ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုများလာ
2024.02.23

ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး ထိုင်း - မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံဘက်ကို တရားဝင်ရော၊ တရားမဝင်ပါ မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှုများလာသလို ထိုင်းအာဏာပိုင်တွေကလည်း စစ်ဆေးမှုတွေ ပိုတင်းကျပ်ပြီး ဖမ်းဆီးမှုတွေပါ ပိုများလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ထိုင်းနိုင်ငံထဲ တရားမဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပြီးနောက်ပိုင်း ထိုင်းနယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်လာတာပါ။
"ခိုးဝင်လာတာ ပိုများလာတယ်။ အဖမ်းခံရတာ ပိုများလာတယ်”
ဖေဖော်ဝါရီ ၂၂ ရက်မနေ့ညကလည်း ထိုင်း - မြန်မာနယ်စပ် မဲဆောက်ကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး အဖမ်းခံလိုက်ရပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား စောင့်ကြည့်ရေးအဖွဲ့ K.T.G Helping Hands မန်နေဂျင်းဒါရိုက်တာ ကိုသားကြီး ကတော့ အခုရက်ပိုင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ များတာကြောင့် ဖမ်းဆီးခံရမှုလည်း များတယ်လို့ RFA ကို ပြောပါတယ်။
“မဲဆောက်က မနေ့ညနေတုန်းက နှစ်ဆယ်ကျော် ဖမ်းတယ်။ မနက်ပိုင်းစာရင်းတော့ ကျွန်တော် မရလိုက်ဘူး။ ၂၄ ယောက်ပေါ့။ နယ်စပ်မှာက ဒီရက်ပိုင်း တောက်လျှောက်ခိုးဝင်နေတာ။ ဒီဘက် (မဲဆောက်) မှာလည်း အထောက်အထား လုပ်လို့မရဘူး။ နောက် ပြည်တွင်းထဲမှာလည်း Passport (နိုင်ငံကူးလက်မှတ်) တွေ ဘာတွေ လုပ်ရတာလည်း ခက်ခဲတယ်။ အဲဒါကြောင့် ခိုးဝင်လာတာ ပိုများလာတယ်။ အဖမ်းခံရတာ ပိုများလာတယ်”
နှစ်ပတ်အတွင်းမှာပဲ ထိုင်းနိုင်ငံ၊ တာ့ချ်ခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား သုံးရာခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာလည်း မြန်မာနိုင်ငံသား နှစ်ဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) ကနေ ကူးလာသူတွေအနေနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ တင်းကျပ်တဲ့ စစ်ဆေးမှုကိုခံရတယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်က မဲဆောက်မြို့ကို ရောက်လာတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်က RFA ကို ပြောပါတယ်။
"အခု မဲဆောက်ကိုလာမယ်ဆိုရင် အရင်က လာဖူးတဲ့သူတွေကတော့ ပြဿနာမရှိဘူး၊ အစစ်အဆေးလည်း မရှိဘူး၊ ဒီအတိုင်း ပေးသွားတယ်ပေါ့၊ တကယ်လို့ အသစ်လာတဲ့သူတွေကတော့ မြန်မာပြည်ဘက်ကနေ ကမ်းကူးခွင့် လက်မှတ်လုပ်ပြီးလာရင်၊ ထိုင်းဘက်ကိုရောက်ရင် ထိုင်းရဲတွေက ဘယ်ကိုသွားမှာလဲ၊ ဘာသွားလုပ်မှာလဲ မေးတာတွေရှိတယ်၊ မဲဆောက်မှာ နေမယ်ဆိုရင် အာမခံပေးမယ့်သူရှိလားပေါ့၊ တကယ်လို့ရှိတယ်ဆိုရင် အဲဒီလူကို ဖုန်းဆက်ပြီးတော့ လာကြိုခိုင်းတယ်၊ ပြီးတော့ အဲဒီလာကြိုတဲ့သူရဲ့ ဖုန်းနံပါတ်ကို ထိုင်းရဲတွေက သိမ်းထားတယ်”
