပြန်ချင်တဲ့၊ အလုပ်ပြုတ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မြန်မာပြည်ကို ပြန်ဖို့ အဆင်ပြေအောင် အဓိကအားဖြင့်တော့ မြန်မာအစိုးရပေါ့နော်။ မြန်မာအစိုးရက ထိုင်းအစိုးရနဲ့ညှိနှိုင်းပြီးတော့ ဆွေးနွေးသင့်တယ်။ အနည်းဆုံးတော့ နယ်စပ်ဂိတွေအားလုံးကို အမြဲမဟုတ်တောင် ဒီကာလမှာ ယာယီဖွင့်ပြီး လက်ခံသင့်တယ်လို့ ပြောချင်ပါတယ်။”

ထိုင်းနိုင်ငံ ရနောင်းနဲ့နီးစပ်တဲ့ တနင်္သာရီတိုင်းဘက်ကနေ ပြန်လာရင် တစ်နာရီလောက်ပဲ ကြာပေမဲ့ အခုပိတ် ထားတာကြောင့် အလုပ်သမားတွေက ထိုင်းနိုင်ငံက ခရိုင် ၁၀ ခုကို ၁၆ နာရီကြာအောင် ကားစီးရမယ့်အကြောင်း၊ မြဝတီကနေ ကော့သောင်းကို ပြန်လာမယ်ဆိုရင်လည်း နာရီ ၂၀ လောက်ကားစီးရမှာကြောင့် အချိန်ကြန့်ကြာတာ တွေဟာ အလုပ်သမားတွေအတွက် အင်မတန်ဒုက္ခရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြန်လာတဲ့သူတွေကို ကိုယ့်ဒေသ ကိုယ့်တိုင်း ကိုယ့်ပြည် နယ်ကို ပြန်လွှတ်တာဟာ တခြားတိုင်း၊ ပြည်နယ်ကလူတွေကို လက်မခံချင်လို့မဟုတ်ဘဲ ကရင်ပြည်နယ်မှာပဲ အကုန်ထားဖို့ နေရာအခက်ခဲရှိတာကြောင့် ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်ကို ပြန်ရောက်တဲ့အခါမှာလည်း ကောင်းမွန်တဲ့စောင့်ကြည့်နေရာမှာထားမှာဖြစ်ပြီး မိသားစုတွေနဲ့ နီးစပ်မှာဖြစ် တဲ့အကြောင့် စိတ်ခွန်အားရမှာဖြစ်တဲ့အကြောင်း၊ စောင့်ကြည်နေရာခက်ခဲလို့ အိမ်မှာထားပြီး စောင့်ကြည့်မယ် ဆိုရင်လည်း အဆင်ပြေမှာဖြစ်တယ်လို့ ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org