မဲဆောက်ကနေ မြန်မာဘက်ကို မပြန်သေးဘူးဆိုရင်လည်း အာမခံပေးထားတဲ့သူကို ထိုင်းရဲတွေက ဖုန်းဆက်အကြောင်းကြားသလို အာမခံပေးမယ့်သူ မရှိဘူးဆိုရင်တော့ ကမ်းကူးပေးတဲ့ ကားမောင်းသူတွေကို အာမခံကြေး ဘတ် ၁၃၀၀ (မြန်မာငွေကျပ် ၁၃၀၀၀၀ ခန့်) ပေးရတယ်လို့ ဆိုပါတယ်။
အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ရောက်လာသူတွေဟာ မဲဆောက်မြို့မှာ တစ်ပတ်နေထိုင်ခွင့်ရမှာဖြစ်ပြီး ဆက်နေမယ်ဆိုရင်တော့ အထောက်အထားမဲ့ နေထိုင်သူတွေလို့ သတ်မှတ်ခံရမှာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးကတော့ မဲဆောက်မှာ တစ်ပတ်နေထိုင်ခွင့်ရပြီးနောက် ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို အတင်းအကျပ်ပြန်ပို့တာတွေ ရှိလာတယ်လို့ RFA ကို ပြောပါတယ်။
“မြဝတီက ကလေးတွေပဲ။ ခုနစ်ရက် သွားတယ်။ တုံးထုပြီး သွားတယ်။ ပြည့်သွားရင် ပြန်လာထုပြီး နေလို့ရတယ်။ အဲဒါကို အခုက ခုနစ်ရက်ပြည့်ပြီးရော မြဝတီကို ပြန်ပို့လိုက်တယ်။ လူငယ်တွေပေါ့။ လူငယ်တွေကို တံတား (၁) ကနေ ဖြတ်လို့ရှိရင် အရမ်းစိစစ်တယ်”
အဲဒီတံတားကနေ မလာရဲသူတွေကတော့ သောင်ရင်းမြစ်တစ်လျှောက် နယ်ခြားစောင့်ရဲတွေရဲ့ နေရာတွေကိုရှောင်ပြီး သောင်ရင်းမြစ်ကိုဖြတ် မဲဆောက်မြို့ဆီ သွားကြတယ်လို့ ဆိုပါတယ်။
အဲလိုရောက်လာဖို့ ပွဲစားတွေကို ဘတ် ၁၅၀၀ (မြန်မာငွေကျပ် တစ်သိန်းခွဲခန့်) ပေးရတယ်လို့ မဲဆောက်ရောက် မြန်မာတချို့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာရောက် မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) စည်းရုံးရေးမှူး ဒေါ်စန်းစန်းကတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ထိုင်းဘက်ကို တရားမဝင်ရွှေ့ပြောင်းမှု များလာတာလို့ RFA ကို ပြောပါတယ်။
“စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ လူငယ်တော်တော်များများ ဒီဘက် (မဲဆောက်) ကို ကူးလာကြတယ်။ အဲဒီလို ကူးလာတဲ့အခါ သူတို့က တရားဝင် မဟုတ်ဘဲ အောက်လမ်း (တရားမဝင်) လာတာတွေ မြင်နေရတယ်။ အဲဒီမှာမှ အဆင်ပြေပြေ ရောက်လာသူတွေရှိသလို၊ နယ်စပ်တွေမှာ ဖမ်းဆီးခံရတဲ့ အခြေအနေမျိုးလည်းရှိတယ်”
စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းလာကြတဲ့ အမျိုးသမီးအများစု အပါအဝင် မြန်မာနိုင်ငံသား လေးဆယ်ကျော် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စွန်စမ်မရမ်မြို့မှာ ဖမ်းဆီးခံထားရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ (FED) က ဖေဖော်ဝါရီ ၂၀ ရက်မှာ အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ရောက်သွားရသူတွေကို ဘယ်လိုအကူအညီတွေပေးမလဲ ဆိုတာသိရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
ဒါ့အပြင် ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကိုလည်း RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။